မြန်မာပြည်မှာ ရဲနဲ့ တရားရုံး ဘယ်လိုအလုပ် လုပ်သလဲဆိုတာ ပြောပြချင်တယ်
ကိုယ့်ရဲ့အတွေ့အကြုံတစ်ခုအရ မြန်မာပြည်က ရဲနဲ့ တရားရုံး ဘယ်လိုအလုပ် လုပ်သလဲဆိုတာ ပြောပြချင်တယ်…
ကိုယ်လိုက်တဲ့ မူးယစ်အမှုတစ်ခုမှာ ကိုယ်က တရားခံ(သို့)စွပ်စွဲခံရသူဘက်က အကျိုးဆောင်ပါတယ် လူတယောက်ဟာ အမှုရင်ဆိုင်နေပြီး ပြစ်ဒဏ်ထင်ရှား စီရင်မခံရသ၍ တရားရုံးမှာ စွပ်စွဲခံရသူ လို့ပဲသုံးနှုန်းတယ် ဒါကကြားညပ်ပြောပြတာ ဆိုတော့ ကိုယ့်အမှုသည်က ဘယ်လိုအမှုဖြစ်သလဲဆိုရင် ကားဂိတ်တစ်ခုမှာကုန်ပစ္စည်း တင်ချတဲ့အလုပ်လုပ်တာ ကုန်ထမ်းသမားပေါ့ အသက်ကလည်း ၂၂ လောက်ပဲရှိသေးတယ် သူက တောင်ကြီးကိုရောက်တာ ၃ ရက်လောက်ပဲရှိပြီး တခြားကားဂိတ်တစ်ခုက သူ့မိတ်ဆွေတယောက်က အလုပ်ရှိတယ်ဆိုလို့ ရွာကနေ တက်လာတာမျိုး ရောက်လာတဲ့ ရက်ပိုင်းလေးမှာ နေစရာမရှိလို့ ဘုန်းကြီးကျောင်းမှာတည်းတယ်…
အခင်းဖြစ်တာက နေ့လည် ၁၁ လောက်ပဲ ဖြစ်စဥ်က .. ကားဂိတ်တစ်ခုမှာ မန္တလေးက ကားသမား အသက်ခပ်ကြီးကြီးပါပဲ သူက အခင်းဖြစ်မနက်မှ တောင်ကြီးကိုရောက်တာမျိုး အဲဒီမှာ ကိုယ့်အမှုသည်နဲ့သူနဲ့တွေ့ပြီး အခင်းဖြစ် ကားဂိတ်မှာ ကားလေးထုပ် တင်ပေးဖို့ပြောလို့ ကိုယ့်အမှုသည်ကောင်လေးကလည်း အထုပ်ကိုတင်ပေးပြီး အခင်းဖြစ် ကားဂိတ်က ဂိတ်မှူးကို ဝင်စောင့်နေကြတယ် ဂိတ်မှူးကမရှိဘူး သိပ်မကြာဘူး ရဲတွေရောက်လာပြီး ကားဂိတ်ထဲက သူတို့နှစ်ယောက်ကို အပြင်ပေးမထွက်တော့ဘဲ ကားဂိတ်ကိုစစ်ဆေးတယ် ကားဂိတ်ကိုစစ်တော့ ဂိတ်မှူးအိပ်တဲ့ ကွပ်ပျစ်ခေါင်းရင်းမှာ မူးယစ်ဆေး wy တွေ့တယ် ဖမ်းဝရမ်းကလည်း ဂိတ်မှူးနာမည်ပဲ ဆိုတော့ ကိုယ့်ကောင်လေးနဲ့ ကားဆရာကိုမေးတာပေါ့ ဂိတ်မှူးဘယ်သွားလဲ ဘာညာ သူတို့ကမသိဘူး ဂိတ်မှူးကို ရဲတွေက ဖုန်းဆက်တယ် လာခဲ့ဖို့ပြောတယ် မလာဘူး…
ဒါနဲ့ပဲ ဂိတ်မှူးကို မတွေ့လို့ ဂိတ်မှာရှိနေတဲ့ နှစ်ယောက်ကို ရှာဖွေပုံစံတွေမှာ လက်မှတ်ထိုးခိုင်းပြီး ဖမ်းသွားတယ် ကိုယ့်အမှုသည်ကောင်လေးနဲ့ ကားဆရာကတော့ ဘုမသိ ဘမသိပါသွားတာပေါ့ သူတို့ငြင်းခဲ့တယ် ရဲတွေလက်မခံဘူး ဒါနဲ့ပဲ မူးယစ်ဆေးလက်ဝယ်တွေ့မှုနဲ့ တရားရုံးရောက်လာတယ်ဆိုပါတော့ ဂိတ်မှူးကတော့ အမှုသာပြီးသွားတယ် ခုထိဖမ်းမမိဘူး…
ရဲက ပထမသတင်းပေးတိုင်ချက်(FIR)မှာ ကိုယ့်အမှုသည်နဲ့ ကားဆရာ နှစ်ယောက် ပူးကပ်ထိုင်နေသည့်ကြားမှ မူးယစ်ဆေးသုံးစွဲသည့် အအေးပိုက်တပ် ပလပ်စတစ်ဗူး တစ်ဗူး တွေ့တယ်ရေးတယ် ပြီးတော့ မူးယစ်ဆေး Wy တွေကို ကွပ်ပျစ်ခေါင်းရင်း ၄င်းတို့နဲ့ ၃ ပေအကွာမှာ တွေ့တယ်ရေးတယ်…
အမှုစစ်တော့ ရဲသက်သေတိုင်း က တရားရုံးမှာ ဘယ်လိုထွက်ဆိုသလဲဆိုရင် မူးယစ်ဆေးသုံးဖို့ ပြင်ဆင်နေကြောင်းထွက်တယ် လုံးဝမလျော့ဘူး အခင်းဖြစ်ချိန်မှာ သူတို့စစ်ဆေးရေးအဖွဲ့ပဲရှိတာလေ သူတို့ပဲ ပတ်ဝန်းကျင်ကိုရှင်းထားတာမျိုး အဲသည်ထဲမှာ စိတ်ဝင်စားစရာ ကောင်းတာက စစ်ဆေးရေအဖွဲ့ထဲမှာပါတဲ့ လူတယောက်က အကုန်အမှန်အတိုင်းထွက်ဆိုပေးတယ် သူတို့ဟာမဟုတ်ကြောင်း၊ သူတို့ငြင်းခဲ့ကြောင်း၊ သူတို့လာဖမ်းတာသည် ဂိတ်မှူးကိုဖြစ်ကြောင်း ပြည့်ပြည့်စုံစုံပါပဲ ထွက်ဆိုသွားပေးတယ်…
ကိုယ့်အမှုသည်ဟာ အသက်ငယ်သေးတယ် သူတို့ရွာမှာ မောင်နှမတွေနဲ့တောင်သူလုပ်တာ ဟိုကားဆရာဆိုတဲ့ လူကမှ ပိုအဖြစ်ဆိုးတာ သူက မန်းလေးကမီးလောင်မှုမှာ သူ့မှာရှိသမျှ အိမ်ပစ္စည်းအကုန်ပါသွားတယ် မီးလောင်ပြင်မှာ ဘာလေးများကျန်အုန်းမလဲရှာရင် သံဆူးသွားခဲ့တယ် သံဆူးဒဏ်ရာကို သေချာမကုခဲ့ဘူး မီးဘေ ဒုက္ခသည်စခန်းမှာနေခဲ့ရတယ် သိပ်မကြာဘူး သူကားမောင်းအလုပ်ကို လုပ်မယ်ဆိုပြီး တောင်ကြီးတက်လာတယ် သူ့မှာ ဇနီးနဲ့ သမီးလေးတွေရှိတယ် တောင်ကြီးတက်လာချိန်မှာ ဖမ်းခံရတာပဲ ဒါ့အပြင် အမှုရင်ဆိုင်စဥ်ကာလမှာ သူ့သမီးဆုံးသွားတယ် သူ့ကိုသနားလွန်းလို့ အသိမပေးဖြစ်ဘူး ကြားထဲ သံဆူးဒဏ်ရာက ပုပ်ပြီး အခေါင်းကြီးဖြစ်လာလို့ ဂျေးအောင်းနေရင် အစိုးရဆေးရုံပြပြနေရသေး ဖြတ်မထုတ်ရတာကံကောင်း…
ထားပါ ဒါနဲ့ပဲ အမှုက ပြီးသွားတယ်ဆိုပါဆို့ ကိုယ်အကောင်းဆုံးအစွမ်းကုန် ကြိုးစားပေးခဲ့တယ် နောက်ဆုံး တရားရုံးဟာ ရဲတင်ပြချက် ရဲထွက်ချက်တွေကိုပဲ အတည်ယူပြီး ကိုယ့်အမှုသည်ကောင်လေးနဲ့ ကားဆရာကို ထောင် ၅ နှစ် ချလိုက်တယ် ဒါပဲအမှုက…
ကိုယ်ပြောချင်တာ ရဲဟာ ဖမ်းဆီးစစ်ဆေးစဥ်ကာလမှာ သူတို့ပဲရှိတာမျိုး လုပ်ပိုင်ခွင့်အပြည့်ပဲ ဒါ့အပြင် တရားရုံးကို စွဲတင်တဲ့အခါ အမှု စနစ်တကျ တည်ဆောက်နိုင်ရေးဆိုပြီး ရီမန်တွေအပြည့်ယူတယ် တရားရုံးကလည်းပေးတယ် အဲသလို ရီမန်ကာလတွေမှာ အမှုကို ပြည့်စုံအောင် တည်ဆောက်ခွင့်ရတယ် ရဲဟာ အဖွဲ့အစည်းတစ်ခုပါ တစ်သွေးတစ်သံတစ်မိန့်တည်း သမားတွေချည်း ဒါကြောင့်ပဲ ရဲထံအစစ်ခံချက်ဟာ တရားရုံးမှာ သက်သေခံမဝင်တာမျိုး ဒါကြောင့်ပဲ ကိုယ်အမှုစစ်တော့ ရဲကို.. “စစ်ဆေးရေးအဖွဲ့ဟာ ဖမ်းဆီစဥ်အချိန်ကစလို့ တရားရုံးကိုအမှုစစစ်တဲ့အချိန်ထိ အမှုကို စိတ်ကြိုက် တည်ဆောက်ခွင့်ရခဲ့တယ်ဆိုရင် ငြင်းမလား” လို့မေးတော့ ရုံးက ပယ်ချလိုက်ပါတယ်…
ရီမန်ကာလတွေမှာ အမှုသည်ဟာ ရှေ့နေငှားပိုင်ခွင့်ရှိပေမယ့် မြန်မာပြည်မှာ ရှေ့နေပါဝါကို တရားရုံးပေးမတင်ဘူး ဘာကြောင့်မှန်းမသိပေမယ့် ရီမန်ပြီး တရားလိုကို အမှု စတင်စစ်ဆေးမှ ရှေ့နေဟာ အမှုသည်ကို အကျိုးဆောင်ခွင့်ရတယ် ရှေ့နေတယောက်ရဲ့ လုပ်ခွင့်ဟာ မြန်မာပြည်မှာ အပြည့်အဝ မရသေးဘူးဆိုရမှာဖြစ်သလို အမှုသည်အခွင့်အရေးဆိုတာကလည်း အလှမ်းဝေးနေတုန်းပါပဲ…
ဆိုတော့ မြန်မာပြည်မှာ ရဲက သူတို့ လုပ်ချင်တာကို စိတ်ကြိုက်တည်ဆောက်တယ် ရေးချင်သလိုရေးတယ် တရားရုံးမှာ အမှုသည်အပေါ် ညာတာမှုဆိုတာမရှိ သူတို့ကို စစ်ဆေးမယ့်လူမရှိ အရေးယူသူမရှိ တရားရုံးကလည်း တရားလို ရဲတွေ ဆွဲတင်တဲ့အတိုင်း အမှုစစ်တယ်ပစ္စည်းသက်သေ လူသက်သေ ခိုင်မာတာပဲ အာရုံကျလိုက်တယ် အမှုသည်တွေကတော့ ညောင်းပဲ ဒါကတော့ ရဲနဲ့ တရားရုံး အလုပ်လုပ်ပုံ နည်းနည်းလေးပါ…
ခင်ဗျားအနေနဲ့ မတော်တဆ မူးယစ်ပြဿနာ လာငြိလို့ ဂျေးအောင်းရမယ်ဆို အာမခံမရသလို အမှုရင်ဆိုင်စဥ် ၆ လ တစ်နှစ်လောက် နေရင်းထိုင်ရင်း ဂျေးအောင်းရမယ် ကံကောင်းလို့လွတ်လာလည်း ကိုယ်ဂျေးအောင်းခဲ့ရတဲ့ အချိန်တွေ၊ ပညာတွေ၊ အသိုင်းအဝိုင်းတွေ၊ နစ်နာမှုတွေ အတွက် ဘယ်သူရှင်းမလဲဆိုတာကတော့ မြန်မာပြည်မှာ ဟာသတပုဒ်ပါပဲ…
မီးခြစ်ဆံ