တရုတ်ပြည် ယန်ဇီမြစ်ပေါ်က မြစ်ကျဉ်းသုံးသွယ် ရေကာတာကြီး (Three Gorges Dam) ကျိုးပေါက်ခဲ့ပါလျှင်

တရုတ်ပြည် ယန်ဇီမြစ်ပေါ်က မြစ်ကျဉ်းသုံးသွယ် ရေကာတာကြီး (Three Gorges Dam) ကျိုးပေါက်ခဲ့ပါလျှင်…

မြစ်ကျဉ်းသုံးသွယ်ရေကာတာကြီး ကျိုးပေါက်ခဲ့ပြီးတဲ့နောက် မီတာ ၁၀၀ နီးပါး မြင့်တဲ့ရေထရံကြီးရုတ်တရက်ပေါ်လာမယ်။ မြစ်နှစ်ဖက်စလုံးမှာ မတ်စောက်တဲ့ တောင်တန်းတွေရှိနေတာကြောင့် ရေတွေက ဘေးဘက်ကို မဖြန့်ကြက်နိုင်ပါ။ ဒီအဆင့်မှာ ရေလွှမ်းမိုးမှုနှုန်းဟာ တစ်နာရီမှာ ကီလိုမီတာ ၁၀၀ ကျော်သွားလိမ့်မယ်။

ရေကာတာကြီးနဲ့ ကီလိုမီတာ ၅၀ ပဲကွာဝေးတာက Yichang ဆိုတဲ့ အနိမ့်ပိုင်းမြို့ ..။ ဒါကြောင့် ဆည်ကျိုးပြီးမိနစ် ၃၀ အတွင်း အမြင့် ၂၀ မီတာရှိတဲ့ လှိုင်းကြီးတွေဟာ တစ်နာရီ ၇၀ ကီလိုမီတာနှုန်းနဲ့ Yichang မြို့နယ်ကို မြှုပ်နှံပစ်လိုက်မယ်။ ရေတွေဟာ Yichang ကိုသိမ်းပိုက်ပြီးတဲ့အခါမှာ ယန်ဇီမြစ်တစ်လျှောက်ဆက်လက်စီးသွားပြီး ဘေးက မြို့တွေကိုဆက်လက် နှစ်မြှုပ်သွားမှာဖြစ်တယ်။ ရေအရှိန်က တစ်နာရီ ကီလို ၆၀ နှုန်းနဲ့ဖြစ်တယ်။ ဒီအဆင့်မှာရေကြီးမှုရဲ့ ရေနံရံ အမြင့်ဟာ ၁၅ မီတာကနေ ၂၀ မီတာတဲ့။

ပြီးရင် Yidu မြို့ကိုရေလွှမ်းမိုးပြီး နောက်ပိုင်း ရေတွေဟာ ချိုင့်ဝှမ်းတွေ၊ လွင်ပြင်တွေဆီ ဆက်ပြီးစီးဝင်သွားကြ..။ ရေတွေဟာ ဒေသတစ်ခုလုံးကို ပန်ကာကဲ့သို့ပုံစံနဲ့ ပျံ့နှံ့သွားမှာဖြစ်တယ်။ ပြီးရင် Yidu မြို့လည်းရေအောက်ရောက်မယ်။

ဘေးက မြေပြန့်ဒေသေတွေဆီကို အမြင့် ၈ မီတာနဲ့ တစ်နာရီ ၂၅ ကီလိုမီတာနှုန်းနဲ့ ရေဆက်လွှမ်းမယ်။ ယန်ဇီမြစ်နဲ့ဆက်နေတဲ့ အဓိကမြစ်သွယ်လမ်းကြောင်းမှာတော့ တစ်နာရီ ၃၅ ကီလိုမီတာနှုန်းနဲ့ ဆက်ပြီးရေကြီးမယ်။ ဒေါသကြီးနေတဲ့ ရေနံရံကြီးဟာ Jingzhou မြို့ နဲ့ အဓိကလမ်းကြောင်းကိုဖြတ်ပြီး ဝူဟန်မြို့ (Wuhan) ကိုတိုက်ရိုက်ရောက်သွားမယ်။

ရေကာတာပြိုပြီး ၅ နာရီအကြာမှာ မြစ်အောက်ဘက်က Yueyang မြို့ကိုရေလွှမ်းမိုးလိမ့်မယ်။ လေ့လာမှုအရ Yueyang မြို့ဟာ ၅ မီတာ အမြင့်အထိ ရေတွေဖုံးလွှမ်းသွားမယ်။ ဒါပေမဲ့ မြို့အနားမှာရှိတဲ့ Donging Lake က ရေကြီးမှုအချို့ကို သက်သာစေနိုင်။

ရေကာတာပြိုကျပြီး ၁၀ နာရီအကြာမှာ ဝူဟန်မြို့ ရေကြီးမှုဒဏ်ကို အလူးအလှိမ့်ခံရလိမ့်မယ်။ ၇ မီတာမြင့်တဲ့ ရေထရံကြီးဟာ ဝူဟန်ကိုဖုံးလိမ့်မယ်။ ဝူဟန်မြို့ ကုန်းမြင့်ပေါ်က ရပ်ကွက်အချို့ပဲ သက်သာပြီး အခြားအစိတ်အပိုင်းတွေဟာ ၅ မီတာ ရေလွှမ်းမိုးမယ်။ အဲ့ဒီနောက်ရေတွေဟာ အရှေ့ဘက် ကီလိုမီတာ ၇၀၀ ဝေးတဲ့ Hong Lake ရောက်ရင်တော့ အရှိန်ကျသွားမယ်။

ဒါဟာ တရုတ်နိုင်ငံရဲ့ မြစ်ကျဉ်းသုံးသွယ် ရေကာတာကြီး ကျိုးပေါက်ခဲ့လျှင်.. ဆိုတဲ့ခေါင်းစဉ်နဲ့ ဗီဒီယိုတစ်ခုထဲမှာပါတဲ့ အကြောင်းအရာတွေပါ။ ဗီဒီယိုက “ ရေကာတာပြိုပြီးတာနဲ့” ဆိုတဲ့စကားလုံးပေါ်လာပြီး ရေဖိအားကြောင့် ရေကာတာပြိုကွဲသွားတာကိုပြထားတာ အံ့ဩဖွယ်။ အခုတလော တရုတ်ပြည်ဆိုရှယ်မီဒီယာတွေမှာ လျင်လျင်မြန်မြန်ပျံ့နှံ့လာခဲ့..။

အဲ့ဒီဗီဒီယိုဟာ တုန်လှုပ်နေတဲ့ တရုတ်ပြည်တောင်ပိုင်းကလူတွေ၊ ဟူပေပြည်နယ်၊ ပြီးတော့ ဟူပေပြည်နယ်ရဲ့ မြို့တော် ဝူဟန်မြို့သားတွေကို စိတ်ချောက်ချားစေခဲ့ပေါ့..။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စိတ်​ချောက်ချားနေတဲ့လူတွေဟာ ရေးဘေးသင့်မှာ ထပ်ကြောက်နေရပြီ..။

ဘာ့ကြောင့်လဲဆိုတော့ အခုတလော အာရှတိုက်ရဲ့ အရှည်လျားဆုံးမြစ်ဖြစ်တဲ့ တရုတ်ပြည်ရဲ့ ယန်ဇီမြစ် (Yangtze River) အထက်ပိုင်းမှာ မိုးတွေသည်းနေတယ်လေ။ ဒီနှစ်တရုတ်ပြည်မှာ မိုးကြီး၊ ရေကြီးတာမှအရမ်းပဲ။ ၁၉၆၁ ခုနှစ် ကစပြီးပြန်ကြည့်ရင် အပြင်းထန် အဆိုးရွားဆုံးပဲတဲ့။ ဇွန်လကတည်းက မိုးတွေသည်းနေတာ။

ယန်ဇီမြစ်ကြီး ရေလျှံနေပြီ..။ ယန်ဇီမြစ်ရဲ့ မြစ်လက်တက်တွေနဲ့ မြစ်ဆုံဆည်ကြီးမှာ လှိုင်းလုံးတွေ ဝုန်းဒိုင်းကြဲနေတယ်..။

ယန်ဇီမြစ်ဟာ တရုတ်သမိုင်း၊ ယဉ်ကျေးမှုနဲ့ စီးပွားရေးတွေမှာ သိပ်အရေးပါတဲ့ မြစ်တစ်စင်းပေါ့။ ပြီးတော့ မြစ်ကျဉ်းသုံးသွယ် ရေကာတာ၊ မြစ်ဆုံဆည်ကြီး..။

ယန်ဇီမြစ်ထဲမှာ အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံ အကုန်ခံပြီးဆောက်ထားတဲ့ မြစ်ကျဉ်းသုံးသွယ် ရေကာတာ (Three Gorges Dam 三峡大坝 ) ဆည်ကြီးရှိတယ်လေ။ အဲ့ဒီရေကာတာကို တရုတ်တွေက ၂၀၀၆ ခုနှစ်မှာ အပြီးဆောက်ခဲ့တာပေါ့။ အဲ့ဒီရေကာတာဟာ ယန်ဇီမြစ်ထဲမှာရှိပြီး လျှပ်စစ်ဓာတ်အား total capacity (22,500 MW) ထုတ်ပေးနိုင်တဲ့ ကမ္ဘာ့အကြီးမားဆုံးရေအားလျှပ်စစ်စက်ရုံကြီးပေါ့။

ဒါတင်ပဲလား။ မြစ်ကျဉ်းသုံးသွယ် ရေကာတာကြီးဟာ လျှပ်စစ်ဓာတ်အားပေးတဲ့အပြင် ယန်ဇီမြစ်တလျှောက် ရေကြောင်းပို့ဆောင်ရေးစွမ်းအားကို မြှင့်တင်ပေးတယ်။ ပြီးတော့ မြစ်ရေကြီးမှုတွေကိုလည်း လျော့ပါးစေတယ်တဲ့ ။ မိုးရာသီမှာ ရေတွေလှောင်ထားပြီး ရေရှားချိန်မှာ လယ်သမားတွေအတွက် ရေပြန်ထုတ်ပေးတဲ့ ရေကာတာကြီး။ ယန်ဇီမြစ်ကိုအားထားပြီး တရုတ်တို့ ရေကာတာကြီးဆောက်၊ လျှပ်စစ်ဓာတ်အားတွေရ၊ လယ်သမားတွေလည်းရေတွေရပေါ့။ ဒါကြောင့် ဟူပေပြည်နယ် (Hubei province) အများကြီးတိုးတက် ခမ်းနားလာခဲ့။ ဒါကြောင့် အဲ့ဒီရေကာတာစီမံကိန်းဟာ ဆောက်လုပ်ရေး၊ စီးပွားရေး၊ လူမှုရေး ဘက်ပေါင်းစုံအောင်မြင်စေတဲ့ သမိုင်းဝင်စီမံကိန်းတစ်ခုလို့ တရုတ်အစိုးရက ဂုဏ်ယူခဲ့။

ဒါပေမဲ့ ဒေသခံ ဆင်းရဲသားပြည်သူတွေက ဂုဏ်မယူကြပါ။ မြစ်ကျဉ်းသုံးသွယ် ရေကာတာကြီးကြောင့် လူဦးရေ ၁.၃ သန်းရဲ့ မွေးရာဌာနေကို စွန့်ခွာပြီး မျက်ရည်စက်လက်နဲ့ အခြားနေရာများသို့ ပြောင်းရွှေ့ခဲ့ရ..။ လူနေရပ်ကွက်တွေ ပျောက်ဆုံးခဲ့ရတာတင်ပဲလား။ ယန်ဇီမြစ်ကမ်းဘေးတစ်လျှောက်က ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ၊ မြေပြိုခြင်း စတဲ့ ပတ်ဝန်းကျင်အပြောင်းအလဲအန္တရာယ်က ပိုမိုကြီးမားလာခဲ့ ။ မြစ်ကိုကာပြီးဆောက်ထားတဲ့ ရေကာတာမို့ ရေကာတာကြီးကျိုးသွားရင် ရေတွေ အင်နဲ့ အားနဲ့ မြို့တွေထဲဝင်လာတော့မယ်။

လူချမ်းသာတွေ ပိုချမ်းသာဖို့အတွက် လူဆင်းရဲတွေ အသက်၊သွေး၊ချွေးပေးဆပ်ရတာ ဓမ္မတာပဲမဟုတ်လား။

ဒါ ဇွန်လကတည်းက စခဲ့တာ။ ဟုတ်ပါတယ်။ ယန်ဇီမြစ် ၊ ဟူအိုင် (Huai) မြစ်၊ မြစ်ဝါမြစ် (Yellow River) တွေတောက်လျှောက်မှာရှိနေတဲ့ ပြည်နယ် ၂၇ ခုမှာ ရေကြီးနေတာ ဇွန်လကတည်းကပါ။ ဒါဟာ နှစ်တိုင်းနှစ်တိုင်း မိုးရာသီမှာ ရေကြီးနေကျဆိုပေမဲ့ ဒီနှစ် ၂၀၂၀ က မတူဘူး။

၁၉၅၄ ခုနှစ်တုန်းကလည်း ဒီအချိန်ပဲ အကြီးအကျယ် ရေကြီးလိုက်သေး။ အဲ့ဒီတုန်းက ဇွန်လကတည်းက ရေကြီးလိုက်တာ စက်တင်ဘာအထိအောင်ပဲ ။ ၁၉၅၄ က ရေကြီးမှုကြောင့် သေဆုံးသူလူဦးရေဟာ ၃၃၀၀၀ ဝန်းကျင်ရှိတယ်။

ယန်ဇီမြစ်ဟာ ရေကြီးပြီဆို အကြီးအကျယ်ဒုက္ခပေးတာလေ။ မြစ်ကမ်းပါးတွေဖြိုခဲ့တော့ ပိုဆိုးပြီပေါ့..။ အခုတော့ရေတွေကိုကာထားတဲ့ မြစ်ကျဉ်းသုံးသွယ် ရေကာတာကြီး ခံနိုင်ရည်ရှိပါ့ဦးမလားလို့ တရုတ်ပြည်သူတို့ စိတ်ပူနေကြပြီ။ လွန်ခဲ့တဲ့ရက်အနည်းငယ်က ရေဖိအားကြီးမားတာမို့ မြစ်ဆုံဆည်သုံးခုစလုံးရဲ့ အဆောက်အအုံတွေ ပုံပျက်နေပြီကိုး။ ရေကာတာကြီးက ဟိုကရွဲ့၊ ဒီကပေါက်..။

ရေကာတာကြီးကို အသေအချာ အခိုင်အမာရောဆောက်ခဲ့ရဲ့လားလို့ တရုတ်ပြည်သူတို့ သံသယဝင်ကြ..။ အဲ့ဒိရေကာတာကြီးမှာ ကမ္ဘာကို အသိမပေးတဲ့လှို့ဝှက်ချက်တွေရှိတယ်။ သိပ်ကြောက်စရာကောင်းတယ်လို့ဆိုတယ်။

မြစ်ကျဉ်းသုံးသွယ် ရေကာတာကြီး ကျိုးပေါက်ခဲ့ရင် ဘာတွေဖြစ်မလဲဆိုတာ ပြထားတဲ့ဗီဒီယိုဟာ တရုတ်ပြည်သူတွေကို သတိပေးနေပြီ။

အဲ့ဒီ ဗီဒီယိုဟာ ရေကာတာကြီးပြိုကျရင် ဖြစ်ပေါ်လာမယ့် အကြီးအကျယ်ရေကြီးမှုကိုပုံဖော်ထားတယ်။ ဗီဒီယိုမှာ ရေလွှမ်းမိုးရင် ရေတွေဖုံးမယ့် လမ်းကြောင်းကိုဖော်ပြထားတယ်။ ဝူဟန်မြို့ ရေလွှမ်းမိုးမှုရဲ့ အမြန်နှုန်းနဲ့ အတိမ်အနက်ကို ခန့်မှန်းထားတယ်။

ဗီဒီယိုအရ ရေကာတာကြီးပြိုကျရင် ဖြစ်လာမယ့် ဆိုးကျိုးတွေက ရေကာတာကြီးမရှိခင် ၁၉၅၄ ခုနှစ်ထက် အဆပေါင်းများစွာ ကြောက်စရာကောင်းနေတယ်။

မြစ်ကျဉ်းသုံးသွယ်ရေကာတာဆည်ကြီး အခြေအနေ မကောင်း၊ ပြိုတော့မယ်လို့ ကမ္ဘာအရပ်ရပ်က ခန့်မှန်းနေကြပြီ။ အလွန် အန္တရယ်များနေပြီ..။

တရုတ်အရေးပေါ်စီမံခန့်ခွဲရေး၀န်ကြီးဌာနကပြောတာတော့ အခုလောလောဆယ် ပြည်နယ်ပေါင်းတစ်ဒါဇင်ကျော်က လူပေါင်းသန်း ၄၀ ခန့်ရေဘေးသင့်နေတယ်တဲ့။ ရေကြီးတဲ့အတွက် ဇူလိုင် ၁၂ ရက်အထိ ယွမ် ဘီလီယံ ၈၀ (ဒေါ်လာ ၁၁.၅ ဘီလီယံ) စီးပွါးရေး တိုက်ရိုက်ပျက်စီးခဲ့။အိုးအိမ်ပေါင်း ၂၈၀၀၀ ခန့်ပြိုကျခဲ့ပြီး။ အိုးအိမ်များစွန့်ခွါထွက်ပြေးရသူတွေလည်း သန်းပေါင်းများစွာ။ အနည်းဆုံးလူပေါင်း ၁၄၁ ယောက်သေဆုံး၊ ပျောက်ဆုံး။

ဝူဟန်တဲ့။ ဝူဟန်ဆိုတဲ့နာမည်က ယန်ဇီမြစ်ရဲ့ မြောက်ဘက်နဲ့ တောင်ဘက်မြစ်ကမ်းမှာရှိတဲ့ မြို့တော် နှစ်ခုရဲ့ အမည်ကို ပေါင်းစပ်ခေါ်ဝေါ်ထားတာဖြစ်တယ်။ “ဝူ” ဆိုတဲ့အမည်က ယန်ဇီမြစ်ရဲ့ တောင်ဘက်ကမ်းမှာ ရှိတဲ့ ဝူချန်မြို့..။ “ဟန်” ဆိုတဲ့ အမည်ကယန်ဇီမြစ်ရဲ့ မြောက်ဘက်ကမ်းမှာရှိတဲ့ ဟန်ကိုးမြို့..။ ယန်ဇီမြစ်ကိုချစ်တဲ့ ဝူဟန်မြို့ကြီး ယန်ဇီမြစ်ရဲ့အောက်မှာ အကျည်းမတန်စေလိုပါ။

ယန်ဇီမြစ် ရဲ့ အထက်မှာပဲ လှလှပပ အမြဲရှိနိုင်ပါစေလို့။

မရွှေမိုး (ကိုရီးယား)
July 25th,2020.

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page