တစ္ဆေကိုက်လို့ ကွယ်လွန်ခဲ့ရတဲ့ မြန်မာ့ရာဇဝင်ထဲက သူရဲကောင်းတဦး

တရုတ်စစ်သူကြီးဂါမဏိကို အနိုင်တိုက်နိုင်ခဲ့တဲ့ သူရဲကောင်းသမိန်ဗရန်းကို အင်းဝဘုရင်မင်းခေါင်က သဘောကျတော်မှုလှသဖြင့် ရာဇဓိရာဇ်ပေးသောစည်းစိမ်နှင့် ညီမျှအောင်ငါပေးမည်။ သမီးတော်ရာဇဓိတာနှင့်လည်းအပ်နှင်းမည် ဟုဆွဲဆောင်ပါတယ်။

သို့သော်သမိန်ဗရမ်းက ကျွန်ုပ်ဤအမှုတော်ကို ထမ်းဆောင်ခဲ့ခြင်းမှာ အချုပ်မှလွတ်လိုခြင်း၊ ကျွန်ုပ်၏အစွမ်းကိုသိစေခြင်း နှင့် ဟံသာဝတီသို့ပြန်လည်ပို့ဆောင်ခြင်း(သို့) ကျွန်ုပ်အားကွပ်မျက်ခြင်း စသည်တို့ကြောင့် ဖြစ်တယ်လို့ ပြန်လျှောက်တင်ပါတယ်။ ဘုရင်မင်းခေါင်က သမိန်ဗရမ်းသည် ကျေးဇူးရှိသူဖြစ်တာကြောင့် ကွပ်လဲ မကွပ်နိုင်၊ ဟံသာဝတီသို့လည်းပြန်မလွှတ်ချင်တာကြောင့် သမီးတော်ရာဇဓိတာနှင့် ဆွဲဆောင်စေပါတယ်။

သမီးတော်ရာဇဓိတာမှာ တခါမျှတပါးသော ယောင်္ကျားအား ကွမ်းမတည်စဖူး မျက်နှာမပြဖူးရာမျက်လွှာချ၍ သမိန်ဗရမ်းအားကြည့်ပါတယ်။ သမီးတော်ကို မြင်မြင်ချင်းသဘောကျသွားသော သမိန်ဗရမ်းတွေးသည်မှာ “ဘုရင်ကငါ့အား ပြန်လွှတ်တော့မည်မဟုတ်။ ငါ့အနေနှင့်ကုသိုလ်ကံရှိသော် ဟံသာဝတီသို့ပြန်ရပေမည်” ဟုဆိုကာ အမှုတော်ကိုထမ်းပါတော့တယ်။ ထိုသို့အမှုတော်ထမ်းမည်ဟုဆိုရာတွင် အချက် ၂ ချက်ကိုတောင်းပါတယ်။

ထိုအချက် ၂ ချက်မှာ – ၁။ ဟံသာဝတီနှင့် အင်းဝစစ်ဖြစ်ပါက မည်သည့်ဘက်ကမျှမကူပဲ ကြားနေအဖြစ်နေရန်၂။ ကျွန်ဟူသောအသုံးကိုမသုံးရန်၊ ထိုသို့သုံးသည်နှင့်ဟံသာဝတီကို ပြန်ရန်ဖြစ်ပါတယ်။ သို့ဖြင့်သမိန်ဗရမ်းနှင့် ရာဇာဓိတာတို့မှ သားယောင်္ကျားလေးမွေးဖွားရာ ဘုရင်မင်းခေါင်က ချစ်တော်မှု၍ ရင်ခွင်ပိုက်၍ တိုင်းပြည်ရေးရာဆွေးနွေးတော်မူပါတယ်။ တနေ့ ကလေးက ဘုရင်မင်းခေါင်ရဲ့ဆံပင်ကိုဆွဲချ၍ “ဟယ်ကျွန်သားကတော့ ကြာလျှင်မင်းရဲကျော်စွာဖြစ်ပေအုံးမယ်” ဟု နှုတ်မှ လွှတ်ခနဲထွက်သွားရာ ထိုညတွင်ပင် သမိန်ဗရမ်းသည် ဟံသာဝတီသို့ပြန်ပါတယ်။

ဘုရင်မင်းခေါင်လည်း သူ့အမှားအတွက် အလွန်စိတ်ထိခိုက်တော်မူပါတယ်။ ဟံသာဝတီပြန်ရောက်သော် ဖြစ်ကြောင်းကုန်စင်ကို ရာဇာဓိရာဇ်အားလျှောက်တင်ရာ သဘောကျတော်မူလှသဖြင့် ဒုန်းဝန်ကိုစားစေပါတယ်။ ဒုန်းဝန်စားသမိန်ဗရမ်းသည် ရာဇာဓိရာဇ်လွန်၍ သားတော်ဗညားကျန်းထံတွင် ဆက်လက်အမှုထမ်း၏။ ဒုန်းဝန်မှနံနက်မိုးသောက်ယံတွင်ထွက်ပြီး ဟံသာဝတီသို့မြင်းဖြင့်လာကာ ညနေချမ်းအချိန်တွင် ဒုန်းဝန်သို့ပြန်ပါတယ်။

တနေ့တွင် သမိန်ဗရမ်းသွားနေကြလမ်းတွင်ရှိသော ဣဘယဂါမရွာသို့ ဓားပြဝင်၏။ ရွာသားများက ဓားပြဗိုလ်အားဖမ်းမိကာ နှိပ်စက်ပြီး ရင်ကိုခွဲလိုက်ကာ အလောင်းကောင်ကို တံကျင်သီ၍ ရွာပြင်ဘက်တောလမ်းခရီးတွင် ချိတ်ဆွဲထားလိုက်ကြပါတယ်။

ဟံသာဝတီမှပြန်လာသော သမိန်ဗရမ်းသည် ထိုရွာအနီးသို့ရောက်လာသောအခါ “ဟယ်သမိန်ဗရမ်း နင့်မြင်းကိုငါလည်းစီးချင်လို့ ငါ့ကိုလည်းတင်သွားပါ” ဟူသော ထူးဆန်းသည့်စကားသံကို ကြားရသောအခါ စစ်သားကြီးသမိန်ဗရမ်းသည် ကြက်သီးမွှေးညှင်းထသွားလေ၏။ “သည်တောထဲမှာ ငါ့နာမည်ကိုတပ်ပြီး ဘယ်သူကမထီလေးစားခေါ်လိုက်ပါသနည်း” ဟုလှည့်ပတ်ရှာလေသော တစုံတယောက်မှမတွေ့ပဲ အလောင်းကောင်ကိုသာတွေ့လေသော် တစ္ဆေခြောက်လှန့်ကြောင်းသိသွား၍ ပို၍ဒေါသထွက်သွားပါတယ်။

” ဟယ်ဓားပြဆိုး နင့်ရင်ကိုသူတို့ခွဲလိုက်လို့ နင်သေနေပြီ၊ ဘာကြောင့်နင်မသွားသေးပဲ ငါ့ကိုခြောက်လှန့်နေသနည်း” ဟု နှုတ်မှအော်ငေါက်ကာ လက်ကလည်း ဓားရှည်ကိုဆွဲထုတ်ကာ ဓါးမြခေါင်းကိုဖြတ်ပြီး မြင်းမှာချိတ်ပြီးယူလာခဲ့ပါတယ်။

ခြောက်လှန့်တဲ့အတွက် ကြောက်လည်းကြောက် ဒေါသထွက်ပြီး လုပ်မိလုပ်ရာ လုပ်လိုက်တာနဲ့တူပါတယ်။ ထိုသို့ ပြန်ရင်း မြင်းကခုန်သောအခါ ဓားပြခေါင်းပြတ်ဟာ သမိန်ဗရမ်းရဲ့ဒူးကို ခဲပါတော့တယ်။ အမျိုးမျိုးဆွဲဖြတ်သော်လည်းမရ နောက်ဆုံးဓားနှောင့်ဖြင့် တအားရိုက်ချလိုက်တဲ့အခါမှ ခေါင်းပြတ်ဟာ မြေပေါ်ပြုတ်ကျသွားပါတယ်။ သို့သော်ဒူးခေါင်းတွင် သွားသုံးချောင်းသည် စိုက်၍ကျန်ခဲ့ပါတယ်။

သမားတော်များ ကြိုးစားပမ်းစားကုသသော်လည်း အနာမှာ အဆိပ်အတောက်ဖြစ်သဖြင့် မသက်သာလာတော့ပဲ ဝေဒနာပြင်းထန်လာကာ သုံးရက်မြောက်နေ့တွင် သမိန်ဗရမ်းအနိစ္စရောက်သွားခဲ့ပါတော့တယ်။ (ဒီအချက်ကို ယုံကြည်သူမယုံကြည်သူများရှိနိုင်ပေမယ့် သမိုင်းမှတ်တမ်းတွေကတော့ ဒီအတိုင်းပဲ မှတ်တမ်းတင်ထားခဲ့ပါတယ်)

ရာဇာဓိရာဇ်အရေး တော်ပုံကျမ်း-နိုင်ပန်းလှ _ မြန်မာ့စွယ်စုံကျမ်း

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page