ရန်ကုန်သားတွေ မေ့ချင်ယောင်ဆောင်ထားကြတဲ့ ဖြစ်လာနိုင်မယ့် အန္တရာယ်တခု

ပြီးခဲ့တဲ့ အပါတ်က ရန်ကုန်ကို ခန ပြန်ရောက်တယ်။ တောင်ဥက္ကလာပက သူငယ်ချင်းတစ်ယောက်ဆီ သွားလည်တယ်။ သူနဲ့ စကားပြောရင်း သူ့အိမ်ဘေးက တစ်ထပ်အိမ်တအိမ်ရဲ့ ခြံဝင်းထဲက အိမ်ရှေ့မြေကွက်လပ်မှာ အဝီစိတွင်း တူးနေတာ တွေ့လိုက်တယ်။ သူ့ကို အဲဒီအိမ်က အဝီစိတွင်းတူးတာ ပါမစ် ရှိလားဆိုတော့ သူမသိဘူးတဲ့။ သွားမမေးဘူးလားဆိုတော့ လည်း သူနဲ့မဆိုင်လို့ မမေးဘူးတဲ့။

သူ့ကို ပြောလိုက်တယ်။ မင်း နေတဲ့ ၈ ထပ်က အခန်းကို ရောင်းပြီး တခြားမှာ သွားနေတော့ဆိုတော့ သူက လန့်ဖြတ်သွား ပြီး ဘာဖြစ်လို့လဲတဲ့။ ကျနော်က ပြောလိုက်တယ်။ ဘေးအိမ်က အဝီစိတွင်းက နေ့စဉ်ရေတွေ စုပ်နေတာ တချိန်မှာ မြေအောက်မှာ ရှိတဲ့ ရေထုနည်းလာမယ်။ မြေဂလှိုင်ကြီးတွေ ဖြစ်လာမယ်။ မြေအောက်မှာ မြေပြိုမှု ဖြစ်လာမယ်။ သူ့ ၈ ထပ် တိုက်ဟာ အရင်က ဆောက်ခဲ့ပြီး pile ရိုက်ထားတာ မဟုတ်လို့ တိုက်ကြီး စောင်းသွားမယ်။ အဆင်မသင့်ရင် တိုက်ကြီး ပြိုကျသွားနိုင်တယ်လို့။ သူ ဘာဆက်လုပ်သလဲတော့ မသိပါ။

ကျနော်ဟာ ဘူမိဗေဒပညာရှင် မဟုတ်လို့ ချက်လက်နဲ့ မရှင်းပြတတ်ပါ။ ဒါက သာမန်လူတွေ တွေးကြည့်ရင် သိနိုင်ပါတယ်။ ရန်ကုန်မှာ အဝီစိတွင်းတွေကို ကိုယ့်သဘောနဲ့ တူးနေကြရင် အထပ်မြင့်အဆောက်အဦတွေအတွက် အန္တရာယ် ရှိနေပြီဆိုတာ အသိပေးလိုက်ပါရစေ။ သင့်အိမ်ဘေးမှာ အဝီစိတွင်းတူးနေရင် သူ့ခြံဝင်းထဲ လုပ်နေတာပဲ ငါနဲ့ မဆိုင်ပါဘူးဆိုပြီး အမှုမဲ့ အမှတ်မဲ့ မနေပါနဲ့။ မြေကြီး ပေါ်မှာသာ ခြံဝင်းနဲ့ နယ်နိမိတ်သတ်မှတ်ထားတာပါ။ မြေအောက်က ရေထုမှာ နယ်နိမိတ်မရှိပါ။ သူ့ခြံဝင်းထဲမှာ အဝီစိတွင်း က ရေစုပ်ရင်း မိမိတိုက်အောက်မှာ မြေဂလှိုင်ကြီးဖြစ်လို မြေနိမ့်ကျသွားပြီး မိမိတိုက်ပြိုသွားနိုင်တယ်၊ ၊ မြေကြီးထဲ ကျွံဝင်သွားနိုင်တယ်ဆိုတာက်ု သတိပြုနားလည်ထားစေချင်ပါတယ်။

သတင်းစာတွေမှာ ဖတ်မိသမျှ ပြောရရင် ဘန်ကောက်မြို့မှာ မြေအောက်က ရေထုတ်များတာရယ်၊ အဆောက်အဦမြင့်ကြီး တွေရဲ့ အလေးချိန်ကို မခံနိုင်တာရယ်၊ မြေအောက်ရထားလမ်းတွေကြောင့် ဘန်ကောက်မြို့ကြီးဟာ တနှစ်ကို ၄ လက်မ နူန်းနဲ့ မြေကြီးထဲကို ကျွံဝင်နေပါတယ်။ ပိုဆိုးစေတာက ကမ္ဘာကြီး ပူနွေးလာတာကြောင့် ဝန်ရိုးစွန်းက ရေခဲတောင်တွေ အရည်ပျော်ကျပြီး ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာပါတယ်။ ဘန်ကောက်မြို့ရဲ့ အနိမ့်ပိုင်းရပ်ကွက်တွေကို ပင်လယ် ရေတွေ စီးဝင်လာပါတယ်။

ဒါကို မဖြေရှင်းနိုင်ဘူးဆိုရင် ဘန်ကောင်မြို့ဟာ နောင် ၁၅ နှစ် (၂၀၃၀ ခုနစ်) လောက်ကျရင် ပင်လယ်ရေအောက် နစ်မြုပ်သွားလိမ့်မယ်တဲ့။ ဒီပြဿနာကို ဖြေရှင်းဖို့ ဘန်ကောက်မြို့ ပတ်လည်မှာ ပင်လယ်ရေကို ကာဆီးဖို့ အုတံတိုင်းကြီး တွေ တည်ဆောက်ရမှာဖြစ်ပြီး အဲဒီအတွက် ကုန်ကျစရိတ် ဘတ် ၅၀၀ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၄.၄ ဘီလီယံ) ကုန်ကျမှာ ဖြစ်ပါတယ်။

ကမ္ဘာ့အလယ်မှာ ဝင့်ဝင့်ကြွားကြွားနေနိုင်ဖို့ အထပ်မြင့်ကြီးတွေ ဆောက်ခဲ့တဲ့ ဘန်ကောက်မြို့ကြီးဟာ အဲဒီအကျိုးဆက်ကို အခု ခံစားနေရပါပြီ။ အဆောက်အဦးတွေ မြေကြီးထဲ ကျွံဝင်တာ ဘန်ကောက်မြို့ကြီး တခုထဲမဟုတ်ပါဘူး။ အဆောက်အဦ အမြင့်ကြီးတွေ ရှိကြတဲ့ အီတလီနိုင်ငံက ဗင်းနစ်မြို့နဲ့ အမေရိကန်နိုင်ငံက နယူးအောလင်း၊ လူဝီစီယာနားမြို့ကြီးတွေလဲ မြေကြီးထဲ နစ်ဝင်တဲ့ ပြဿနာကြုံနေရပါပြီ။

ရန်ကုန်မြို့ကြီးကို ခေတ်မီစေချင်လို့ အထပ်အမြင့်ကြီးတွေ ဆောက်ချင်ကြရင် ဒါတွေကို အတုယူ ဆင်ခြင်ကြဖို့ လိုပါတယ်။ အထူးသဖြင့် ပင်လယ်နဲ့ နီးတဲ့ ရန်ကုန်မြို့အတွက် ပညာရှင်တွေ အများကြီး စဉ်းစားလုပ်ဆောင်ဖို့ လိုပါတယ်။ (ko min zaw swe, Lwin Mar)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page