ဗဟိုဘဏ်ရဲ့ မရှိတဲ့ အရှက်ကို ခွဲလိုက်တဲ့ မြန်မာ့အကြီးဆုံး လေကြောင်းလိုင်း (၂) ခု

လတ်တလောကာလတွင် ဒေါ်လာဈေးအနေနဲ့ ၄၀၀၀ ကျော်ကို အချိန်မရွေး ဖြစ်သွားနိုင်ပြီး ဒေါ်လာဈေးကွက်အားလုံး ရပ်တန့်ကာ ဈေးကွက် ပြိုလဲလုလု ဖြစ်နေပြီး အခြေအနေ ရှုပ်ထွေးနေတဲ့ အချိန် ဖြစ်ပါတယ်။

ထိုသို့ရှုပ်ထွေးနေချိန်တွင် မြန်မာနိုင်ငံရဲ့ အကြီးဆုံး လေကြောင်းလိုင်းတွေထဲက နှစ်ခုဖြစ်တဲ့ မြန်မာ အမျိုးသားလေကြောင်းလိုင်းနဲ့ အဲကမ္ဘောဇလေကြောင်းလိုင်းက လေယာဉ်လတ်မှတ်များကို ဝယ်ယူရာတွင် တဒေါ်လာလျှင် ၃၀၀၀ ကျပ်ဖြင့် ဝယ်ရမည်ဟု ကြေညာချက်များ ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ လုပ်ရပ်ဟာ ဗဟိုဘဏ်အနေနဲ့ အရှက်ကွဲစရာ ဖြစ်ခဲ့ပြီး တဒေါ်လာကို ၂၁၀၀ သတ်မှတ်ထားချိန်မှာ နိုင်ငံပိုင် လေကြောင်းလိုင်းနဲ့ ပုဂ္ဂလိက လေကြောင်းလိုင်းတခုက ဒေါ်လာဈေးကို ၃၀၀၀ အဖြစ် သတ်မှတ်လိုက်ခြင်းဟာ ဗဟိုဘဏ်ဆိုတာကို ခေါင်းထဲ မထည့်ထားဘူးဆိုတဲ့ သဘောဖြစ်ကြောင်း စီးပွားရေး ပညာရှင်တဦးက သုံးသပ်ပါတယ်။

ယင်းသို့ အခြေအနေ ရှုပ်ထွေးနေချိန်မှာ ဗဟိုဘဏ်အနေနဲ့ ပြည်သူတွေကို တိကျတဲ့ ကြေညာချက်တွေ ထုတ်ပြန်ရမယ့်အစား ပြည်ပရောက် မြန်မာနိုင်ငံသားများရဲ့ လွှဲပြောင်း ဝင်ငွေ ကိစ္စနဲ့ ပတ်သက်တဲ့ မရေရာတဲ့ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဟာ နားမလည်နိုင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ စီးပွားရေး ပညာရှင်များက ပြောဆိုနေကြပါတယ်။

ဗဟိုဘဏ်အနေနဲ့ ဥက္ကဌ အပြောင်းအလဲ လုပ်ပြီးနောက်မှာ ဒေါ်လာဈေးကို လုံးဝ မထိန်းနိုင်တော့ဘဲ မြန်မာကျပ်ငွေ တန်ဖိုးဆက်တိုက် ကျဆင်းလျက်ရှိပြီး မကြာမီ အချိန်ကာလအတွင်း တဒေါ်လာ ၅၀၀၀ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ ပြည်သူများအနေနဲ့ ဝင်ငွေ နည်းပါးနေချိန်မှာ စားသုံးကုန်နဲ့ လူသုံးကုန် ပစ္စည်းများ အဆမတန် ဈေးမြင့်တက်မှုတွေကြောင့် ပိုမို ကျပ်တည်းလာလျက် ရှိတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page