ငလျင်နဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်သင့်တဲ့ အချက်များ (အရေးကြီးလာပါပြီ)

ငလျင်မလှုပ်မီအချိန် ကြိုတင်ဆောင်ရွက်ထားသင့်တဲ့ အချက်များကို ဖော်ပြလိုက်ပါတယ်-

(၁) လေးလံသော ပစ္စည်းများကို အမြင့်တွင် တင်မထားပါနှင့်။ ပြုတ်ကျလာပါက ထိခိုက်ဒဏ်ရာ ရရှိနိုင်ပါသည်။ မှန်ပြတင်း၊ တံခါးများအနီးတွင် အိပ်စက်ခြင်း မပြုပါနှင့်။ (၂) အိမ်၏ ခြကိုက်ဆွေးနေသော အပိုင်းအစများကို ပြင်ဆင်ပါ။ (၃) ဖြစ်နိုင်လျှင် ခေါင်မိုး၊ မျက်နှာကြက်များကို သွပ်အသုံးပြုတည်ဆောက်ထားပါက အလွယ်တကူ ပြုတ်မကျနိုင်ပါ။

(၄) လျှပ်စစ်မီးအိမ်၊ ဖယောင်းတိုင်၊ ရှေးဦးပြုစုခြင်း ဆေးသတ္တာနှင့် အခြား အရေးပေါ် ပစ္စည်းများ အသင့်ဆောင်ထားပါ။ (၅) လျှပ်စစ်မိန်းခလုတ် တည်ရှိရာနေရာကို သိထားပါ။ (၆) ငလျင်အန္တရာယ် ဇာတ်တိုက်လေ့ကျင့်မှုများနှင့် အခြားဘေးဒုက္ခဆိုင်ရာ ပညာပေးပြန်ကြားမှု အစီအစဉ်များ စာသင်ကျောင်းများတွင် ဆောင်ရွက်ရန် တိုက်တွန်းအားပေးပါ။ ဥပမာ။ ဝပ် – ငလျင်လှုပ်လျှင် ဝပ်နေပါ။ ကာ – အကာအကွယ် ယူပါ။ ငြိမ် – ငြိမ်နေပါ။

ငလျင်လှုပ်နေသောအချိန်တွင် ဆောင်ရွက်ရမယ့် အချက်များကို ဖော်ပြပေးလိုက်ပါတယ်-

(၁) ကြောက်လန့်တကကြား မဖြစ်ပါနှင့်၊ အဆောက်အအုံတခု၊ သို့မဟုတ် အိမ်အတွင်း၌ ရှိနေပါက အပြင်သို့ထွက်ရန် မကြိုးစားပါနှင့်။ (၂) စားပွဲအောက်၌နေခြင်း၊ ပုန်းခို၍ရသော နေရာ၌ နေခြင်းတို့ဖြင့် သင့်ကိုယ်သင် ကာကွယ်ပါ။ မှန်ပြတင်းတံခါးများနှင့် ဝေးအောင်နေပါ။

(၃) အကယ်၍ အဆောက်အအုံပြင်ပ၌ ရှိနေပါက နေမြဲတိုင်းနေပါ။ ဓာတ်ကြိုး၊ ဓာတ်တိုင်များ လဲကျခြင်း၊ သစ်ပင်များ၊ အုတ်နံရံများ ပြိုလဲကျမည့်နေရာမှ လွတ်ကင်းအောင်နေပါ။ (၄) ဓာတ်ငွေ့သိုလှောင်ကန်များအနီး၌ မီးခြစ် မခြစ်ပါနှင့်။ ဓာတ်လှေကား မစီးပါနှင့်၊ လိုအပ်ပါက ရိုးရိုးလှေကားသာ သုံးပါ။

(၅) တံတားများ၊ ခုံးကျော်တံတားများပေါ်၌ ယာဉ်မောင်းနှင်ခြင်း မပြုပါနှင့်၊ ဘေးကင်းမည့်နေရာသို့ မောင်းသွားပြီး ရပ်ထားပါ။ ကားထဲတွင် နေပါ။ (၆) အကယ်၍ ငလျင်လှုပ်နေချိန်တွင် သင်သည် ရေအိုင်၊ ပင်လယ်၊ သမုဒ္ဒရာများ အနီးနားသို့ ရောက်ရှိနေပါက ကုန်းမြေမြင့် ရှိရာသို့ ချက်ချင်းပြေးတက်၍ ဆူနာမီရေလှိုင်းများက ပင်လယ်အတွင်းသို့ ဆွဲချခြင်း မခံရအောင် ရှောင်တိမ်းပါ။

(၇) အထပ်မြင့် အဆောက်အအုံများအတွင်း လူအများ ပိတ်မိနေပါက စုပြုံတိုးထွက်ခင်း မပြုပါနှင့်။ တည်ငြိမ်မှု ရှိပါ။ ပြတင်ပ‌ေးပါက်၊ ဝရန်တာများအနီးတွင် မနေပါနှင့်၊ ခုန်မချပါနှင့်၊ ပြုတ်ကျလာသော အကျိုးအပဲ့အပိုင်းအစများ မထိအောင် သင့်ကိုယ်သင် ကာကွယ်ပါ။

ငလျင်လှုပ်ပြီးသောအချိန်တွင် ဆောင်ရွက်သင့်တဲ့ အချက်များကို ဖော်ပြပေးလိုက်ပါတယ်-

(၁) မိမိကိုယ်တိုင်နှင့် အခြားသူများ ထိခိုက်ပြတ်ရှမိခြင်းများ ရှိမရှိ စစ်ဆေးပါ။ ရှေးဦးပြုစုခြင်း လိုအပ်ပါက စီမံဆောင်ရွက်ပါ။ (၂) လျှပ်စစ်မီးကြိုးများ၊ ရေပိုက်များ၊ လောင်စာဆီ သိုလှောင်ကန်များကို စစ်ဆေးပါ။ ပျက်စီးမှုရှိပါက ဖြတ်တောက်ပါ။ ပိတ်ထားပါ။

(၃) ရှူးဖိနပ်၊ သို့မဟုတ် လည်ရှည်ဖိနပ်များ စီး၍ သင်၏ ခြေထောက်အား မှန်အကွဲအစများ မစူးရှအောင် ကာကွယ်ပါ။ (၄) ပေါက်ပြဲ၍ လျှပ်စစ်စီးနေသော ဝိုင်ယာကြိုးများကို သတိထားပါ။ လျှပ်စစ်ဌာနသို့ ဓာတ်အား ဖြတ်တောင်ပေးရန် အကြောင်းကြားပါ။

(၅) ပင်လယ်အနီးသို့ သွားရောက်ခြင်း မပြပါနှင့်၊ ငလျင်လှုပ်ပြီးသွားသော်လည်း ဆူနာမီ ရေလှိုင်း ဖြစ်ပေါ်နိုင်ပါသည်။ (၆) အရေးပေါ်ကိစ္စအတွက်သာ တယ်လီဖုန်းအသုံးပြုပါ။ (၇) မှင်တက်မနေပါနှင့်၊ ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စများအတွက် အသင့်ပြင်ပါ။ (၈) ပျက်စီးနေသော အဆောက်အအုံများနှင့် ဝေးရာတွင်နေပါ။ အချိန်မရွေး ပြိုကျလာနိုင်ပါသည်။

(၉) သင့်ရပ်ရွာ၏ အရေးပေါ် အစီအစဉ်များအတိုင်း လိုက်နာပါ။ (၁၀) သင်နေထိုင်ရာအရပ်မှ ရွှေ့ပြောင်းလိုလျှင် မည်သည့်နေရာသို့ သွားမည်ကို အခြား တစုံတဦးအား သေချာစွာ အသိပေးပါ။ အရေးပေါ်လိုအပ်သည့် ပစ္စည်းများ တပါတည်း ယူဆောင်သွားပါ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page