စကစ ကျောင်းတက်တဲ့ ကလေးတွေကို အတန်းပိုင်ဆရာမတွေက ကျူရှင် အတင်းတက်ခိုင်းနေ

အာဏာသိမ်းစစ်ကောင်စီက ဖွင့်လှစ်တဲ့ အခြေခံပညာစာသင်ကျောင်းတွေကို ကျောင်းအပ်သူအများဆုံးဖြစ်တဲ့ ဧရာဝတီတိုင်းမှာ ကလေးတွေကို သူငယ်တန်းကစတင်ကာ ကျူရှင်အပ်နှံနေရတယ်လို့ သိရပါတယ်။

စာသင်ကျောင်းတွေမှာ ကျောင်းအပ်တဲ့အခါ ပိုက်ဆံပေးရတာမျိုး မရှိပေမယ့် အတန်းပိုင်ဆရာ ဆရာမတွေက မဖြစ်မနေကျူရှင်ထားဖို့ ဖိအားပေးတာမျိုးတွေရှိတာကြောင့် ကျူရှင်ကို ကျောင်းစဖွင့်ချိန်ထဲက ထားနေရတယ် လို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။

“သူငယ်တန်း ဂရိတ်ဝမ်းလား ဘာလားသေချာမသိဘူးဗျ ကျောင်းအပ်တာတော့ ပိုက်ဆံမကုန်ဘူးဟုတ်တယ် ဒါပေမယ့် အတန်းပိုင်ဆရာမက သူ့ဆီမှာ ကျူရှင်အပ်ရမယ်ပြောလို့ ကလေးကို ထားရတယ် ပိုက်ဆံကို ရတဲ့နည်းနဲ့ ယူတာပေါ့”လို့ ပြောပါတယ်။

စစ်ကောင်စီက အခြေခံပညာစာသင်ကျောင်းတွေကို ဇွန်လ ၂ ရက်နေ့ကစတင်ကာ ပြန်လည်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး ဆရာ ဆရာမတွေကို ပိုက်ဆံမတောင်းဖို့ ထိန်းချုပ်ထားတာကြောင့် နောက်ကွယ်မှာကျူရှင်ပြဖို့ မိဘတွေကို ဖိအားပေးပြောဆိုနေတာလို့ ဆိုပါတယ်။

သူငယ်တန်းကစတင်ကာ ဒသမတန်းထိ အတန်းပိုင်ဆရာ ဆရာမတွေက ကျူရှင်ပေးနေတာရှိပြီး သူငယ်တန်း ကျောင်းသားအတွက် ၁ လ ကျူရှင်လခကို ၃ သောင်းတောင်ပြီး အတန်းလိုက် ကျူရှင်ခမှာ ပိုကြီးလေ့ရှိတယ် လို့ သိရပါတယ်။

ဧရာဝတီတိုင်းမှာ ကျောင်းမအပ်တဲ့ ကလေးတွေကို စာရင်းလိုက်ကောက်ပြီး မိဘတွေကို အရေးယူမယ်ပြောဆို ခြိမ်းခြောက်တာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ စစ်ကောင်စီ ဩဇာခံ ရဲတပ်ဖွဲ့၊ ထွေအုပ်နဲ့ သတင်းပေးတွေပူးပေါင်းကာ စာရင်းကောက်ခံနေတာဖြစ်ပြီး အရေး ယူမယ်ဆိုကာ ခြိမ်းခြောက်တဲ့ သတင်းလွှင့်ထားတာလို့ ဒေသခံတဦးတွေ ပြောပါတယ်။

“စာရင်းကတော့ တချို့ရပ်ကွက်တွေမှာ လိုက်ကောက်နေတာဟုတ်တယ် ကြံဖွတ်ကကောင်တွေလည်း ပါတယ် သိတဲ့အတိုင်း မတက်တဲ့ ကလေးမိဘတွေကို အရေးယူမယ်ဆိုပြီး မကြားတကြားပြောသွားတာ အဲ့ကောင်တွေက တကယ်စာထဲမှာတော့ အဲ့လိုမျိုးမပါဘူး”လို့ ပုသိမ်မြို့ခံတဦးက ပြောပါတယ်။

စစ်ကောင်စီကပြန်ဖွင့်တဲ့ အခြေခံပညာစာသင်ကျောင်းတွေမှာ ကျောင်းအပ်တဲ့ဦးရေဟာ ဧရာဝတီတိုင်းက ၉ သိန်းကျော်နဲ့ အများဆုံးဖြစ်နေပေမယ့် ဝန်ကြီးချုပ်က နာမည်ကောင်းရချင်လို့ ခုလိုမျိုး ကျောင်းအပ်ဖို့ကျန်နေ တဲ့ ကလေးတွေရဲ့ မိဘတွေကို လိုက်လံဖိအားပေးနေတာလို့ ဆိုပါတယ်။

စစ်ကောင်စီက ပြန်ဖွင့်တဲ့ စာသင်ကျောင်းကို ၂၀၂၂ ခုနှစ်အတွင်း ကျောင်းအပ်တဲ့ ကျောင်းသား ကျောင်းသူ ဦးရေ ၅၂ သိန်းကျော်ရှိတယ်လို့ စစ်ကောင်စီပြန်ကြားရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ကျောင်းလာတက်သမျှ ကလေးတွေကို အချိန်ပြည့် စာမသင်နိုင်ဘဲ တပတ် ၂ ရက်ခန့်သာ သင်နိုင်မယ့် အနေအထားဖြစ်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page