သီလဝါဆိပ်ကမ်းမှာ ပိုင်ရှင်စွန့်ပစ်ထားတဲ့ သိန်း (၄၀၀၀) ကျော်တန် ကား (၂၈) စီးကို သိမ်းဆည်းရမိ

ရန်ကုန်မြို့၊မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း (သီလဝါ) ကုန်သေတ္တာစစ်ဆေးရေးစခန်းတွင် က သွင်းကုန်ကြေညာလွှာ (ID)သက်တမ်းကျော်လွန်ပြီး လာရောက်ထုတ်ယူခြင်းမရှိသည့် ပိုင်ရှင်မှစွန့်လွှတ်သည့် မော်တော်ယာဉ် ၂၈ စီးအား မေလ ၂၄ ရက်​နေ့ကသိမ်းဆည်းရမိခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီရဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီအနေနဲ့ မော်တော်ယာဉ်၊စားသောက်ကုန်၊လူသုံးကုန်၊သစ် စတာတွေကို နိုင်ငံအတွင်း တရားမဝင်ကုန်သွယ်မှုဆောင်ရွက်နေတာတွေ ဌာနဆိုင်ရာတွေနဲ့ပူးပေါင်းပြီး စစ်ဆေးကြပ်မတ်နေပါတယ်။

ကုန်သွယ်လုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာ သတ်မှတ်ထားတဲ့ အမိန့်၊ဥပဒေ၊လုပ်ထုံးလုပ်နည်း၊ညွှန်ကြားချက်၊စည်းမျဉ်းစည်းကမ်းနဲ့မညီရင်တော့ ထိရောက်စွာအရေးယူသွားမှာပါ။ အခုလည်း (သီလဝါ) ကုန်သေတ္တာစစ်ဆေးရေးစခန်းမှာ သွင်းကုန်ကြေညာလွှာ (ID)သက်တမ်းကျော်လွန်ပြီး လာရောက်ထုတ်ယူခြင်းမရှိတဲ့ ပိုင်ရှင်မှစွန့်လွှတ်သည့် မော်တော်ယာဉ် ၂၈ စီးကို သိမ်းဆည်းရမိခဲ့ပါတယ်´´ဟုတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဆိုပါ (ID)သက်တမ်းကျော်လွန်ပြီး လာရောက်ထုတ်ယူခြင်းမရှိဘဲ ပိုင်ရှင်မှစွန့်လွှတ်သည့် သိမ်းဆည်းရမိမော်တော်ယာဉ် ၂၈ စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၃,၁၁၀,၃၈၃) ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

မြန်မာ့ကားဈေးကွက်မှာ ရောင်းတမ်း မရှိတဲ့ ကားတွေ ဖြစ်တာကြောင့် ပိုင်ရှင်တွေက လာရောက် ထုတ်ယူခြင်း မပြုတာ ဖြစ်နိုင်ကြောင်း ကားဝယ်ရောင်း တဦးက မှတ်ချက်ပြုပါတယ်။ ကားတင်သွင်းခွင့် မူဝါဒတွေ ရေရေရာရာ မရှိတာကြောင့် မြန်မာ့ကားဈေးကွက်မှာ ကားဈေးများ မြင့်တက်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page