သမိုင်းထဲက အမေ့လျော့ခံ သီပေါမင်းသားတော်ကြီးနဲ့ ထူးဆန်းတဲ့ ကံကြမ္မာအလှည့်အပြောင်း
ကုန်းဘောင်ခေတ် နောက်ဆုံးဘုရင် သီပေါမင်းရဲ့ ကြင်ယာတော် မိဖုရားခေါင်စုဖုရားလတ်ဟာ သမီးတော်မိန်းကလေးတွေပဲ မွေးဖွားခဲ့တာမဟုတ်ပါဘူး။ သီပေါမင်းနန်းတက်ပြီး ၁နှစ်ကျော်အကြာမှာ သူ့ရဲ့ ကြင်ယာတော် စုဖုရားလတ်မိဖုရားကြီးဟာ ပထမဦးဆုံးသားတော်မွေးဖွားခဲ့ပါတယ်။
သားတော်လေးကို “ရွှေကိုယ်တော်ကြီး” ဆိုတဲ့အသုံးအနှုန်း အခေါ်အဝေါ်ကို ခေါ်ဆိုရပါတယ်။ အခုလိုမျိုး ဖြစ်ရပ်ဟာ တော်တော်ဖြစ်ခဲတဲ့ ကိစ္စတရပ်လို့ ဆိုရင်ရပါတယ်။ အကြောင်းကတော့ ဒီ “ရွှေကိုယ်တော်ကြီး “ဆိုတဲ့အသုံးအနှုန်း ခေါ်ဝေါ်ဖို့ကို ဒီကလေးရဲ့ ဖခင်ဟာ လက်ရှိဘုရင်ဖြစ်ရပါမယ်၊ မိခင်ဟာလည်း မိဖုရားခေါင်ကြီး ဖြစ်ရပါမယ်၊ နောက်ပြီး ပထမဦးဆုံးမွေးဖွားတဲ့ သားတော်လည်းဖြစ်ရပါမယ်။
ဒီလိုအချက်တွေနဲ့တိုက်ဆိုင်ဖို့ဟာ ခက်ခဲတဲ့အတိုင်းပဲ ကုန်းဘောင်မင်း (၁၁)ဆက်လုံးမှာ မိဖုရားခေါင် စုဖုရားလတ်ရဲ့ သားတော်ကြီး တပါးသာ အထင်အရှားတွေ့ရပါတယ်။ ဒီလို အချက်တွေနဲ့ပြည့်စုံတဲ့ သားတော်ဖြစ်ခဲ့ပေမယ့် သားတော်လေး ၆လသားအရွယ်မှာ အစောင့်အကြပ်ထူထဲပြီး စည်းကမ်းတင်းကြပ်လှတဲ့ နန်းတော်ကြီးမှာ ကျောက်ရောဂါ ကူးစက်ခံခဲ့ရပါတယ်။
ဒီကျောက်ရောဂါဟာ မိဖုရားခေါင်ကြီး စုဖုရားလတ်ရဲ့ ချစ်လှစွာသော သားတော်မောင်ရဲ့ အသက်ကို ခေါ်ဆောင်သွားခဲ့ပါတယ်။ ခုဖြစ်ရပ်ဟာ ကံတရားလှည့်ကွက်ပေလား၊ တပါးသူရဲ့ ပယောဂ ပါသလား ဆိုတာဟာလဲ ပဟေဠိ သဖွယ်ထူးဆန်းပါတယ်။
သူ့(စုဖုရားလတ်)ရဲ့ ဘွားတော်ဖြစ်တဲ့ နန်းမတော်မယ်နုမှာလည်း အလားတူ သားတော်တပါးဖွားမြင်ခဲ့ပြီး ၇ နှစ်သားအရွယ်မှာ ကျောက်ရောဂါနဲ့ပဲ ကွယ်လွန်ခဲ့ဘူးပါတယ်။ နောက်ပြီး သူ့(စုဖုရားလတ်) ရဲ့မယ်တော် ဆင်ဖြူမရှင် မိဖုရားကြီးဟာလည်း သားတော်တပါးဖွားမြင်ခဲ့ပြီး ၆နှစ်သားအရွယ်မှာ အဖျားရောဂါနဲ့ပဲ ကွယ်လွန်ခဲ့ရပြန်ပါတယ်။
ထူးဆန်းတဲ့ ကံတရားဟာ ဒီမိဖုရားကြီး သုံးပါးကိုပဲ အာဏာဒါးထက်ခွင့်ပေးခဲ့ပြီး သူတို့ရဲ့ အစွယ်အပွားတွေကို ရှင်သန်ခွင့်မပေးခဲ့တာကို ထူးဆန်းစွာ တွေ့ရပါတယ်။ ဒါကြောင့် ဒီတိုင်ဆိုင်မှုတွေဟာ တပါးသူရဲ့ပယောဂ ကင်းရဲ့လားဆိုတာ စဉ်းစားဖွယ် ပဟေဠိ ဆန်နေတာကိုတွေ့ရပါတယ်။
ဒီကလေးရဲ့ပုံကို သီပေါမင်းငယ်စဉ်ကပုံလို့ဆိုထားပေမယ့် ထိုအချိန်က သီပေါမင်းသားရဲ့မယ်တော်ဟာ ဘုရင့်အမျက်တော်ရှိနေစဉ်မို့ ဓာတ်ပုံရိုက်ဖို့အခွင့်ပေးဖို့မလွယ်ကူလှပါဘူး၊ ဒါကြောင့် အနီးစပ်ဆုံးသီပေါမင်းရဲ့ သားတော်ကြီး ရွှေကိုယ်တော်ကြီး ဖြစ်ဖို့အများဆုံးမို့ ထည့်သွင်းဖော်ပြလိုက်ပါတယ်။ (မင်းနန်သူ)