ရေငံပိုင် ဦးရှင်ကြီးနဲ့ ဧရာဝတီတိုင်း မိန်းမလှကျွန်းက မိကျောင်းတွေရဲ့ ထူးခြားတဲ့ ပတ်သက်ဆက်နွယ်မှုများ
ဦးရှင်ကြီးသည်ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် ကိုးကွယ်ကြသော နတ်တစ်ပါးဖြစ်သည်။ ရေလမ်းခရီးကို စောင့်ရှောက်သည့် နတ်တစ်ပါးဖြစ်သည်ဟု အများက ယုံကြည်ကြသည်။ သူ၏ ရုပ်ထုကို ကျားသို့မဟုတ် မိကျောင်းတစ်ကောင်နှင့် တွဲဖက် ထုလုပ်လေ့ရှိပြီး တစ်ခါတရံတွင် စောင်းကိုင်ထားသည့် ပုံ ပြလေ့ ရှိသည်။
သူသည် နဂိုမူလက ပဲခူးဒေသရှိ ကစင်ရွာမှ စောင်းသမား ဖြစ်သည်။ ပါးစပ်ပြော ရာဇဝင်များအရ သူနှင့် အပေါင်းအပါ သစ်ခုတ်သမားများ အစားအစာရှာဖွေရာတွင် မိန်းမလှကျွန်းသို့ ရောက်ရှိသွားကြသည်။
သူ၏ စောင်းသံသည် နတ်ညီအစ်မနှစ်ယောက်ကို ဖမ်းစားခဲ့ပြီး သူမတို့က သူတို့၏ လှေကို ထွက်ခွာခွင့် မပြုခဲ့ပေ။ နောက်ဆုံး သူ၏ အသက်ကို စတေးမှ လှေအား ထွက်ခွာခွင့် ပြုခဲ့သည်။ သူသည် ကွယ်လွန်ပြီးနောက် နတ်ဖြစ်ခဲ့သည်။ ဦးရှင်ကြီး နတ်ပွဲအား ပုံမှန်အားဖြင့် မတ်လတွင် ကျင်းပလေ့ ရှိသည်။
ရေငန်ပိုင်ဦးရှင်ကြီး သမိုင်းနှင့်ပတ်သတ်၍ မိန်းမလှကျွန်းသည် မြစ်ဝကျွန်းပေါ်ဒေသတွင် အထူးထင်ရှားကျော်စောသော ကျွန်းဖြစ်သည်။ မွန်စာပေအက္ခရာတွင် မိန်မ္လ ဟုရေးသား၍ အဓိပ္ပါယ်မှာ မြရာပင်များပေါက်သောကျွန်း ဟု ခေါ်သည်။ ၎င်းမိန်းမလှကျွန်းတောင်ဖက်တွင် ကျွန်းညိုကြီးဟူသော ကျွန်းလည်းရှိသေးသည်။ ကျွန်းညိုကြီးတွင် ယခုအခါ လူနေအိမ်ခြေစည်ကားလျက် ကျွန်းညိုရွာ ဟုခေါ်ကြသည်။
သမိုင်းဖြစ်စဉ်တွင် ဘုရင်နှင့်သက္ကရာဇ်ကို မသိရ။ ရာမညတိုင်း မွန်လူမျိုးတို့ကောင်းစားစဉ်အခါက ပဲခူးနယ် ကစင်ရွာ (အချို့က စည်တီးရွာ) သား မောင်ရှင်သည် အသက်အရွယ် ငယ်စဉ်အခါက ဖခင်သူကြီး ကွယ်လွန်သွား၍ ဆင်းရဲနွမ်းပါးပြီး သူ၏ ထူးချွန်စွာတတ်မြောက်သော စောင်းပညာဖြင့် ငွေကြေးရှာဖွေပြီး မိခင်မုဆိုးမ ဒေါ်ဖြူကို ကျွေးမွေးရရှာသည်။
မောင်ရှင်ကို သာမဏေမပြုရသေးသောကြောင့် ဒေါ်ဖြူက သူ၏ခင်ပွန်းမကွယ်လွန်မီ ကောင်းစားစဉ်အခါက အစ်မဖြစ်သူ ဒေါ်သူကို ငွေသုံးပိဿာ ချေးငှားထားခဲ့ဖူးသည်ကို သတိရ၍ ယခုအခါ ဒေါ်သူမှာ ကြွယ်ဝချမ်းသာနေသည်ဖြစ်သောကြောင့် သားကလေးရှင်ပြုရန်အတွက် သွားရောက်တောင်းဆိုရာ ဒေါ်သူက အမျိုးမျိုးဆဲဆိုကြိမ်းမောင်းနှိပ်စက် လွှတ်လိုက်သည့်အတွက် ရှက်လည်းရှက် စိတ်လည်းနာ၍ သားအမိနှစ်ယောက် ဒလမြို့သို့ လာရောက်နေထိုင်ကြရာ မောင်ရှင်က ရှင်သာမဏေပြုရန် ငွေကြေးရအောင် မျောခုတ်သမား လှေထိုးသားအဖြစ်နှင့် လိုက်သွားရာ မိန်းမလှကျွန်းသို့ ရောက်လေသည်။
ဇာတ်သဘင်များက ကပြရာတွင် မောင်ရှင်၏အကိုဝမ်းကွဲတော်သူ ဒေါ်သူ၏သား ကိုဘိုးအောင်ကိုပါ ထည့်သွင်းကပြကြသည်မှာ လွမ်းအောင်ဆွေးအောင် ဇာတ်ပို့ဆောင်သူအဖြစ်နှင့် ထည့်သွင်းကပြကြဟန်တူသည်။ မိန်းမလှကျွန်း၌ ကရင်မုဆိုးမကြီး သမီးလေးယောက် ကျားကိုက်၍ သေရပြီး အစိမ်းနတ်အဖြစ် စောင့်နေကြရသည်။
မောင်ရှင်တို့လှေ မိန်းမလှကျွန်းသို့ရောက်ခဲ့ကြပြီး မျောများခုတ်၍ယူကြစဉ် မောင်ရှင်လှေကိုစောင့်၍နေရစ်ခဲ့ရာ အပျင်းပြေစောင်းတီးသောအခါ မိန်းမလှကျွန်းကိုစောင့်နေသော နတ်သမီးများက သဘောကျပြီး မျောခုတ်ပြီး လှေထွက်မည်ပြုလုပ်သောအခါ လှေမထွက်နိုင်အောင် ဆွဲထားသည်နှင့် မဲချသောအခါ မောင်ရှင်ကို မဲသုံးကြိမ်ကျ၍ လှေသူကြီးက မောင်ရှင်အား ရေထဲသို့ပစ်ချရာ ရေထဲမရောက်ခင်ပျောက်သွားပြီး အရှင်လတ်လတ် နတ်ဖြစ်သွားသည်ဟု ဆိုသည်။ ၎င်းကို ရေငန်ပိုင်ဦးရှင်ကြီးဟုခေါ်ကြသည့်အပြင် ကျွန်းညိုရှင် ဟုလည်း ခေါ်ကြသေးသည်။
ရေငန်ပိုင်မြို့ရွာဒေသတို့တွင် အများအားဖြင့် ဦးရှင်ကြီးကိုအထူးယုံကြည်၍ တင်မြှောက်ပသကိုးကွယ်ကြသည်။ ကျွန်းညိုရွာ ဒေသခံများက ရေငံပိုင်ဦးရှင်ကြီးသည် ယနေ့အချိန်အထိ ကျွန်းညိုကြီးပေါ်တွင်နေထိုင်လျက်ရှိသည်ဟု ယုံကြည်ကြသည်။
ဒေသခံများသည် အစွဲအလမ်း အလွန်ကြီးမားပြီး ဤကျွန်းသည် အလွန်နတ်ကြီးသည့် နေရာဖြစ်သည်ဟု ယုံကြည်ကြသည်။ ကျွန်းအနီးတွင် အပြောအဆိုမှအစ အမှားမရှိစေရန်၊ အထူးသဖြင့် မိကျောင်းများကို ရန်မရှာရန်ဟု ဆိုကြသည်။
ဒီဒေသရှိ မိကျောင်းများအားလုံးသည် ရေငံပိုင်ဦးရှင်ကြီး၏ အစောင့်အရှောက်များ ဖြစ်သည်ဟု ဆိုကြသည်။ တစ်စုံတစ်ရာ အမှားအယွင်း ရှိခဲ့ပါက ဦးရှင်ကြီးမှ မိကျောင်းဖြင့် တိုက်လိမ့်မည်ဟုလည်း ယုံကြည်ကြသည်။