ရွှေဝယ်မယ့်သူတွေ သိထားသင့်တဲ့ အကယ်ဒမီရွှေပိုင်းပုံ လက်ဟောင်းနဲ့ လက်သစ် ပုံစံများ
မြန်မာရွှေစျေးကွက်မှာ စံထားအရောင်းအဝယ်ပြုလုပ်တဲ့ အရင်ခေတ် လက်ဟောင်းအကယ်ဒမီရွှေပိုင်းပုံနဲ့ လက်ရှိ လက်သစ်အကယ်ဒမီရွှေပိုင်းပုံ မြင်ဖူးစေရန် အကယ်ဒမီရွှေပိုင်းများ စစ်ဆေးတတ်စေရန် ဖော်ပြပေးလိုက်ပါတယ်။
အရင်ခေတ်က ယနေ့ခေတ်လို ခေတ်မီ စက်ကရိယာတွေ ရွှေစမ်းသပ်စက်တွေ မပေါ်သေးတဲ့အတွက် အရင်လက်ဟောင်း အကယ်ဒမီရွှေပိုင်းတွေက လက်ရှိအကယ်ဒမီရွှေပိုင်းလို ရွှေရည်မပြည့်တတ်ပါဘူး။ စက်ပြန်စမ်းကြည့်ရပါတယ်။ ရွှေရည်ပြည့်ဖို့ ပြန်ချွတ်ရတတ်ပါတယ်။
အဲ့ခေတ်ကတော့ ငါးကြင်းကွက်ပေါ်မှ ရွှေရည်ကောင်းတယ်လို့ သတ်မှတ်ကြတယ်။ လက်ဟောင်းအကယ်ဒမီရွှေပိုင်းတွေက ယနေ့ ခေတ်သိပ်မမြင်တွေ့ရတော့ပါဘူး။ ရွှေစျေးကွက်မှာလည်း ယနေ့ပုံစံသစ် အကယ်ဒမီရွှေပိုင်းတွေကိုပဲ အရောင်းအဝယ်ပြုလုပ်ပါတယ်။
အရင်က အကယ်ဒမီရွှေပိုင်းတွေက ၁၀ ကျပ်သားပိုင်းပေမယ့် ရွေးစွန်း၊ ပဲစွန်းရှိပါတယ်။ လက်ရှိအကယ်ဒမီရွှေပိုင်းတွေကတော့ ၁၀ ကျပ်သားတိပိုင်းတွေပဲ ထုတ်ပါတော့တယ်။
အကယ်ဒမီရွှေပိုင်းအပေါ်မှာ အသားတံဆိပ် အကယ်ဒမီ တံဆိပ်တွေ ပါပြီး နောက်ကျောဘက်မှာ လုံခြုံရေး စတစ်ကာနဲ့ ကုတ်နံပါတ် ပါရှိပါတယ်။
ဘောက်ချာပေါ်က ကုတ်နံပါတ်နဲ့ ရွှေတုံးပေါ်က စတစ်ကာ ကုတ်နံပါတ် တူညီမှန်ကန်ရပါမယ်။ ဘောက်ချာနဲ့ ရွှေပိုင်းကို သားရေပင်းနဲ့ စည်းထားပါတယ်။ ဘောက်ချာရော ရွှေပိုင်းပေါ်က စတစ်ကာရော မစုတ်ပြဲ မပျောက်ဆုံးဖို့ အထူးသတိပြုရပါမယ်။
သူ့မူရင်းအတိုင်း မပါရှိပဲ စုတ်ပြဲပျောက်ဆုံးရင် စျေးလျော့ခံရနိုင်ပါတယ်။ ရွှေချစ်သူချစ်မိတ်ဆွေအားလုံး ရွှေပိသာပေါင်းများစွာ ၀ယ်ယူနိုင်လို့ ရွှေသူဌေးကြီးများဖြစ်ကြပါစေဗျာ။ ကျော်ကြီး(MDY)