ငလျင်နဲ့ ပတ်သက်ပြီး ရှေးလူကြီးတွေရဲ့ အတိတ်နိမိတ် ကောက်ယူပုံများ (ကွက်တိမှန်ခဲ့ပါတယ်)
ရှေးလူကြီးတွေရဲ့ “အတိတ်တဘောင်နဲ့အညီ နိမိတ်ဆောင်ခဲ့ပြီ” ဆိုတဲ့ စကားအတိုင်း ဇမ္ဗူဒိပ်နိမိတ်ဆိုသလို သဘာဝ ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်လာတဲ့ အတိတ်နိမိတ်တွေကို ကြည့်ပြီး အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာကို ကြိုတင်ဟောပြောခဲ့ကြပါတယ်။
ယခုကာလမှာ ငလျင်တွေ မကြာခဏ လှုပ်ခတ်လာတာကြောင့် ငလျင်နဲ့ ပတ်သက်တဲ့ နိမိတ်အကြောင်းကို ဖော်ပြ ပေးလိုက်ပါတယ်-
လအလိုက် မြေငလျင်လှုပ်ခဲ့လျှင် ဖြစ်ပေါ်နိုင်တဲ့ အခြေအနေများကို ဖော်ပြ ပေးလိုက်ပါတယ်။ တန်ခူးလမှာ မြေလှုပ်သော် ရန်ပျောက်မည်။ မြေဆီပေါမည်။ ကဆုန်လမှာ မြေလှုပ်သော် သစ်သီးဝလံ ပျက်မည်။ သာသနာ ပျက်မည်။
နယုန်လမှာ မြေလှုပ်သော် ကိုယ်ဝန်ဆောင်မိန်းမတို့ ပျက်စီးမည်။ ဝါဆိုလမှာ မြေလှုပ်သော် ပြည်ရှင်မင်းတို့ နတ်ရွာစံမည်။ ဝါခေါင်လမှာ မြေလှုပ်သော် ဆင်းရဲဝေဒနာရောက်မည်။ တော်သလင်းလမှာ မြေလှုပ်သော် ရဟန်းပုဏ္ဏားတို့ ပျက်စီမည်။
သီတင်းကျွတ်လမှာ မြေလှုပ်သော် အမတ်စစ်သူကြီးတို့ ဘေးသင့်မည်။ တန်ဆောင်မုန်းလမှာ မြေလှုပ်သော် လူတို့ ရောဂါရမည်။ နတ်တော်လမှာ မြေလှုပ်သော စစ်ကြီးရောက်မည်။ ပြာသိုလမှာ မြေလှုပ်သော် ပြည်ရွာ ချောက်ချားမည်။ တပို့တွဲလမှာ မြေလှုပ်သော် ဇနပုဒ်တိုင်းကား ပျက်စီးမည်။ တပေါင်းလမှာ မြေလှုပ်သော် ထကြွပုန်ကန်မည်။
နေ့နံအလိုက် ငလျင်လှုပ်ရင် ဖြစ်ပေါ်နိုင်တဲ့ အခြေအနေများကို ဖော်ပြပေးလိုက်ပါတယ်။ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့မှာ လှုပ်ရင် အစာရေစာ ပေါကြွယ်ဝမည်။
အင်္ဂါနေ့မှာ လှုပ်ရင် တိုင်းနိုင်ငံ ပြည်ရွာ ထကြွပုန်ကန်မည်။ ဗုဒ္ဓဟူးနေ့မှာ လှုပ်ရင် ဆင်ဖြူတော် ပေါ်ထွန်းမည်။ ကြာသပတေးနေ့မှာ လှုပ်ရင် မင်းလောင်း သန္ဓေတည်လိမ့်မည်။ သောကြာနေ့မှာ လှုပ်ရင် မင်းပြောင်းမင်းလွှဲ ဖြစ်လိမ့်မည်။ စနေနေ့မှာ လှုပ်ရင် ပညာရှိ၊ သူဌေး၊ မှူးမတ်တွေ ဘေးဖြစ်လိမ့်မည်။