ရေဆင်ဂျင်း၊ မိုးကြိုးသွားဂျင်းနဲ့ သိန်းသောင်းချီ မက်လုံးပေးပြီး လိမ်တဲ့နည်းကို ဖော်လိုက်ပါပြီ
လောကမှာ လိမ်ပုံလိမ်နည်းတွေ အများကြီး ရှိတယ်၊ ယုံလွယ်ပြီး အတွေ့အကြုံနည်းသေးတဲ့ သူဆိုလိမ်ခံရတယ်၊ ဘဝကို ပြောင်းလဲချင်တဲ့ စိတ် ပြင်းထန်တဲ့ သူတွေဆို အဲစိတ်က လွှမ်းမိုးနေတော့ ပိုလိမ်ခံရတတ်တယ်၊ ကောင်းတော့ ကောင်းပါတယ်၊ အောင်မြင်ဖို့ အတွက် ဒီလိုအတွေ့အကြုံတွေ လိုတယ်၊
လွန်ခဲ့တဲ့တလလောက်က ရေဆင်ပုံလေး ဖဘ မှာတွေ့လိုက်တော့ ရေးချင်စိတ်လေး ပေါ်လာလို့ ရေးလိုက်ပါပြီ၊
ဒီဈေးကွက်ကို တော်ရုံလူဗဟုသုတ ရှိခဲတယ်၊ ဒါကြောင့်လဲ လိမ်လို့ကောင်းတယ်၊ ထူးခြား စွမ်းရည် ရှိတဲ့ ပစ္စည်းတွေ၊ တိရစ္ဆာန်ပစ္စည်းတွေ နဲ့ တည်ဆောက် ထားတယ်၊ ယုံချင်စရာ ဖြစ်တတ် တယ်၊ ဈေးနှုန်းလေးတွေ ကြားရင် ညအိပ်လို့ တောင်မပျော်ဘူး၊ သိန်းတစ်သောင်း တို့၊ သိန်းတစ်သိန်းတို့ပေါ့၊
ဘာပစ္စည်းတွေပါလဲဆိုတော့ ၁၊ ရေဆင်စွယ် ၂၊ တောက်တဲ့ ၃၊ ဝက်စွယ်ပိတ်၊ အမတေ၊ မာန်စွယ်အမျိုးမျိုး ၄၊ ကြေးခြစ်ပိတ် ၅၊ မိုးကြိုးသွား ၆၊ ညာတင်ကုတ်ရုပ်ထု ၇၊ လက်ပံခါး ၈၊ အဆိပ်ဖြေပန်းကန်ပြားလုံး ၉၊ အောက်လင်းဓာတ်မီး ၁၀၊ ဟင်္သာအလေး ၁၁၊ ပြဒါးယို၊ ပြဒါးငုပ် မှတ်မိသလောက် ကောက်ရေးတာ၊
ဘာပစ္စည်း ဖြစ်ဖြစ် ထူးခြားဆန်းကြယ်ဆို ဒီဈေးကွက် မှာလုပ်စားလို့ရတယ်၊ အဲဒါအကုန် အလိမ်တွေပဲ၊ ရေဆင်စွယ် အကြောင်း နမူနာ ရေးပြပါ့မယ်၊ လုပ်စားနည်းလေး ကလည်း ပညာပါတယ်၊ လုပ်စားနည်းလေး မရေးခင် ရေဆင်စွယ် အကြောင်းအရင် ရှင်းပါ့မယ်။
ရေဆင်စွယ်ဆိုတာ ဂမ္ဗီရ ပစ္စည်းတစ်မျိုး၊ ရေထဲမှာ နေတဲ့ဆင်ပုံစံ အသေးစားသတ္တဝါ သေသွားတာကို အခြောက်ခံထားတာ၊ ဆင်တွေကို နိုင်တယ်လို့ ဆိုတယ်၊ ရေဆင်စွယ် စစ်မစစ် စမ်းနည်းအများကြီး ရှိတယ်၊
အဓိက ၂ နည်းကတော့ ဆင်သွားလမ်းမှာ ချထားတယ်၊ ဆင်ကို ဆင်ဦးစီးက အဲလမ်းကိုဖြတ် ခိုင်းရင် မရတော့ဘူး၊ နောက်ဆုတ်ပြေးတယ်၊ ဒါက ပထမနည်း၊ ဒုတိယနည်းက ဌက်ပျောမတက် လို့ ခေါ်တယ်၊ ရေဆင်စွယ်ကို ဌက်ပျော ပင်စည် ရဲ့အလယ် လောက်မှာ အရင်စိုက်၊ ပြီးရင် ဒီအစွယ် စိုက်ပြီးသား အပေါ်ကနေ ပင်စည်ကို ဓားနဲ့ ခုတ်ပိုင်းလိုက်၊ ၄၅ မိနစ် သို့ ၁ နာရီ စောင့်ကြည့်၊ အလည်အူတိုင်က အတက် ထွက်မလာရင် စစ်တယ်ဆိုတယ်၊
သဘာဝ အတိုင်း ဆို မိနစ် ၂၀ လောက်ဆိုရင် ထွက်လာ ပါတယ်၊ ပထမနည်းက ဆင်ရှာရတာ ခက်တဲ့အတွက် ဌက်ပျောမတက်နည်း ကိုပဲ အများဆုံး စမ်းကြတယ်၊ မိုးကြိုးသွား စမ်းရင် လည်း ဌက်ပျောမတက်နည်း သုံးကြပါတယ်၊
ကဲလုပ်စားပုံလေးစပြီ၊ လိမ်မယ့်သူက ရန်ကုန်မှာ အခန်းလေး တစ်ခု ငှားရတယ်၊ နည်းနည်း အပြင်အဆင်လေး သားနားအောင် လုပ်၊ လိမ်မယ့်သူက ဥပတိရုပ် ကောင်းတဲ့လူဆို ပိုကောင်းတယ်၊ နာမယ်က မစ္စတာအေ ဆိုပါစို့၊
သတင်းလေး တစ်ခု လွှင့်လိုက်တယ်၊ နိုင်ငံခြားမှာ ဒါမျိုးတွေကို ဝယ်တဲ့သူဌေးကြီး တစ်ယောက် ရှိတယ်၊ သူကအဲဒီ သူဌေးရဲ့လူယုံ၊ ဒီပစ္စည်းမျိုး ရှာခိုင်းတယ်၊ ငွေကတော့ စိတ်မပူနဲ့ဆိုပြီး မောင်ကကြီးရယ်၊ မောင်ခခွေးရယ်၊ မောင်ဂငယ် ရယ်ကို လူခွဲတွေ့ပြီး သတင်းဖြန့်လိုက်တယ်၊
သူတို့အချင်းချင်းမသိဘူး၊ မစ္စတာအေ ကသူ့နာမည်ကို မတူအောင်သုံးမျိုး သုံးတယ်၊ ဒီသုံးယောက် ကတော့ အဲဒီည အိပ်မပျော် ကြဘူး၊ ကြားရတဲ့ဈေး က သိန်း ၁၅၀၀၀ တဲ့၊ နောက်နေ့ကနေ စပြီး ရှိသမျှ အလုပ်ဖျက် လိုက်ရှာကြရော၊ ချက်ချင်း ဘဝပြောင်းမှာကိုး၊
နယ်တနယ်က ဒီပစ္စည်း ပိုင်ရှင် တစ်ယောက်နဲ့ မောင်ကကြီး ကပထမဆုံး အဆက်အသွယ် ရတယ်၊ ဘယ်လောက် ရောင်း မလဲမေးတော့ ပိုင်ရှင်က သိန်း ၂၀၀ ရရင် ရောင်းချင်တယ် ပြောတယ်၊ ကဲ သိန်း ၂၀၀ နဲ့ သိန်း ၁၅၀၀၀ ကြားက ခြားနားချက်၊ စဉ်းစားသာ ကြည့်တော့၊ နှလုံးမကောင်း ရင်သေလောက်တယ်၊
မောင်ကကြီး က လောဘစိတ် မပေါ်အောင် မျိုသိပ်ပြီး ပစ္စည်းစစ် ရင် တော့ ပေးမှာပေါ့ ဆိုပြီး ပြန်ဖြေတယ်၊ ပိုင်ရှင် ကလည်း စစ်တယ် ပေါ့၊ ခုန စမ်းနည်းနှစ်မျိုး လုံး ကြိုက်သလိုစမ်း၊ ရတယ်၊ သူ့ဆီလာပြီးစမ်းလို့ ဆိုတယ်၊
ဒီတော့ မစ္စတာအေ ကိုပြန် တင်ပြတော့ သူက ဒါမျိုးတွေရိုးနေပြီ၊ မစစ် တာများတယ်၊ ခရီး စရိတ်ပဲဆုံးတာ၊ အလုပ်လဲ ပျက်တယ်၊ ဒီတော့ငွေ အပေါင်မတင်ရင် မလိုက်ဘူး ဆိုတယ်၊ ငွေအပေါင်တင် ဖို့က အနည်းဆုံး ၁၀ သိန်းနဲ့ခရီးစရိတ် မစ္စတာအေ ကိုငွေအရင်ပေးခဲ့ရ မယ်၊ ပစ္စည်းစစ်ရင် သိန်း ၁၅၀၀၀ ပေးဝယ် မယ့်အပြင် ငွေပေါင် ၁၀ သိန်းရဲ့ သုံးဆ လျော်မယ်၊ စစ်လို့မဝယ်နိုင်ခဲ့လည်း သုံးဆထပ် လျော်မယ်၊ မစစ်ရင်တော့ ငွေအပေါင် အဆုံးဆိုပြီး စာချုပ်မယ်ပြောတယ်၊
ပိုင်ရှင် ကိုပြန်ပြောပြတော့ ပိုင်ရှင်က ငွေမရှိလို့အပေါင်မတင် နိုင်ဘူးလို့ဖြေတယ်၊ ဒါနဲ့ အရောင်းအဝယ် က ပျက်မလိုဖြစ် နေပြီ၊ ဒီတော့ မောင်ကကြီး မှာ စားရခါနီး လွတ်တော့မလို ဖြစ်နေတော့ ရန်ကုန်လိုက်ခဲ့ပါ၊ စရိတ် သူစိုက်ပါ့မယ် ဖြစ်ရော၊ ပိုင်ရှင်ကလည်း လိုက်မယ် သဘော တူတော့ မစ္စတာအေ ကို ရန်ကုန်လာမယ်ဆိုပြီး ဖုန်းပြန်ဆက်တယ်၊
မစ္စတာအေ ကဘာပြောပြန်လဲ ဆိုတော့ ရန်ကုန် လာလည်း လိုက်မကြည့် နိုင်ဘူး၊ အလုပ် ပျက်တယ်၊ ငွေအပေါင်တင်မှ အလုပ်လုပ်မယ်၊ မပါရင်မဆက်သွယ်ပါနဲ့တော့ ခပ်တင်းတင်း ဆိုတယ်၊ ငွေအပေါင် ပါ စိုက်ပြီး ခေါ်သင့်မသင့် စဉ်းစားနေတုန်း ပစ္စည်းပိုင်ရှင်ရဲ့ အသိ နောက် တစ်ယောက်က မောင်ခခွေး ကိုခေါ် လာပြီ၊ဘယ်လောက် ရောင်းမလဲ ဆိုတော့ မောင်က ကြီးနဲ့ပြောထားတာ သိန်း ၂၀၀လို့ပြောရော၊ မောင်ခခွေး က”ဟာနည်း တာပေါ့ ကျုပ်သူဌေးက သိန်း ၅၀၀ ပေးမယ် ပြောပြီ” ၊ ဟော မောင်ဂငယ်နဲ့လည်း အဆက်အသွယ် ရပြီ ၊ “ဒီနှစ်ယောက်လုံးထက် ကျုပ်ပိုပေး မယ်ဖြစ်လာရော”၊
အားလုံး က အပြိုင် အဆိုင်တက်ပေး ကြပြီ၊ ငွေအပေါင်ကို အပြိုင် အဆိုင် စိုက်ပေးကြမယ် ဖြစ်ကုန်ပြီ၊ မစိုက်လို့လဲ မဖြစ်ဘူးလေ၊ ပြိုင်ဘက်ပေါ် လာပြီ၊ ဒီအခွင့်အရေး ဆုံးသွားမှာဆိုတဲ့ လောဘက ဝင်သွားပြီ၊ ဘာမှမမြင်တော့ဘူး၊ စိုက်တာရဲ့သုံးဆ ပြန်ရမယ် ဆိုတဲ့ မက်လုံး ကလည်း ရှိပြန်တယ်၊
ကဲဒီတော့ ကကြီး၊ခခွေး၊ ဂငယ် သုံး ယောက် ထဲက ဆုံးဖြတ်ချက်မြန်တဲ့ တစ်ယောက်က မစ္စတာအေ ဆီသွား ငွေပေါင်တင်၊ စာချုပ်ချုပ်ပြီး ရန်ကုန် ခေါ်လာတယ်၊ ဒါမှမဟုတ် ပစ္စည်း ရှိတဲ့ နယ် ကိုခေါ်သွားပြီ၊ စမ်းကြပြီ၊ ကဲဘာ ဆက်ဖြစ် ကြမလဲ၊
ဘာမှမဖြစ်ဘူးဗျ၊ သိန်းသောင်းချီတဲ့ အရောင်း အဝယ်လဲမဖြစ်ပါဘူး၊ စမ်းကြည့် တယ်၊ မအောင်ပါ ဘူး၊ ဘယ်တော့မှလည်း မအောင်ဘူးဗျ၊ ပစ္စည်းပိုင် ရှင်လည်း သူ့ပစ္စည်း မစွမ်းတာကို ဝမ်းနည်းပက်လက်ငိုပြီး ပြန်သွားပြီ၊ ကြားကငွေစိုက်တဲ့သူ က တော့ကြောင်တောင်တောင်နဲ့ ငွေအပေါင် ဆုံးတာပေါ့ဗျာ၊
ဘာကြောင့်လဲ သိလား၊ အဲဒီ ပစ္စည်းပိုင်ရှင်နဲ့ဝယ်မယ်ဆိုတဲ့ မစ္စတာအေ ကသူငယ်ချင်း ဗျ၊ အရမ်းခင်တာ၊ အတူပေါင်း ကြံတာ၊ ဒါဆို မိတ်ဆွေတို့နားလည် လောက် ပါပြီ၊
တပွဲ ပြီးရင်တော့ နောက်လူသစ်တွေကို ထပ်လိမ်တာပေါ့ဗျာ၊ တရားစွဲလို့လဲ မရဘူးဗျ၊ စာချုပ်ကအပိုင်ချုပ်ထားတာ၊ ကျန်တဲ့ပစ္စည်း အားလုံး ဒီပုံစံမျိုးကို လှည့်သုံး တာပါပဲ၊ စမ်းပုံစမ်းနည်းမတူကြဘူး၊ လက်ပံခါး ဆို သံစိုက် စမ်းတယ်၊ ကြေးခြစ်ပိတ်ဆို သံနဲ့ခြစ်ပြီး စမ်းတယ်၊ ပန်းကန်ပြားဆို အရက်ပြန်ထည့် နာရီဝက်အတွင်း ရေဖြစ် မဖြစ်စမ်းတယ်၊ အဆိပ်ထည့်၊ ကြက်ကို ကျွေးပြီး သေမသေ စမ်းတယ်၊ သေချာ တာက အကုန်အလိမ် ချည်း ပါပဲ၊ ငွေအပေါင်လိမ်စား တဲ့စနစ်ပါ။
ပစ္စည်းအစစ် တချို့လည်း ရှိပါတယ်၊ တွေ့ဖူး ပါတယ်၊ ဒီအတိုင်းစမ်းရင် စွမ်းတယ်ဗျ၊ တကယ်ငွေပေါင် တင်ပြီး စမ်းရင် မစွမ်းတော့ ဘူး၊ အကြိမ်ကြိမ် လက်တွေ့ပါ၊ ဒီလုပ်ငန်း ထဲက ဝယ်တယ်ဆိုတဲ့ လူအားလုံး ဒီလျှို့ဝှက် ချက်ကို သိကြပါတယ်၊ ဒါကြောင့် လဲ သိန်းပေါင်း သိန်းဂဏန်းနဲ့ဝယ်မယ် ပြောရဲတာပေါ့၊ အာမခံပါတယ်၊ ဘယ်တော့မှ အရောင်းအဝယ် မဖြစ်ဘူးဗျ၊
မိတ်ဆွေတို့ထဲက မသိပဲ ဒီလုပ်ငန်းထဲ ပါမိနေရင် ရပ်လိုက်ပါတော့၊ ဖုန်းခကုန် တာက လွဲလို့မထူး စေရဘူး၊ ဖတ်မိတဲ့ မိတ်ဆွေ တွေထဲက ဒီအကြောင်း သိတဲ့သူရှိရင် ကွန်းမန့် ရေ်သွားပါဗျာ၊အားလုံးသိ သွားအောင်လို့ပါ။
H.H