ဓမ္မဒူတ ရှင်ဆေကိန္ဒ စစ်ကိုင်းသို့ ကြွလာပြီဆိုတဲ့ ဓာတ်ပုံအတုများ အွန်လိုင်းပေါ် ပျံ့နှံ့နေ

ယနေ့ လူမှုကွန်ယက်မှာ လူပြောများတဲ့ ဖြစ်ရပ်တခုကတော့ ဓမ္မဒူတ ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ စစ်ကိုင်းကို ကြွပြီဆိုတဲ့ ဓာတ်ပုံများအကြောင်းပဲ ဖြစ်ပါတယ်။

မည်သည့်နေရာက စတင်ပြီး ပျံ့နှံ့လာတယ်လို့ ခြေရာခံလို့ မရဘဲ လူမှုကွန်ယက်တွေပေါ်မှာ လူအများအပြားက မျှဝေပြီး ဝေဖန်မှုတွေ ဖြစ်ပွားလျက်ရှိပါတယ်။ အဆိုပါ ဓာတ်ပုံများကို စစ်ဆေးကြည့်ရာမှာတော့ ကွန်ပျူတာဖြင့် ဖိုတိုရှော့ဆော့ဖ်ဝဲလ်ကို အသုံးပြုကာ ပြုပြင်ထားတာကို တွေ့ရပါတယ်။

ဓာတ်ပုံထဲမှာ ရှင်ဆေကိန္ဒနဲ့ ကယ်ဆယ်ရေးဝတ်စုံ ဝတ်ထားကြသူများက စစ်ကိုင်းတိုင်းမှ မီးလောင်ပြင်များကို သွားရောက် ကြည့်ရှုနေကြတာ ဖြစ်ပါတယ်။ အမှန်မှာတော့ အမရပူရ တာပေါင်ကျိုးတုန်းက ရှင်ဆေကိန္ဒ သွားရောက် ကြည့်ရှုတဲ့ ပုံများကို ဖြတ်တောက်ပြီး စစ်ကိုင်းမီးလောင်ပြင်ပုံများမှာ သွားထည့်ထားတာ ဖြစ်ပါတယ်။

ဆရာတော် ရှင်ဆေကိန္ဒအနေနဲ့ မည်သည့် မီးလောင်ပြင်ကိုမှ သွားရောက်ခြင်း မရှိကြောင်း၊ လက်ရှိအချိန်တွင် လုံခြုံသည့်နေရာတွင် ရှိနေကြောင်း၊ စကစက ပင့်ဖိတ်သည့် ဆွမ်းကပ်ပွဲ၊ ထီးတင်ပွဲများမှအပ တခြား မည်သည့် ပွဲတွေကိုမှ ကြွရောက် ချီးမြှင့်ခြင်း မရှိဘူးလို့ ယုံကြည်စိတ်ချရတဲ့ ရင်းမြစ်ကနေ သတင်း ရရှိပါတယ်။

ယနေ့မနက်မှာပဲ ဆရာတော် ဖွင့်လှစ်ခဲ့ ဓမ္မဒူတ သင်တန်းမှ သင်တန်းသား မောင်မယ်များက ဆရာတော် ဒေါက်တာ ရှင်ဆေကိန္ဒအနေနဲ့ စကစက ရွာတွေကို မီးရှို့နေခြင်းအပေါ် တားမြစ်ပေးဖို့ တောင်းပန်စာ တစောင် ထွက်ရှိခဲ့ပါတယ်။

အဆိုပါ တောင်းပန်စာနဲ့ ပတ်သက်ပြီးလည်း ဆရာတော်က တခွန်းမျှ မမိန့်ကြားသေးဘူးလို့ သိရပါတယ်။ ဆရာတော်အနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ သတင်းတွေနဲ့ အဆက်ပြတ်နေတာလား ဒါမှမဟုတ် သာသနာပြုရေးကိုပဲ ဇောက်ချ လုပ်ကိုင်တော့မှာဖြစ်လို့ လောကီအရေးတွေကို ဝင်ပါချင်စိတ် မရှိတော့ဘူးလား၊ အကြောင်းတခုခုကြောင့်လား ဆိုတာတော့ ဆရာတော် ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။

ယနေ့ခေတ်တွင် နည်းပညာများနဲ့ ပြုပြင်ထားတဲ့ ဓာတ်ပုံများကို အွန်လိုင်းပေါ်တွင် ဖြန့်ဝေလျက် ရှိသောကြောင့် လူမှုကွန်ယက် အသုံးပြုသူများအနေနဲ့ ချင့်ချိန်စဉ်းစားပြီးမှ လက်ခံယုံကြည်သင့်ပါကြောင်း တိုက်တွန်းလိုက်ပါတယ်။ ဓမ္မဒူတ ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒကတော့ လက်ရှိအချိန်ထိ သူ့မွေးဇာတိ စစ်ကိုင်းတိုင်းကို လုံးဝ မကြွရောက်သေးတဲ့ သတင်းကတော့ သေချာတယ်လို့ သိရှိရပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page