မနိုင်ပေမယ့် မရှုံးခဲ့တဲ့ ဆာမူရိုင်းတွေနဲ့ မှတ်တမ်းကောင်းတွေ ထားရစ်နိုင်ခဲ့တဲ့ ဂျပန်အသင်း
ယနေ့ည ယှဉ်ပြိုင်ကစားသွားတဲ့ ကမ္ဘာ့ဖလား ရှုံးထွက်ပွဲစဉ်မှာတော့ အာရှတိုက်ရဲ့ အင်အားကြီး အသင်း တသင်း ဖြစ်တဲ့ ဂျပန်အသင်းက ခရိုအေးရှား အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခွာ ခဲ့ရပြီ ဖြစ်ပါတယ်။
ဂျပန်အသင်းဟာ ခရိုအေးရှား အသင်းကို ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း ချေပဂိုး ပြန်လည် ပေးခဲ့ရကာ မိနစ် ကိုးဆယ်အတွင်း သရေကျနေတာကြောင့် အချိန်ပို ဆက်လက် ကစားခဲ့ရပြီး အရှုံးအနိုင် အဖြေ မပေါ်တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းခဲ့ကြတာ ဖြစ်ပါတယ်။
ဘောလုံးပွဲ တပွဲမှာ ပင်နယ်တီ အဆုံးအဖြတ် ခံယူရတယ်ဆိုတာ ခြေစွမ်းပိုင်းနဲ့ မဆိုင်တော့ပါဘူး။ ပင်နယ်တီဆိုတာ ကံတရားက အများကြီး အဆုံးအဖြတ် ပေးတဲ့ အခြေအနေ ဖြစ်သွားပါပြီ။ ရှုံးထွက်ပွဲ ဖြစ်တာကြောင့် အနိုင်အရှုံး ပေါ်ရအောင် ဆုံးဖြတ်ရတဲ့ အခြေအနေ ဖြစ်တာကြောင့် ရှုံးတဲ့ အသင်းဟာ ခြေစွမ်းကြောင့် ရှုံးခဲ့တာ မဟုတ်ဘူးလို့ ပြောနိုင်ပါတယ်။
ဂျပန်အသင်းဟာ ယခု ကာတာ ကမ္ဘာ့ဖလားမှာ ဘောလုံး အင်အားကြီး ဂျာမနီနဲ့ စပိန်တို့ကို အနိုင်ယူခဲ့ပြီး အာရှသားတွေရဲ့ စွမ်းရည်ကို မှတ်ကျောက် တင်နိုင်ခဲ့ပြီးပြီ ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် ထိပ်ပိုင်းနားမှာ ရှိတဲ့ အသင်း ၂ သင်းကို ပြိုင်ပွဲ တခုတည်းမှာ ဆက်တိုက် အနိုင်ရဖို့ဆိုတာ ဖြစ်နိုင်ခဲတဲ့ အဖြစ်အပျက်မျိုးပဲ ဖြစ်ပါတယ်။
ဂျပန်အသင်းရဲ့ နောက်ထပ်ထူးခြားချက်ကတော့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်တွေ ပြီးဆုံးသွားတိုင်း ဂျပန်ပရိသတ်တွေက ပွဲကြည့်စင်ပေါ်မှာ အမှိုက်ကောက် သန့်ရှင်းရေး လုပ်သွားရုံသာမက အသင်းရဲ့ အဝတ်လဲခန်းမှာလည်း နိုင်နိုင်ရှုံးရှုံး သန့်ရှင်းသပ်ရပ်စွာ ချန်ထားခဲ့တဲ့ အလေ့အကျင့်ပဲ ဖြစ်ပါတယ်။ ဂျပန်အသင်းအနေနဲ့ ယခုပြိုင်ပွဲကို နှုတ်ဆက်ခဲ့ရပေမယ့်လည်း ဆာမူရိုင်းတွေ ရယူနိုင်ခဲ့တဲ့ မှတ်တမ်းတွေကိုတော့ ဘောလုံး ပရိသတ်တွေ နှစ်အတော်ကြာတဲ့ အထိ တသသ ပြောဆိုနေကြဦးမှာပဲ ဖြစ်ပါတော့တယ် ခင်ဗျာ။