ရာဇဝင်ထဲမှာ အစွမ်းထက်လှတဲ့ နံကရိုင်းမယ်တော် (ခေါ်) ပဲခူးမယ်တော်ကြီးရဲ့ ဘဝဖြစ်စဉ်အကြောင်း

နတ်ကိုးကွယ်သူတချို့ရဲ့ အိမ်ခြံဝန်းထဲမှာ အမိုး၊ အကာပါတဲ့ လေးတိုင်စင်နဲ့ ကိုးကွယ်ထားတဲ့ ကျွဲခေါင်းဆောင်းထားတဲ့ နတ်ရုပ်တစ်ခုကို မြင်ဖူးကြမှာပါ။ အဲဒါကတော့ ပဲခူးမယ်တော် ခေါ် နံကရိုင်း မယ်တော်ကို ပူဇော်ကိုးကွယ်ထားတာ ဖြစ်ပါတယ်။

နံကရိုင်းမယ်တော်ကို ကိုးကွယ်ခြင်းအားဖြင့် မကောင်းတဲ့ ပယောဂတွေ မဝင်နိုင်သလို ဆင်းရဲခြင်း၊ ဒုက္ခတွေကနေ ကာကွယ်ပေးတဲ့လို့လည်း နတ်ကိုးကွယ်သူတွေက ယုံကြည်ကြပါတယ်။ နံကရိုင်းမယ်တော်ကို ငါးရံ့၊ ရွှေဖရုံသီး၊ ကညွတ် စတာတွေနဲ့ ပူဇော်ပသလေ့ရှိပါတယ်။

နံကရိုင်းမယ်တော် (ခေါ်) ပဲခူးမယ်တော်ဟာ မွန်ရိုးရာ နတ်တစ်ပါးဖြစ်ပြီး ရှေးယခင်က မွန်တွေ အုပ်စိုးခဲ့တဲ့ ပဲခူး၊ ရန်ကုန်၊ တွံတေး၊ ဒလနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေအပြင် မွန်ပြည်နယ်ဘက်က နတ်ကိုးကွယ်သူတွေ ပူဇော်ပသလေ့ ရှိပါတယ်။ (လက်ဖက်ရည်တခွက်ရဲ့ ဒိုင်ယာရီ)

သတိထားသင့်သောအရာတစ်ခု၊ လူမျိုးရှိရင် ရိုးရာရှိပါတယ်။ ပဲခူးတလိုင်း ရှမ်းတလိုင်း အစရှိသော တလိုင်းနတ်တွေထဲမှာ ပဲခူးမယ်တော် ခေါ် နံကရိုင်းမယ်တော် မွန်ရိုးရာ ​က သတိကြီးကြီးထားရပါတယ်၊ မဏိမခေလာဒေဝီနတ်သမီးရဲ့ တန်ခိုးကို မယှဉ်နိုင်လို့ အဿကုမ္မာမင်းသား ကျောက်ရုပ်ဖြစ်မယ့်ဘေးမှ လွတ်စေရန် အဓိဌာန်ချက်ဖြင့် နတ်ဖြစ်ခဲ့သော သုံးပါးတစ်ဆူ မယ်တော်

ဒါကြောင့် မယ်တော်ဟာ ဝင်မပူးပါဘူး။ ရံဖန်ရံခါ ကျွဲဟန်ပြ၍ စက်စီးတတ်ပါသည်။ ရံဖန်ရံခါ နှုတ် နှင့် လက်သာစီး၍ စကားမပြောပါ အာရုံဖြင့်သာ ပြပါသည်။ သုံးထပ်ကယ် လယ်ပေါ်နန်းနဲ့ ထားရသလို မင်းမျိုးမင်းနွယ် ဖြစ်တဲ့အတွက် ဘုန်းကံရှိနေပြီး တော်ရုံ စက်မမိတတ်လို့ နှောက်လို့ နှောက်မှန်းမသိရတတ် မှားရင် စီးပွားပျက် ဘဝပါပျက်တတ်သည်။

မူလစက်ခံ စွဲရင်း ရှိပါမှ မယ်တော့်စက် စစ်လို့ရသည်။ သူတစ်ပါးတည်းဆိုရင် ဆရာတွေကိုလေးစားလို့သာ စက်ပြတတ်သည်။ ဝင်မပူးဘူး မစီးဘူး လူစိတ်မပျောက်ဘူး။ လူစိတ်ပျောက်ရင် မယ်တော်မဟုတ် မယ်တော့်ကိုယ်စားလမိုင်း၊ ပုံစံအားဖြင့်လည်း လမိုင်းပွဲ မပါမပြီးသောကြောင့် ကိုယ်စားများသည်။ သတိပြုရမှာက နန်းဆောက်ပြီးရင် ကိုယ့်သဘောနဲ့ကိုယ်မဖျက်ရ။ စကားမမှားရ။ မ စ ရင်လည်းကြီးပွားပြီမှတ်၊ နှောက်ရင်လည်း ဘဝပျက်တတ်သည်။ အမှားမခံသော မွန်ရိုးရာနံကရိုင်း (စမဓာတ်ပျော် ရွှေရင်ကျော်)

နံကရိုင်းမယ်တော် (ခေါ်) ပဲခူးမယ်တော်ကြီး။ ဘုရားရှင်၏ခြောက်ဝါမြောက် ရာဇဂြိုလ် ပြည်အနီး ကုလပဗ္ဗတတောင်ခြေ ချရားတော၌ သီတင်းသုံးတော်မူစဉ် မြန်မာနိုင်ငံမှ စူဋ္ဌသာလ မဟာသာလ ကုန်သည်ညီနောင်နှစ်ဦးတို့အား “ငါဘုရား ပရိနိဗ္ဗာန်စံယူပြီးနောက် သာသနာတော်နှစ် တစ်ထောင့်သုံးရာ ကျော်ပြီးလျှင်ဆံတော်ရှင်တည်ရာ သုဒဿတောင်၏ အရှေ့ဟံသာပဗ္ဗတ အမည်ရှိသော ဌာနေ၌ သမလကုမ္မာ ဝိမလကုမ္မာ အမည်ရှိမင်းညီနောင်နှစ်ပါးမှ ဟံသာဝတီ မင်းနေပြည်တော် တည်လိမ့် မည်”ဟု ဗျာဒိတ်စကား မိန့်တော်မူခဲ့၏။

ထိုဗျာဒိတ်စကားနှင့်အညီ ကောဇာသက္ကရာဇ် ၁၈၇ခုနှစ် တပေါင်းလပြည့်ကျော် ၁ရက် တနင်္လာနေ့တွင် သမလကုမ္မာမင်းသား သည် မွန်ဘာသာ “ကပိထော်” မြန်မာလို “ရွှေဖယုံမယ်” ဟုအမည်ရသော သတို့သမီး အား “အဂ္ဂမဟေသီထိုက္ခမီ” မိဖုရားခေါင် ကြီးဘွဲ့ချီးမြှင့်၍ ဟံသာပဗ္ဗတောင်အား ဟံသာဝတီဟူသော အမည်ဖြင့် ကမ္ဗည်းမော်ကွန်းစိုက်ထူပြီး ထီးသစ်နန်းသစ်တည်၍ ဘိသိတ်သွန်း မြှောက်မင်းပြုကာ ညီတော်ဝိမလကုမ္မာ မင်းသားအား အိမ်ရှေ့စံအဖြစ်ချီးမြှောက် တော်မူလေသည်။

သမလကုမ္မာမင်းသည် ညီတော်အိမ်ရှေ့စံ မင်းအား တက္ကသိုလ်ပြည်သို့ ပညာသင် သွားရောက်ရန်နှင့် ပညာစုံ၍ ပြန်လာပါက ကြီးစွာသောချီးမြှောက်ခြင်းပြုမည်ဟု ကတိထားပြီး ပညာသင်စေရန်စေလွှတ်ခဲ့ သည်။ သမလကုမ္မာမင်းကြီးသည် မိဖုရားကြီး ရွှေဖယုံမယ်နှင့်သားတော်တစ်ပါး ဖွားမြင်ပြီး နောက် တက္ကသိုလ်ပြည်မှပညာသင်ပြီး ပြန်လာသော ညီတော်အိမ်ရှေ့မင်းအား ချီးမြှောက်ရန်မေ့လျော့နေခဲ့သည်ကို အိမ်ရှေ့စံမင်းသား အမျက်ထွက်၍ အစ်ကိုတော်မင်းကြီးအား လုပ်ကြံပြီး ကောဇာသက္ကရာဇ် ၁၉ ခုနှစ်တွင် ဟံသာဝတီထီးနန်းကို သိမ်းယူ၍ စိုးစံအုပ်ချုပ် မင်းလုပ်လေသည်။

ဝိမလကုမ္မာမင်းမှ ထီနန်းကိုသိမ်းယူပြီး မရီးတော်ရွှေဖယုံမယ်အား မိဖုရားခေါင်ကြီး အဖြစ်ဆက်လက်မြှောက်စားသော်လည်း သမလကုမ္မာမင်းနှင့် ရွှေဖယုံမယ်မိဖုရား တို့မှမွေးဖွားထားသော သားတော်အား နယ်စွန်နယ်ဖျားတွင် သွားရောက်စွန့်ပစ်ရန် ရာဇသံပြု၍ ဟံသာဝတီနှင့်သထုံ နယ်စပ် “ကွမ်အပ်သာ” တောစပ်တွင် သားတော်လေးကိုစွန့်ပစ်ခဲ့ရလေသည်။

ထိုမင်းသားလေးအား ကွမ်အပ်သာတော စပ်အနီးကျွဲခြံမှ တလိုင်းကရင်မုဆိုးမကြီး ကျွဲကျောင်းထွက်လာရင်း နံကရိုင်းအမည်ရှိ ကျွဲမကြီးတစ်ကောင် အောက်တွင် ခလေးငယ်တစ်ယောက်ကို တွေ့လေသည်။ ထို့နောက်ခလေးအား ကောက်ယူမွေးစားလေသည်။ မင်းသားလေးကိုစွန့်ပစ်ခဲ့ရာ ကွမ်အပ်သာ အရပ်အားအစွဲပြု၍ “ကွမ်အပ်သာမင်းသား” ဟုခေါ်ကြရာမှ ကာလကြာသောအခါ “အပ်သာမင်းသား” အသားမင်းသား” ဟု ခေါ်ဆိုလာကြခြင်းဖြစ်လေသည်။

ကျွဲမကြီး၏နို့ရည်ကို သောက်ခွင့်ရ၍ခွန်အား ဗလနှင့်ပြည့်စုံသော အသားမင်းသား သည်ကျွဲတစ်ကောင်ကိုပင် ချိုမှကိုင်၍ လှဲချနိုင်သည်အထိ ခွန်အားဗလရှိလေသည်။ ကရင်တိုင်းရင်းသားတို့၏ ထုံးစံဖြစ်သော လက်ဝှေ့ပညာနှင့် ဓားခုတ်လှံထိုးအစရှိသော ကိုယ်ခံပညာများ ကိုလည်းသင်ကြားတတ်မြောက်ခွင့်ရလေ သည်။

တစ်နေ့တွင်ကျွဲမကြီးနှင့်ဆော့ကစား နေရာမှ မင်းသားလေးနှင့်ဟံသာဝတီမှ အမဲလာရှာသော မုဆိုးကြီးတို့သည် တွေ့ဆုံရင်းနှီး၍ မိတ်ဆွေများဖြစ်ကြလေ သည်။ ထိုအချိန်တွင် ဟံသာဝတီပြည်ဘက်မှ မွန်တိုင်းရင်းသားများ မောင်းထုတ်လိုက် သော ဟိန္ဒူလူမျိုးများသည် အရပ် ၇တောင် ရှိသော “လန်ဗား” အမည်ရှိ ကလားကြီးအားစစ်သူကြီးခန့်အပ်၍ ဟံသာဝတီအားစစ်ပြုရန်စေလွှတ်ပြီး ဟံသာဝတီမင်းထံသို့ “စစ်ပြုမည်လော သူရဲကောင်းတစ်ဦးချင်း စီးချင်းထိုးမည်လော” ဟု သဝဏ်စာပေးပို့ခဲ့သည်။

ဝိမလကုမ္မာမင်းလည်း ထိုကိစ္စအားဖြေရှင်း နိုင်ရေးအတွက် လန်ဗားနှင့်တစ်ဦးချင်း စီးချင်းထိုးနိုင်မည့် သူရဲကောင်းမှာ ဟံသာဝတီတွင်မရှိသဖြင့် စိတ်သောက ရောက်နေချိန်တွင် အသားမင်းသားနှင့် ရင်းနှီးသော မုဆိုးကြီးမှ ဘုရင်မင်းမြတ် အား ဟံသာဝတီနှင့်သထုံနယ်စပ် ကွမ်အပ်သာအရပ်တွင် ရဲစွမ်းသတ္တိနှင့် ပြည့်စုံသော သူရဲကောင်းတစ်ဦးရှိကြောင်း ထိုသူရဲကောင်းသည် လန်ဗားနှင့် တစ်ဦးချင်းစီးချင်းထိုး အနိုင်ယူမည့်သူ ဖြစ်ကြောင်း လျှောက်တင်လေသည်။

မင်းကြီးလည်း လျှောက်တင်ချက်အား နှစ်သက်တော်မူသဖြင့် တမန်တော်များ အား ကွမ်အပ်သာအရပ်သို့ စေလွှတ်ကာ အသားမင်းသားအားနန်းတော်သို့ ခေါ်ဆောင်စေခဲ့သည်။ အသားမင်းသားနန်းတော်သို့ရောက်လျှင် ဝိမလကုမ္မာမင်းမှ ကောင်းစွာ သူကောင်းပြု ချီးမြှောက်၍ မိရိုးအားစုံစမ်းလေသောအခါ မိမိ၏တူတော်ဖြစ်မှန်း သိလေ၍ “အဿကုမ္မာမင်းသား” ဟူသောဘွဲ့ကို အပ်နှင်းခဲ့လေသည်။

ထို့နောက် မင်းကြီးမှ မင်းသားအား တိုင်းပြည်ကိုကျူးကျော်ရန်စလာသည့် ကလားစစ်သူကြီး လန်ဗားအား တစ်ဦးချင်းစီးချင်းထိုးပေးရန်နှင့် တိုက်ပွဲ အောင်မြင်သောနေ့တွင် သမီးတော်နှင့် ထိမ်းမြား၍ အိမ်ရှေ့စံအဖြစ် ချီးမြှင့်ခန့်အပ် ဖြစ်ကြောင်းပြောရာ မင်းသားမှလက်ခံပြီး မိမိအား ၇ ရက်ဆိုင်းငံ့ပေးရန် ခွင့်တောင်း၍ ကွမ်အပ်သာအရပ်သို့ ပြန်ခဲ့လေသည်။

ပြန်လာရာလမ်းခုလတ်ရှိ မြစ်တစ်ခုမှ ဒီရေတက်လာသည်ကို မတက်အောင်တား သဖြင့် မြစ်စောင့်နတ်သမီး မေခလာ စိတ်ဆိုးဒေါသဖြစ်ပြီး “မင်းသား သင့်မှာအစွမ်းရှိလျှင် အချိန်တစ်မောင်းအတွင်း သင်ကဒရယ်ကျောပြောင် အမြီးတစ်ထောင်ရအောင်ရှာပါ ငါကချည် ခင်တစ်ထောင်ရအောင်ရှာမည် မရှာနိုင်သူက အရှုံးဖြစ်ပြီး နိုင်သူကခိုင်းရာ လုပ်ရမည်” ဟု ကတိကဝတ်ထား၍ တန်ခိုးပြိုင်ကြလေ သည်။

အချိန်တစ်မောင်းအတွင်း မင်းသားမှ ဒရယ်ကျောပြောင် အမြီးတစ်ထောင် ရှာနိုင် သကဲ့သို့ မြစ်စောင့်နတ်သမီး မေခလာမှ လည်း ချည်ခင်တစ်ထောင်အား ဖန်ဆင်း ထားလေသည်။သို့ရာတွင် မင်းသားပေး သော ဒရယ်ကျောပြောင်အမြီးတစ်ထောင် မှတစ်ခုသောအမြီးအား ဝှက်ထား လိုက်ပြီး “အသင်မင်းသား အမြီးတစ်ချောင်း လိုပါသည် သင်ရှုံးပြီ” ဟုပြော၍ မင်းသားလည်း အရှုံးပေးလေရာ မေခလာနတ်သမီးမှ “အသင်မင်းသား မင်္ဂလာဆောင်သောနေ့တွင် ငါ့အားဇမ္ဗူရာဇ်ရွှေစင် ကိန်းအောင်းသော ကျွဲခေါင်းဖြင့် ပူဇော်ပသရမည်” ဟုမှာကြားရာ မင်းသားဘက်မှလည်း “ကောင်းပြီ ငါပူဇော်ပါမည်” ဟု ကတိပေးခဲ့ လေသည်။

ထို့နောက်တွင် ကလားလန်ဗားနှင့်စီးချင်း ထိုးကြရာ လန်ဗားကျဆုံးပြီး ကုလားတပ်ကြီးလည်း ဆုတ်ခွာသွားကြလေ သည်။ မင်းကြီးလည်း ဂုဏ်ယူဝမ်းသာစွာဖြင့် သမီးတော် “စောစန္ဒာ” နှင့်လက်ထပ် ထိမ်းမြား၍ အိမ်ရှေ့စံမင်းအဖြစ်ချီးမြှင့် မြှောက်စားလေသည်။

အသားမင်းသားလည်း လက်ထပ်သဘင် ဆင်ယင်မည့်အချိန်တွင် မေခလာနတ်သမီး ထံကတိပြုခဲ့သည့်အတိုင်း ဇမ္ဗူရာဇ်ရွှေ ကိန်းအောင်းသော ကျွဲခေါင်းဖြင့်ပူဇော် နိုင်ရေးအတွက် ရှာဖွေရာ နို့တိုက်မိခင် ကျွဲမကြီး ချိုဖျားတွင် ဇမ္ဗူရာဇ်ရွှေစင် ကိန်းအောင်းနေကြောင်းသိရသည့် အတွက် ဦးခေါင်းမဖြတ်ရက်ဘဲရှိလေသည်။ နတ်သမီး အားမပူဇော်ဘဲထားတော့မည်ဟု မင်းသား အားမွေးစားခဲ့သော တလိုင်းကရင်မုဆိုးမ ကြီးမှထိုသို့ပြောလေသည်

“ငါ့သား အသင်သည် ဟံသာဝတီထီးနန်း ကိုဆက်ခံမည့်သူ ပေးထားသောကတိကို မတည်လျှင် ဘုရင်ဖြစ်ချိန်၌ လူနတ်ဗိုလ် ပါတို့အလယ်တွင် ကတိမတည်သောမင်း အဖြစ် လက်ညှိးထိုး ပြောဆိုခံရမည်မှာ မလွဲဧကန်ဖြစ်ပေသည်။ သင့်ကို နိုချိုတိုက်ကျွေးခဲ့သော ကျွဲမကြီး၏ လည်ပင်းထက်တွင် ဒါးတင်၍ သစ္စာဆိုပါ”

အသားမင်းသားလည်း မွေးစားမိခင်ပြော သည့်အတိုင်း ကျွဲမကြီးလည်ပင်းထက်၌ ဒါးတင်၍ သစ္စာဓိဌာန်ပြုရာ ဦးခေါင်းပြတ် ကျလေသည်။ ထို့နောက်မင်းသားလည်း နို့တိုက်မိခင် ကျွဲမကြီးဦးခေါင်းဖြင့် မေခလာနတ်သမီး အားပူဇော်ပြီး လက်ထပ်ပွဲသဘင်ဆင်ယင် ကျင်းပလေသည်။

အသားမင်းသားသည် ကောဇာသက္ကရာဇ် ၂၁၆မှ၂၂၃ ခုနှစ်အတွင်း အဿကုမ္မာမင်း အဖြစ် ဟံသာဝတီထီးနန်းကို စိုးစံချိန်မှစ၍ နို့တိုက်မိခင် ကျွဲမကြီး၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် တင်မြှောက်ပူဇော် ပသခဲ့ရာ ရိုးရာအစဉ်လာမယ်တော်ကြီး အဖြစ်နောင်လာနောက်သား များမှ ယနေ့ တိုင်ပူဇော်ပသနေခြင်းဖြစ်ပါသည်။ ရိုးရာယုံကြည်မှုနှင့်နတ်သမိုင်း-ဦးထွေးဟန်၊ ပြည့်စုံ(တောင်ငူ) (မူရင်းရေးသားသူအား လေးစားမှုဖြင် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page