မြန်မာပြည် ကိုဗစ်လူနာများထဲတွင် ရောဂါအခံ မရှိသောသူများ သေဆုံးမှုနှုန်းမြင့်တက်လာ

ကိုဗစ် ရောဂါပိုးတွေ့ရှိသည့် လူနာများထဲတွင် ရောဂါအခံမရှိသောသူများ၏ သေဆုံးမှုနှုန်းမှာ ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးက ပြောပါသည်။

“ရောဂါအခံမရှိဘဲ သေဆုံးနှုန်းက ၇ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းထိတက်လာတယ်။ အဓိကကတော့ အရောက် နောက်ကျတာပေါ့။ တချို့လူနာတွေမှာ တုံ့ပြန်မှု အရမ်းများတဲ့အတွက် ကိုယ်တွင်း အင်္ဂါပျက်စီးတာမျိုးတွေ ဖြစ်တယ်။ အဲဒီအခါ လူငယ်ဆိုပေမယ့်လည်း သေနိုင်ပါတယ်။ စောစောရောက်ရင်တော့ အသက်ရှင်နိုင်ဖို့ အခွင့်အရေးအများတာပေါ့။ တခြားလူတွေကြတော့လည်း ကုနေရင်း ရောဂါပြင်းထန်လာတာတွေရှိတယ်။ အဲဒါကြောင့် လူငယ်ဆိုတိုင်းလည်း ပေါ့ဆလို့မရပါဘူး” ဟု ၎င်းကပြောသည်။

ထို့အပြင် ဆေးရုံသို့သေဆုံးပြီးမှ ရောက်လာသူမှာ ၁၈ ရာခိုင်နှုန်းနှင့် ဆေးရုံသို့ရောက်ရှိပြီး တစ်ရက်အတွင်းသေဆုံးသူမှာ ၁၇ ရာခိုင်နှုန်း စုစုပေါင်း ၃၅ ရာခိုင်နှုန်းရှိသည့်အတွက် သုံးပုံတစ်ပုံခန့်သည် ဆေးရုံမရောက်မီနှင့် ဆေးရုံရောက်ပြီး တစ်ရက်အတွင်း သေဆုံးသူများဖြစ်ကြောင်း ဒေါက်တာသန်းနိုင်စိုးက သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံမှာ ကိုဗစ် ကြောင့် သေဆုံးသူအများစုသည် အသက်အရွယ်ကြီးသူ အမျိုးသားများဖြစ်သည်ကို တွေ့ရှိရကြောင်း၊ သေဆုံးသူများ၏ ၉၀ ရာခိုင်နှုန်းသည် ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်၊ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါ စသည့် နာတာရှည်အခံရောဂါရှိနေသူများဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားထားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အောက်တိုဘာ ၂၅ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၌ COVID-19 အတည်ပြုလူနာ ၄၄,၇၇၄ ဦးရှိပြီး သေဆုံးသူ ၁,၀၉၅ ဦးရှိပြီဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page