အပူချိန် (၄) ဒီဂရီ ထပ်တိုးလာသည်နှင့် ရန်ကုန်မြို့ကြီးတခုလုံး ရေအောက်သို့ ရောက်မည်
အပူချိန် (၄) ဒီဂရီ ထပ်တိုးလာသည်နှင့် ရန်ကုန်မြို့ကြီးတခုလုံး ရေအောက်သို့ ရောက်မည်…
ရန်ကုန်မြို့သည် လာမည့်သက္ကရာဇ် ၂၁၀၀ ပြည့်ချိန်တွင် ဖြစ်ပေါ်လာမည့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင်း ရေအောက်သို့ရောက်သွားရန် ဖြစ်နိုင်ခြေများနေကြောင်း ရာသီဥတုပြောင်းလဲမှုစောင့်ကြည့်ရေး အင်န်ဂျီအိုအဖွဲ့က စစ်တမ်းတစ်ရပ်ထုတ်ပြန်ထားသည်ဟု Coconuts.co ဝက်ဘ်ဆိုက်က ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် လက်ရှိတွင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကို ခုခံနိုင်စွမ်းအားနည်းသောနိုင်ငံများအနက်တွင် တစ်နိုင်ငံ အပါအဝင်ဖြစ်နေပြီး စံချိန်တင် မြစ်ရေလျှံမှု၊ အင်အားပြင်း မုန်တိုင်းများ ဝင်ရောက်မှုနှင့် ခန့်မှန်းမရနိုင်သော မိုးရွာသွန်းမှုဖြစ်စဉ်များမှာ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိကြောင်း ယင်းစစ်တမ်းက အသိပေးထားသည်။
သမိုင်းပညာရှင် ဦးသန်းမြင့်ဦးကလည်း လွန်ခဲ့တဲ့နှစ်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် beforetheflood.com က ရေးသားသည့် သတင်းကို ကိုးကားကာ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်က မြန်မာနိုင်ငံအပေါ် မည်သို့မည်ပုံ သက်ရောက်နိုင်ကြောင်း မှတ်ချက်ပေးထားခဲ့ပြီး ရာသီဥတုပြောင်းလဲလာမှုကို တန်ပြန်နိုင်ရန် ဆောင်ရွက်ခြင်းနှင့် ကမ္ဘာတစ်ဝန်း၌ သဘာဝပတ်ဝန်းကျင်ကို ပြုပြင်ထိန်းသိမ်းရန် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံအနေနှင့် ရှေ့တန်းက ပါဝင်ဆောင်ရွက်သင့်နေပြီဖြစ်ကြောင်းလည်း ယင်းသတင်းက တိုက်တွန်းထားခဲ့သည်။
ကမ္ဘာကြီး၏ လက်ရှိအပူချိန်သည် နှစ်ဒီဂရီ ဆဲလ်စီးယပ်စ်မှ လေးဒီဂရီ ဆဲလ်စီးယပ်စ်သို့ ထပ်မံတိုးမြင့်လာခဲ့ပါက ရန်ကုန်မြို့၏ပင်လယ်ရေမျက်နှာပြင်မှာ မြင့်တက်လာတော့မည်ဟု ခန့်မှန်းခြင်းခံထားရပြီး ပဲရစ်ရာသီဥတုဆိုင်ရာ သဘောတူညီချက်ကမူ ကမ္ဘာကြီး၏အပူချိန်ကို လက်ရှိထက် နှစ်ဒီဂရီ ဆဲလ်စီးယပ်စ် ပိုတိုးမလာစေရန် ထိန်းသိမ်းသွားမည်ဟု ရည်ရွယ်ထားသည်။
သို့သော် သိပ္ပံပညာရှင်များက လာမည့် ၂၀၅၀ ပြည့်နှစ်သို့ရောက်သောအခါတွင်မူ ကမ္ဘာကြီး၏အပူချိန်မှာ လက်ရှိထက် နှစ်ဒီဂရီ ဆဲလ်စီးယပ်စ်ကျော်လွန်သွားတော့မည်ဟု လက်ခံထားကြပြီး လက်ရှိရာစုနှစ်နှောင်းပိုင်းတွင်မူ အပူချိန်မြင့်တက်မှုမှာ လေးဒီဂရီ ဆဲလ်စီးယပ်စ် ကျော်လွန်သွားနိုင်သည်ဟု ၎င်းတို့က ခန့်မှန်းထားကြသည်။
ကမ္ဘာကြီး၏အပူချိန်သည် လက်ရှိထက် နှစ်ဒဂရီဆဲလ်စီးယပ်စ် ပိုမိုမြင့်တက်သွားသည်နှင့်တစ်ပြိုင်နက် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတစ်ခုလုံး ရေအောက်သို့ ရောက်ရှိသွားတော့မည်ဖြစ်ကာ ဒလ၊ ဆိပ်ကြီးခနောင်တို၊ လှိုင်သာယာနှင့် ကြည့်မြင်တိုင်မြို့များ၏ အစိတ်အပိုင်းများစွာမှာလည်း ရေအောက်သို့ ရောက်သွားတော့မည်ဖြစ်သည်။
ကမ္ဘာကြီး၏အပူချိန်သည် လက်ရှိထက် လေးဒဂရီဆဲလ်စီးယပ်စ် ပိုမိုမြင့်တက်သွားချိန်တွင်မူ လှိုင်မြို့နယ်တစ်ခုကလွဲ၍ ရန်ကုန်တိုင်းရှိ အခြားသောမြို့နယ်များအားလုံးမှာ ရေအောက်သို့ နစ်မြုပ်သွားတော့မည်ဖြစ်ပြီး မြန်မာအစိုးရဝန်ကြီးဌာနများနှင့် ကမ္ဘာ့ကုလသမဂ္ဂတို့ ၏ပူးတွဲထုတ်ပြန်ချက်တွင်လည်း လာမည့် ၂၀၈၀ ပြည့်နှစ်၌ နေရာအနှံ့အပြားတွင် ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုမှာ ၄၀ စင်တီမီတာမှာ ၈၀ စင်တီမီတာအထိ ရှိနိုင်ကြောင်း ပါရှိသည်။
အဆိုပါ စစ်တမ်းတွင် မြန်မာနိုင်ငံ၏ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုမှာ ၂၀၂၀ ပြည့်နှစ်တွင် ငါးစင်တီမီတာမှ ၁၃ စင်တီမီတာ၊ ၂၀၅၀ ပြည့်နှစ်တွင် ၂၀ စင်တီမီတာမှ ၄၁ စင်တီမီတာ၊ ၂၀၈၀ ပြည့်နှစ်တွင် ၃၄ စင်တီမီတာမှ ၈၃ စင်တီမီတာ၊ ယင်းနောက်ပိုင်းတွင်မူ ၁၂၂ စင်တာမီတာ အထိ မြင့်တက်လာနိုင်ကြောင်း ဖော်ပြပါရှိသည်။