ရန်ကုန်မြို့မှာတွေ့ခဲ့တဲ့ မြွေကြီးများရဲ့ နားခိုရာ (သို့) စိတ္တသုခတပ်ဦး ကျောင်းတိုက်
ရန်ကုန်မြို့မှာတွေ့ခဲ့တဲ့ မြွေကြီးများရဲ့ နားခိုရာ (သို့) စိတ္တသုခတပ်ဦး ကျောင်းတိုက်
လူနေရပ်ကွက်တွေမှာ ဝင်နေလို့၊ နေအိမ်ထဲမှာ တွေ့လို့ စသဖြင့် အကြောင်းအရာပေါင်းစုံနဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သွားရောက်ဖမ်းဆီးပေးခဲ့ရတဲ့ မြွေတွေဟာ သဘာဝတောထဲကို မပြန်ခင် ခေတ္တခရီးတစ်ထောက်နားခိုတဲ့ နေရာတစ်ခု ရန်ကုန်မြို့မှာရှိနေပါတယ်။
အဲ့ဒီနားခိုရာ နေရာကတော့ ရန်ကုန်မြို့ ၊ ထောက်ကြံမြို့နယ်မှာ ရှိတဲ့ စိတ္တသုခတပ်ဦးကျောင်းတိုက်ပဲ ဖြစ်ပါတယ်။
စိတ္တသုခတပ်ဦးကျောင်းတိုက်ဆရာတော် ဥူးဝိလာသာဟာ ၂၀၁၅ ခုနှစ် မတိုင်ခင်ကတည်းက ကျောင်းမှာ ဘာသာရေးအယူအဆအရ ဘုရားမြွေလို့ဆိုပြီး မြွေ ၃ကောင်လောက် မွေးထားတာမျိုး ရှိဖူးတယ်လို့ သိရပါတယ်။ ဒီအတွက် ဘုန်းကြီးကျောင်းမှာ မြွေမွေးထားတယ်လို့ သတင်းကျော်ကြားပြီး အနီးပတ်ဝန်းကျင်မှာ ဖမ်းမိတဲ့ မြွေတွေကို လာပို့ရာကနေ အခုလို တစ်စတစ်စ မြွေတွေများလာတာဖြစ်တယ်လို့ ဆရာတော်က မိန့်ပါတယ်။
မြွေတွေ သတ်စားခံရမယ့်အရေး နဲ့ မှောင်ခိုစျေးကွက်တွေဆီကို ရောက်မသွားအောင် စောင့်ရှောက်ပေးထားတာဖြစ်ကြောင်း ဆရာတော်က မိန့်ပါတယ်။
ဖမ်းမိတဲ့မြွေတွေကို လှောင်အိမ်တခုထဲ ထည့်ထားကာ တလနှစ်ခါ အစာကျွေးလေ့ရှိပြီး လှောင်အိမ်ထဲမှာလည်း ရေ ၊ နွားနို့ ၊ ကြက်ဥ တို့ကို အမြဲထည့်ထားကြောင်း၊ အကောင်ရေများလာရင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့ ပူးပေါင်းပြီး တောအစပ်တွေမှာ ပြန်သွားလွှတ်ပေးလေ့ရှိကြောင်း သိရပါတယ်။
၂၀၁၅ ခုနှစ်ကတည်းကနေ ဒီနေ့အထိဆိုရင် ကျောင်းမှာ ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့တဲ့ မြွေအကောင်အရေအတွက်ဟာ ၅ဝဝ ကျော်ရှိခဲ့တယ်လို့ ဆရာတော် ဥူးဝိလာသက မိန့်ပါတယ်။
ဆရာတော်ကတော့ ဒီထက်ပိုပြီး ထိန်းသိမ်းစောင့်ရှောက်ပေးချင်ပုံပေါ်ပေမယ့် သံဃာအရေးကိစ္စတွေ လစ်ဟင်းမှာစိုးတဲ့အတွက် အခုလိုပဲ သူတတ်နိုင်သလောက် ထိန်းသိမ်းစောင့်ရှောက်သွားမှာဖြစ်တယ်လို့ မိန့်ပါတယ်။