ရေငံပိုင် ဦးရှင်ကြီးနှင့် မြန်မာ့ပင်လယ်ပြင်မှာ ငါးသယံဇာတတွေ နည်းပါးသွားရတဲ့ အကြောင်းအရင်း

ရေငံပိုင် ဦးရှင်ကြီးနှင့် မြန်မာ့ပင်လယ်ပြင်မှာ ဖမ်းစရာ ငါးသယံဇာတတွေ နည်းပါးသွားရတဲ့ အကြောင်းအရင်း…

“တောကြောင်မှ ဇီးကွက်” “တောကြောင်မှ ဇီးကွက်” “ရှီးခိုသီး လာနေတယ်” ရှီးခိုသီး ဆိုတာ ပဲ့နင်း၊ ငါးဆရာတွေရဲ့ စကားပြောစက် လျို့ဝှက်သင်္ကေတပါ။ ထားဝယ်လို “ရှီးခိုသီး” ဟာ “သင်္ဘေသီး” ဖြစ်တဲ့အတွက် ”ရေတပ်သင်္ဘော လာနေတယ်” လို့ ဆိုလိုတာပါ။ ဗမာစစ်ဗိုလ်တွေ နားမလည်အောင် ဒီစကားဝှက်ကို တီထွင်သုံးခဲ့ကြတာပါ။

နောက်ပိုင်း.. လှေသမားတွေသုံးတဲ့ Frequency မှာ ရှီးခိုသီး အသုံးအနှုံးကို စစ်သင်္ဘောက ရိပ်မိလာတဲ့အခါ..”ဦးရှင်ကြီး” ဆိုတဲ့ စကားဝှက်ကို ပြောင်းလဲအသုံးပြု ခဲ့ကြပါတယ်။ “လားဂီး အိမ်မှာ ဦးရှင်ဂီး” လို့ စက်ထဲမှာ ပြောလိုက်ရင်.. “ကျွန်းမဲနားမှာ အဖမ်းအဆီးသင်္ဘော ရှိနေတယ်” ဆိုတာကို အားလုံးက သဘောပေါက်ကြတယ်။ လှေအုပ်စုအလိုက် ကိုယ့်စကားဝှက်နဲ့ကိုယ် ထွင်ပြီးသုံးကြတယ်။

ဦးရှင်ဂီးကို မကြောက်လို့ မဖြစ်ဘူး။ ဖမ်းမိလို့ကတော့.. ဆီပေပါနဲ့ ရောင်းရလွယ်တဲ့ ပစ္စည်းတွေ.. သင်္ဘောပေါ် အကုန်မတင်မချင်း.. လှေသားအားလုံး တန်းစီပြီး နားအိမ် သွေးကျတဲ့အထိ ရိုက်ထုခံကြရတာကိုး။ ရှီးခိုသီး(ဦးရှင်ဂီး) ဘယ်နားရှိတယ် ဆိုတာကို B1 ကသိတယ်။ B1 က ကုန်းပေါ်မှာ Base ထိုင်ထားပြီး အကျိုးဆောင်အဖြစ် တာဝန်ယူတယ်။ B1 ကပဲ ရှိးခိုသီးနဲ့ တောကြောင်ကို ချိတ်ပေးတယ်။ တစ်ခါ တောကြောင်က (နှစ်ပေါက်တစ်ပေါက် ရိုက်ပြီး) ဇီးကွက်ဆိုတဲ့ လှေတစ်စီး ထပ်ပွားတယ်။

ပြန်ချုပ်လိုက်ရင်…ရှီးခိုးသီးက တစ်သီးစား။ B1 က ကော်မရှင် နှစ်သီးစား။ တောကြောင်က လှေနှစ်စီးပွားး။ (2008 မတိုင်ခင်က ပင်လယ်ပြင် အခြေအနေပါ)

မြန်မာ့ပင်လယ်ပြင်က ငါးတွေကို ရေဘုယျအားဖြင့် တရားမဝင် နည်းလမ်း (၃) မျိုးနဲ့ အခိုးခံနေရပါတယ်။

၁။ ကမ်းဝေးငါးဖမ်း လိုင်စင်ရှိတယ်။ ဒါပေမဲ့ကမ်းနဲ့ ၁၀ မိုင်အတွင်း လာဖမ်းကြတယ်။ ဒေသခံ တံငါသည်တွေအတွက် ဖမ်းစရာငါး ရှားသွားတယ်။

၂။ ကမ်းနီးလိုင်စင်ရှိတယ်။ ကမ်းနီးမှာ ငါးနည်းသွားတော့ ငါးမျိုးတုန်းနိုင်တဲ့ ခေတ်မီနည်း ပညာမျိုးစုံနဲ့ ငါးဖမ်းကြတယ်။ အနုမြူမီး နည်းပညာကိုသုံးတယ်။ ထော်လာဂျီ ဆိုပြီး တနိုင်တပိုင် ဒရွတ်ဆွဲပိုက်နဲ့ ငါးဖမ်းတယ်။ ဗုံးခွဲဖမ်းတယ်။

၃။ ဘာလိုင်စင်မှ မရှိတဲ့ ငါးခိုးဖမ်းလှေ စစ်စစ်တွေဖြစ်တယ်။ လှေလောကမှာတော့ “ခိုးဆွဲလှေ” ဆိုပြီး ပြောဆိုသုံးနှုန်းကြတယ်။

ခိုးဆွဲလှေတွေကို ထိုင်းလူမျိုးတွေ ပိုင်တာများတယ်။ ပဲ့နင်း၊စက်ဆရာ ရေရှူး၊ လှေသား အားလုံး မြန်မာတွေချည်းပဲ။ မြန်မာ့ပင်လယ်ထဲက မြန်မာ့ငါးတွေကို မြန်မာတွေကိုယ်တိုင် ခိုးပေး။ အခန့်မသင့်လို့ အဖမ်းခံရရင် နှစ်ရှည်ထောင်နန်းစံကြရတယ်။ လှေပိုင်ရှင် ထိုင်းသူဌေးကတော့ ၅ ခေါက်လောက်အောင်တာနဲ့ အရင်းကြေသွားပြီ။

မြန်မာရေတပ်သင်္ဘော လက်နက်ကြီးနဲ့ ထုလို့ ထိုင်းရေပိုင်နက်ထဲ ဝင်ပြေးတော့လည်း.. ထိုင်း Marine Police က လဝကအမှုနဲ့ အဖမ်းခံရ တတ်သေးတယ်။ မြန်မာ့ငါးတွေ အခိုးခံရခြင်းရဲ့ အဓိကတရားခံ တွေထဲမှာ.. အဲဒီကိစ္စကို ကာကွယ်ဖို့ တာဝန်ရှိတဲ့ ရေငံပိုင် ဦးရှင်ကြီးတွေ ပါဝင်နေတယ်ဆိုရင် ဘာငြင်းချင်သလဲ?။

Win Htein (မိမိရေးသားခဲ့သည့် “ကိုယ့်ဘဏ္ဍာ ကိုယ်ခိုး ကိုယ့်လူမျိုးတွေ” ဆောင်းပါးမှ ကောက်နှုတ်ချက် ဖြစ်သည်)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page