နွေစပါးတင်း ၁၀၀ ရှစ်သိန်းဈေးသို့ ရောက်ရှိ (မြန်မာ့ဆန်ဈေး သေချာပေါက် တက်ပါပြီ)

ဧရာဝတီတိုင်းဒေသကြီးတွင် ယခုမေလအတွင်း နွေစပါးတင်း ၁၀၀ လျှင် ငွေကျပ် ရှစ်သိန်းအထိ စျေးကောင်းရရှိနေကြောင်း ပုသိမ်မြို့နယ်ရှိ ဆန်စပါးရောင်းဝယ်ရေးကုန်သည်ဆီကနေ သိရပါတယ်။

“အခုက စပါးကုန်သည်တွေကိုယ်တိုင် နွေစပါးရိတ်တဲ့နေရာအထိ လာဝယ်ကြတာ မေလဒုတိယအပတ်ကစပြီး ဒီနေ့အထိကို နွေစပါးတင်း ၁၀၀ ကို ငွေကျပ် ရှစ်သိန်းလောက်စျေးရနေတယ်။ မိုးစပါးတွေပေါ်တဲ့ အချိန်တုန်းကလဲ တင်း ၁၀၀ ကို ရှစ်သိန်းလောက် စျေးကောင်းရခဲ့သေးတယ်။ အခုအဝယ်များတာကတော့ ရန်ကုန်စျေးကွက်အတွက် ကုန်သည်တွေဝယ်တာများတယ်”လို့ ပုသိမ်မြို့နယ်ရှိ ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ယခုမေလသည် နွေစပါးများပေါ်တဲ့ ကာလဖြစ်ပြီး ဆင်းသုခ၊ ပခန်း၊ သီးရင်း၊ မှော်ဘီစသောစပါးများမှာ တင်း ၁၀၀ လျှင် ငွေကျပ် ရှစ်သိန်းအထိ စျေးကောင်း ရရှိနေတာ ဖြစ်ပါတယ်။

နွေစပါးအသစ်များကို ရန်ကုန်စျေးကွက်မှ ဝယ်ယူမှုများပြားနေခြင်းကြောင့် စျေးကောင်းရရှိခြင်းဖြစ်ပြီး နေ့စဉ် နွေစပါးတင်း ၈၀၀ မှ ၁၅၀၀ အထိ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီးတွင် ကန်ကြီးထောင့်မြို့နယ်၊ ပုသိမ်မြို့နယ်၊ လပွတ္တာမြို့နယ်၊ မအူပင်မြို့နယ်၊ ဇလွန်မြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဘိုကလေးမြို့နယ်၊ ညောင်တုန်းမြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်စသော မြို့နယ်များမှ ထွက်ရှိသော စပါးများမှာ စျေးကောင်းရရှိကြောင်း သိရပါတယ်။

စပါးဈေးကောင်းရနေတဲ့ သတင်းကို ရုတ်တရက် ကြည့်လိုက်ရင် တောင်သူလယ်သမားတွေ အတွက် ဝမ်းသာဖို့ကောင်းတဲ့ သတင်း ဖြစ်နေပေမယ့်လည်း တကယ်တမ်းတော့ နှစ်ဦးနှစ်ဖက် ဝမ်းနည်းဖွယ် သတင်းဖြစ်ပါတယ်။

တောင်သူလယ်သမားတွေက စပါးစိုက်ရာမှာ သွင်းအားစုလို့ ခေါ်တဲ့ ဓာတ်မြေဩဇာ၊ စက်သုံးဆီနဲ့ တခြား ကုန်ကျစရိတ်တွေ အားလုံး ၃ ဆကနေ ၄ ဆနီးပါး တက်နေလျက် ရှိပါတယ်။ လက်ရှိထက်လည်း ဆက်တိုက်နိုင်ချေ ရှိပါတယ်။

မြန်မာ့ငွေကြေးဟာ ဖောင်းပွမှုနှုန်းထား အင်မတန်များပြားနေတာကြောင့် ပုံမှန်ထက် စပါးဈေး ပိုရနေသကဲ့သို့ ဖြစ်နေတာပါ။ တနည်းအားဖြင့် စဉ်းစားကြည့်ရင် စပါးဈေးတက်မယ်ဆိုရင် ဆန်ဈေးကလည်း သေချာပေါက် လိုက်တက်မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ စက်သုံးဆီဈေး၊ စားအုန်းဆီဈေးတွေ တက်နေပြီး အထွေထွေကုန်ဈေးနှုန်းတွေ တက်နေတာကြောင့် ပြည်သူတွေရဲ့ အဓိက အားထားရာ ဆန်သာ ဈေးတက်သွားမယ်ဆိုပါက ဝင်ငွေလျော့နည်းနေတဲ့ အခြေခံလူတန်းစားတွေ အကြီးအကျယ် ကျပ်တည်းသွားမှာ ဖြစ်ပါတယ်။

တောင်သူလယ်သမားကြီးတွေလည်း ပြည်သူထဲက ပြည်သူပဲဖြစ်တာကြောင့် ကုန်ဈေးနှုန်းတက်တဲ့ ဒဏ်ကို ခါးစည်း ခံနေရပါတယ်။ စပါးဈေးတက်လို့ ဆန်ဈေးတက်၊ ဆန်ဈေးတက်လို့ ကုန်ဈေးနှုန်း ထပ်တက်ရင် ပြည်သူတွေ ပိုမိုထိခိုက်ကြမှာပဲ ဖြစ်ပါတယ်။

မြန်မာ့စီးပွားရေး ပြိုလဲမှု အချိန်ကြာလာလေလေ စကစရဲ့ စီးပွားရေး ဆေးမြီးတိုတွေ တခုပြီး တခု ကျရှုံးနေပြီး ပြည်သူတွေအနေနဲ့လည်း ဝင်ငွေလျော့ပြီး ထွက်ငွေ ပိုများလာတဲ့ အဖြစ်တွေကို ထပ်မံကြုံတွေ့ရမှာ ဖြစ်ကြောင်း သုံးသပ်လိုက်ရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page