“ရန်ကုန် နှင့် အီအီးပြဿနာ” (ရေကလေး ဝေါခနဲဆွဲချ ပါနိုင်ဖို့ ဘယ်လိုကြိုးစားခဲ့ရသလဲ သမိုင်း)
“ရန်ကုန် နှင့် အီအီးပြဿနာ”
၁၈၅၂ အင်္ဂလိပ် – မြန်မာဒုတိယစစ်ပွဲအပြီးမှာ အင်္ဂလိပ်တို့ဟာ ခေတ်မီရန်ကုန်မြို့ကို စတင်တည်ထောင်ခဲ့ပါတယ်။
ဥရောပသားတွေ၊ အိန္ဒိယသားတွေ၊ တရုတ်တွေ နဲ့အတူ အထက်မြန်မာပြည်က ရွှေ့ပြောင်းအခြေစိုက်သူတွေ များလာတဲ့အခါ လာသမျှလူ ပါကြတဲ့ အီအီးကိစ္စကလည်း ပြဿနာဖြစ်လာပါတယ်။
၁၈၅၂ မတိုင်ခင်ကတော့ ရန်ကုန်သားတွေဟာ အီအီးပါချင်ရင် နီးရာခြုံ တိုးလေ့ရှိကြပါတယ်။ အဲ့ဒီတုန်းက ရန်ကုန်ဟာ ဆူးလေတဝိုက် ဆိုတော့ ရန်ကုန်သားတွေဟာ အီးပါချင်တဲ့အခါ ပုဇွန်တောင်ဘက်က တောတန်းတွေထဲ သွားပြီး ပါကြပါတဲ့။
၁၈၅၂ မှာတော့ စစ်အင်ဂျင်နီယာ လက်ဖနင်တင်ဖရေဇာ ဦးဆောင်တဲ့ အဖွဲ့က ရန်ကုန်မြို့သစ်တည်ဆောက်ရေးစီမံကိန်းနဲ့အတူ မိလ္လာစနစ်သစ်ကို စတင်တည်ဆောက်ပေးခဲ့ပါတယ်။ ပထမဆုံး ရန်ကုန်မြူနီစပယ်အဖွဲ့က တီထွင်လိုက်တဲ့ စနစ်က မြို့တွင်းက မိလ္လာမြောင်းတွေကို ကန်ပုံစံ တဆက်တည်းတူးလိုက်တာပါပဲ။ ပြီးတာနဲ့ အဲ့ဒီကန်တွေကို ရန်ကုန်မြစ်နဲ့ ချိတ်ဆက်လိုက်ပါတယ်။ ဒီတော့ မြစ်ရေတက်တဲ့အခါ ကန်တွေထဲ ရေပြည့်ပြီး မြစ်ရေကျတဲ့အခါ အညစ်အကြေးတွေဟာ ရေနဲ့အတူ မြစ်ထဲပြန်ပါသွားတဲ့စနစ်ပါ။
နောက်ပိုင်းမှာ မြို့ကွက်က တဖြည်းဖြည်းကျယ်လာတဲ့အခါ ရန်ကုန်မြစ်ရေ မရောက်နိုင်တဲ့ နေရာတွေ ရှိလာပါတယ်။ အဲ့ဒီအခါ ဒေါက်တာမောင့်ဂိုမာရီက ရန်ကုန်ကို အခြားနိုင်ငံတွေက မြို့တည်ပုံစံအတိုင်း မိလ္လာစနစ်ထားဖို့ အကြံပြုခဲ့ပါတယ်။ ဒီနည်းကတော့ ရပ်ကွက်အသီးသီးက နေအိမ်တွေမှာ ရှိတဲ့ မိလ္လာပိုက်တွေကို စုပေါင်းဆက်သွယ်ပြီး မြေအောက်ပိုက်လိုင်းကနေတဆင့် လူနေရပ်ကွက်နဲ့ ဝေးတဲ့ မြစ်အတွင်းစွန့်တဲ့နည်းပါ။
နောက်ပိုင်းမှာတော့ ဗိုလ်တစ်ထောင်မြို့နယ်မှာ မိလ္လာသန့်စင်စက်ရုံတစ်ခုဆောက်ပြီး အညစ်အကြေးအားလုံး အဲ့ဒီကို ပို့ သန့်စင်စေပြီးမှ နောက်ဆုံးအဆင့်ကို ရန်ကုန်မြစ်ထဲ စွန့်တဲ့နည်းပညာ ဖြစ်လာပါတယ်။မိလ္လာစနစ်သစ်အရ ရန်ကုန်သားတွေပါသမျှ မြေအောက်ပိုက်လိုင်းတွေက တဆင့် ဗိုလ်တစ်ထောင်မြို့နယ်ထဲက မိလ္လာသန့်စင်စက်ရုံကို ရောက်ပါတယ်။ အီးကို သန့်စင်ပေးတာဆိုတော့ အီးစပါး ပဲ ဆိုကြပါစို့။ အဲ့ဒီအီးစပါးက ထွက်လာတဲ့ သန့်စင်ပြီး နောက်ဆုံးအဆင့် အီအီးတွေကို ရန်ကုန်မြစ်ထဲကို စွန့်ပစ်ပါသတဲ့။
ပုဇွန်တောင်၊ တာမွေစတဲ့ ရန်ကုန်အရှေ့ပိုင်း ဆင်ခြေဖုံးမြို့သစ်ရပ်ကွက်တွေ ပေါ်လာတဲ့အခါ ၁၈၆၃ မှာတော့ လူနေများပြားလာတဲ့အတွက် ပထမမိလ္လာစနစ်များဟာ မလုံလောက်တော့ပါဘူး။ အဲ့ဒီအခါမှာတော့ အိမ်သာကို ဇလားနဲ့ ပါတဲ့စနစ်ကို ပြုလုပ်ပြီး ရန်ကုန်မြူနီစပယ်လက်အောက်ခံ ၊ အမှိုက်သိမ်းအဖွဲ့က ဇယားတွေကို လိုက်သိမ်း၊ မြင်းလှည်း၊ နွားလှည်းတွေနဲ့ တင်ပြီး ရန်ကုန်မြစ်ထဲ ပစ်ရတဲ့စနစ်ကိုပါ ကျင့်သုံးရပါတော့တယ်။
၁၈၈၇ နိုဝင်ဘာ ၁၁ ရက်နေ့မှာတော့ မြူနီစပယ်အဖွဲ့က ကန်ထရိုက်ပေးထားတဲ့ Messes.Shone and Ault ကုမ္ပဏီက ရေအားနဲ့ လေအားပေါင်းစပါသောစနစ် (Hydre Pneumatic System) ကို ရူပီး ၃၁ ကုဋေအကုန်ခံပြီး အသုံးပြုခဲ့ပါတယ်။ အဲ့ဒီစနစ်ဟာ ရန်ကုန်မြို့တွင်းနဲ့ အလုံ၊သိမ်ဖြူ၊ ပုဇွန်တောင်ဘက်တွေအထိ အသုံးပြုနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လူဦးရေများတဲ့ ဆင်ခြေဖုံးတွေမှာတော့ ဇလားစနစ်နဲ့ အိမ်သာတွင်းနက်နက်တူးပြီး မြေပြန်ဖို့တဲ့ စနစ်တွေကို သုံးနေရဆဲပါတဲ့။
ချစ်သောရန်ကုန်မြို့ကြီးမှာ ကျွန်တော်တို့ အေးအေးဆေးဆေး ဂျက်ကလေးထိုး၊ ဖင်ကလေးချွတ်၊ ဖုန်းကလေးပွတ်၊ ရေကလေးဝေါခနဲ ဆွဲနိုင်ဖို့ ခေတ်အဆက်ဆက်က ဘယ်လိုကြိုးစားခဲ့ရလဲဆိုတာ အီးရှင်းသမိုင်းက သက်သေပါပဲဗျာ။
ပုံကတော့ ရန်ကုန်ရဲ့ မြေအောက်မိလ္လာစနစ်တွေနဲ့ အီးစပါး တဖြစ်လည်း လေမှုတ်စက်ရုံပါ။ (kyaw swa naing)