ရော်နယ်ဒိုရဲ့ မျက်ရည်တွေနဲ့ သမိုင်းသစ်ရေးထိုးသွားတဲ့ အာဖရိက ကြယ်ပွင့် မော်ရိုကို
ယနေ့ ယှဉ်ပြိုင်ကစားသွားတဲ့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ် ဖြစ်တဲ့ ပေါ်တူဂီနဲ့ မော်ရိုကို ပွဲမှာ ပရိသတ်တွေ ထင်မှတ်မထားတဲ့ အံ့အားသင့်ဖွယ် ရလဒ်နဲ့ မော်ရိုကိုက ပေါ်တူဂီကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိသွားပြီး ဆီမီးဖိုင်နယ်ကို တက်ရောက် သွားပြီ ဖြစ်ပါတယ်။
ပြိုင်ပွဲအစမှာ မထင်မရှား အသင်းအနေနဲ့ တည်ရှိခဲ့တဲ့ မော်ရိုကို အသင်းဟာ ဘယ်လ်ဂျီယံ၊ စပိန်နဲ့ ပေါ်တူဂီ စတဲ့ ဥရောပ ဘောလုံး အင်အားကြီး နိုင်ငံတွေကို ဖြတ်ကျော် အနိုင်ယူခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်ကို ထိုက်ထိုက်တန်တန် တက်ရောက်သွားပြီ ဖြစ်ပါတယ်။
မော်ရိုကို အနေနဲ့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ကို ပထမဆုံး တက်ရောက်နိုင်ခဲ့တဲ့ အာဖရိက အသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ လက်ရှိ ၅ ပွဲ ကစားပြီးချိန်မှာ ကနေဒါနဲ့ပွဲမှာ ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ ဂိုးက လွဲလို့ ကျန်တဲ့ ၄ ပွဲလုံး ဂိုးသွင်းခံရခြင်း မရှိတာဘဲ ဖြစ်ပါတယ်။
မော်ရိုကိုအနေနဲ့ အင်္ဂလန်နဲ့ ပြင်သစ်တို့ပွဲက အနိုင်ရရှိတဲ့ အသင်းနဲ့ ဆီမီးဖိုင်နယ်မှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ပေါ်တူဂီနည်းပြအနေနဲ့ ရော်နယ်ဒိုကို ပွဲအစကတည်းက ထည့်သွင်းမကစားစေခဲ့တဲ့ နည်းဗျူဟာ အမှားကို ပြုလုပ်ခဲ့တာကြောင့် ယခုပွဲရှုံးနိမ့်မှုရဲ့ တရားခံအဖြစ် အပြစ်တင်ခံရနိုင်ချေ ရှိပါတယ်။
ဘောလုံးဂန္ထဝင် ရော်နယ်ဒိုအနေနဲ့လည်း သူ့ရဲ့ နောက်ဆုံးဖြစ်နိုင်ချေရှိတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို မျက်ရည်တွေနဲ့ နှုတ်ဆက် ထွက်ခွာသွားခဲ့ရပြီ ဖြစ်ပါတယ်။ ယခုလို ခန့်မှန်းလို့ မလွယ်ကူနိုင်တဲ့ ပွဲအဖြေတွေကြောင့်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး ပြိုင်ပွဲတခု ဖြစ်နေတာပါ။ ဆက်လက်ပြီး လာမယ့်ပွဲတွေမှာ ဘယ်လို အံ့အားသင့်ဖွယ်ကောင်းတဲ့ ပြိုင်ပွဲရလဒ်တွေ ဖြစ်ပေါ်လာမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။