လစာ သိန်းဆယ်နဲ့ချီရတဲ့ ဂျပန်နိုင်ငံ အလုပ်များအတွက် လစဉ် မြန်မာလုပ်သား ၅၀၀ ခန့်ခေါ်ယူနေ

မြန်မာလုပ်သားများကို ဂျပန်နိုင်ငံရှိ စက်ရုံများနှင့်ကုမ္ပဏီများက အလုပ်ခေါ်ယူမှု များပြားလာသဖြင့် လက်ရှိ ဂျပန်နိုင်ငံသို့ တစ်လလျှင် မြန်မာလုပ်သားဦးရေ ၁၀၀ မှ ၅၀၀ ၀န်းကျင် တရားဝင်စေလွှတ်နေရကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရပါတယ်။

ဂျပန်နိုင်ငံသို့ လုပ်သားစေလွှတ်ရာတွင် တိကျသေချာမှုများရှိပြီး လုပ်ခလစာကောင်းသည့်အပြင် လုပ်ငန်းရှင်များကပါ မြန်မာလုပ်သားများကို အလုပ်ခန့်လိုကြသည့်အတွက် ယခုလအတွင်း အလုပ်ခေါ်ယူမှုများကြောင်း စကစ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွှန့်ဝင်းက ပြောကြားထားပါတယ်။

ဂျပန်နိုင်ငံမှလုပ်သားခေါ်ယူရာတွင် အလုပ်ကမ်းလှမ်းစာများကို စကစ လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ပေးပို့ပြီး မြန်မာ-ဂျပန် နှစ်နိုင်ငံတရားဝင်အသိအမှတ်ပြုထားသော လိုင်စင်ရ လုပ်သားစေလွှတ်ရေးအဖွဲ့များက စနစ်တကျ စိစစ်စေလွှတ်ပေးနေခြင်း ဖြစ်ကြောင်း သိရပါတယ်။

ဂျပန်ကုမ္ပဏီများမှ ပေးပို့လာသော လုပ်သားခေါ်ယူသည့် ကမ်းလှမ်းစာများကို မြန်မာသံရုံးက စိစစ်ပြီး လုပ်သားခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများနှင့် ပတ်သက်သော စာရွက်စာတမ်းအထောက်အထားများ၊ စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို စကစ လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပေးပို့ကြောင်း သိရပါတယ်။

မြန်မာလုပ်သားများအနေဖြင့် ဂျပန်နိုင်ငံတွင် တရားဝင်အလုပ်သွားရောက်လုပ်ကိုင်လိုပါက သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်၊ ခရိုင်တို့ရှိ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင် စုံစမ်းနိုင်ပြီး သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရပါတယ်။

ကိုဗစ်ကာလ လွန်မြောက်ပြီး စီးပွားရေး ပြန်လည်တည်ဆောက်ချိန်တွင် လုပ်သား အင်အားများစွာ လိုအပ်တာကြောင့် ဖွွံ့ဖြိုးပြီးနိုင်ငံများက ပြည်ပလုပ်သားများကို အများအပြား ခေါ်ယူနေကြပါတယ်။

မြန်မာလုပ်သားတွေအနေနဲ့ သင်လွယ်တတ်လွယ်ခြင်း၊ အလုပ်ကြိုးစားခြင်း၊ ဈေးပေါခြင်းတို့ကြောင့် ဖွံ့ဖြိုးပြီး နိုင်ငံများက ခေါ်ယူရန် စိတ်ဝင်စားနေကြပါတယ်။ လက်ရှိအချိန်မှာ မြန်မာ့စီးပွားရေး ပြိုလဲမှုကြောင့် အလုပ်အကိုင် ရှားပါးပြီး ငွေဝင်လျော့ကျလာတာကြောင့် မြန်မာလူငယ်တွေ အနေနဲ့ နိုင်ငံခြားကို သွားရောက်လုပ်ကိုင်မှုများ ပိုမိုများပြားလာပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page