အိမ်စီးကားနဲ့ လာတဲ့သူတွေကို ဇီးရိုးမိုင်မှာ ကိုဗစ် လုံးဝ မစစ်ပေးဟုဆို
အိမ်စီးကားနဲ့ လာတဲ့သူတွေကို ဇီးရိုးမိုင်မှာ ကိုဗစ် မစစ်ပေးဟုဆို
ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးရဲ့ ရန်ကုန်ကအထွက် ဇီးရိုးမိုင်မှာ အိမ်စီးကားတွေ နဲ့ ခရီးသွားမယ့် သူတွေကို ကိုဗစ် စစ်ဆေးပေးတာမရှိဘူးလို့ ရန်ကုန်တိုင်း ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာန က ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောပါတယ်။
ဇီးရိုးမိုင်မှာ စစ်ဆေးပေးတာက ကုန်တင်ယာဉ်မောင်းနဲ့ ယာဥ်နောက်လိုက်တွေကိုသာ စစ်ဆေး ပေးနေတာပါ။ ဒီလိုစစ်ဆေးပေးနေတာဟာလည်း ကုန်စည်စီးဆင်းမှု မပြတ်တောက်ဖို့နဲ့ လွယ်ကူချောမွေ့စေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ပြည်တွင်းလေကြောင်းလိုင်းတွေနဲ့ ခရီးသွား မယ့်သူတွေကို ကိုဗစ် ရှိ မရှိ စစ်ဆေးပေး နေတာဖြစ်ပြီး အိမ်စီးကားနဲ့ ခရီးသွားမယ့်သူတွေကို ဆေးစစ်ပေးတာမျိုး လုံးဝမရှိဘူးလို့ဆိုပါတယ်။
ဇီးရိုးမိုင်မှာ ဆေးစစ်ဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက အွန်လိုင်းကနေ ဖောင်တင်ရတဲ့စနစ်ကို ပြုလုပ်ခဲ့ရာမှာ ကုန်တင်ကားတွေအပြင် အိမ်စီးကားတွေ နဲ့ခရီးသွားမယ့်သူတွေကပါ လျှောက်ထားပြီး လာရောက်ခဲ့တာတွေ ဖြစ်ပေါ်ခဲ့တာပါ။
ဒါကြောင့် အဲဒီနေရာမှာ ကုန်တင်ယာဉ်မောင်းနှင်သူတွေနဲ့ ယာဉ်နောက်လိုက်တွေကိုသာ စစ်ဆေးပေးနေပြီး၊ တန်းစီတဲ့ စနစ်ကိုသာ ဆက်လက်အသုံးပြုနေကြောင်းလည်း သိရပါတယ်။
ဇီးရိုးမိုင်မှာ တစ်နေ့ကို ဦးရေ ၃၀၀ လောက် ဆေးစစ်ရာမှာ အရင်ကတော့ ပိုးကူးစက်ခံရသူတွေ ကိုတွေ့ရှိရပေမယ့် ဒီလ ဇန်နဝါရီလအတွင်းမှာတော့ ပိုးကူးစက်ခံရသူ မတွေ့ရတဲ့နေ့တွေတောင် ရှိလာတယ်လို့ဆိုပါတယ်။