စျေးသက်သာတဲ့ ပုဂ္ဂလိကကျောင်းအများစု ပျောက်ကွယ်သွားမယ့် မြန်မာပြည်က ကိုဗစ်ရိုက်ချက်
ပုဂ္ဂလိက ကျောင်းတစ်ကျောင်းက ကျောင်းမဖွင့်ဘဲနဲ့ လစာတွေတောင်းလို့ဆို ဒီနေ့ပြဿနာတွေတက်နေတယ်။ ကျနော်ကတော့ ကိုယ်ချင်းစာတယ်။
ကျောင်းတွေဟာ ပိတ်ထားလို့ဆိုပြီး ဆရာတွေကို လစာမပေးလို့မရပါဘူး။ ဆရာတွေဖက်ကို လုံးဝမငဲ့ဘဲ လစာမပေးရအောင် ထုတ်လိုက်ရင် နောက်အသစ်ပြန်ခန့်တဲ့အခါ အားလုံး လူသစ်တွေဖြစ်ပြီးတော့ သင်တာကျွမ်းကျင်ပြီး တော်တဲ့ဆရာတွေ တန်းရမှာမဟုတ်ပါဘူး။
ဒီလို သင်တတ်တဲ့ ဆရာတွေရဖို့ဆိုတာ အများကြီး လေ့ကျင့်ပေးရသေးသလို အဆင်မပြေတဲ့ ဝန်ထမ်းတွေကို ထုတ်လိုက် အသစ်ပြန်ခန့်လိုက်နဲ့ အချိန်တွေအများကြီးပေးပြီး ရွေးချယ်ရသေးတာပါ။ ဒီတော့ ဆရာတွေကို ဘယ်သူမှ မထုတ်ချင်ပါဘူး။ ဆရာမှမဟုတ်ဘူး ဘယ်လုပ်ငန်းမှ ဝန်ထမ်းတွေကို ဖြစ်နိုင်ရင်မထုတ်ချင်ပါဘူး။
ဒီလို ဝင်ငွေလဲမရှိ ကျောင်းလဲ မဖွင့်ရတဲ့အချိန်မှာ ဝန်ထမ်းဆရာတွေအများကြီးကို အလကား လစာ ပေးထားနိုင်ဖို့ဆိုတာ တကယ်ကြီးမလွယ်တာ စီးပွါးရေးလုပ်သူတစ်ယောက်အနေနဲ့ အပြည့်အဝနားလည်ပါတယ်။
ဆရာ အယောက် ၃၀ ရှိရင် တစ်ယောက် ၃ သိန်းဆို တစ်လ သိန်း ၉၀၊ ၆ လ ဆို သိန်း ၅၄၀ ဒါတောင် တခြား ခြံငှါးခတွေဘာတွေ ဘာမှကို မထည့်မတွက်သေးတာ။ တကယ်ကြီးကို မလွယ်ပါဘူး။
အစိုးရရဲ့ ကိုဗစ် ချေးငွေလား… ၁ နှစ်ကျော်လောက် အလကား လစာပေးထားနိုင်လောက်အောင် လောက်ငအောင်ရပါစေအုံး မလွယ်ပါဘူး။ လောက်ငအောင် ရခဲ့ရင်တောင် ပြီးရင် ပြန်ဆပ်ရမှာနော်၊ အစိုးရက စိုက်ပေးလိုက်တာမဟုတ်ဘူး။ ဘယ်ကပိုက်ဆံနဲ့ ပြန်ဆပ်မှာလဲ။ ဝင်ငွေမှ မရှိလို့ ဒုက္ခရောက်နေတာကို..
မိဘတွေဖက်ကကြည့်တော့လဲ ကျောင်းမဖွင့်ဘဲ လစာမပေးချင်ဘူး။ သူတို့လဲ စီးပွါးရေးပြဿနာတက်နေတဲ့သူတွေ အများစုကို အစိုးရကျောင်းတွေကတော့ အစိုးရက လစာပေးနေတယ်လေ။ ပိတ်ထားလဲ အရမ်းအရေးတကြီးမဟုတ်သေးဘူး။
ခုတော့ ကျောင်းက ကာကွယ်ဆေးမှ မထွက်ရင် မဖွင့်ရဘူးလိုလို လေသံပစ်နေတယ်။ တကယ်သာအဲ့လိုလုပ်ခဲ့ရင် အရမ်းအမြတ်တင်ထားတဲ့ ဈေးကြီးတဲ့ကျောင်းအချို့ကလွဲလို့ သက်သက်သာသာနဲ့ ရအောင်လုပ်ပေးထားတဲ့ ပုဂ္ဂလိကကျောင်းအများစု ပြုတ်မှာပဲ။ (ဒေါက်တာကျော်ကျော်စိုင်း)