ရွှေမြန်မာတွေ မဖြစ်မနေ ပြင်ရမယ့် ဂုဏ်သိက္ခာကျဆင်းစေတဲ့ အချက်များ

ပိုက်ဆံကြဲတာကို ကျွန်မ အင်မတန်မုန်းပါတယ်။ လူတွေကို ဂုဏ်သိက္ခာမဲ့အောင် လုပ်တဲ့ လုပ်ရပ်တခုသာပါ။ ပေးချင်ရင် ဂုဏ်သိက္ခာရှိရှိ လေးလေးစားစားပေးလို့ ရပါတယ်။

သူများစွန့်ကြဲတာကို အငမ်းမရမကောက်တတ်အောင်လည်း ကျွန်မတို့ဟာ ကိုယ့်မျိုးဆက်တွေကို ဂုဏ်သိက္ခာရှိရှိနေတတ်ဖို့၊ ကိုယ့်ကိုကိုယ် လေးစားဖို့၊ သူများပေးစာကမ်းစာကို အပျော်သဘောတောင် မျှော်လင့်စရာမလိုပဲ ကိုယ့်အရည်အချင်းနဲ့ကိုယ် ရိုးရိုးသားသားနဲ့ ဖူလုံအောင်ရှာဖွေတတ်ပြီး ရတဲ့ပိုက်ဆံကိုတန်ဖိုးထားတတ်ဖို့ သင်ကြားပေးရမှာ ဖြစ်ပါတယ်။

ခုတော့ ရန်ကုန်တမြို့လုံးက လမ်းပေါ်မှာ လူကြီး၊ ကလေးအပြည့်။ အန္တရာယ်တွေနဲ့ ကားတွေကြားထဲ အစီး ၅၀ မှ ၁ စီးကြဲတဲ့ မဖြစ်စလောက်ငွေအတွက် ရုပ်ပျက်ဆင်းပျက် လမ်းဘေးမှာစောင့်၊ ကြဲရင် နောက်ကားမကြည့်လုကြ။ ကလေးတွေကို အဲ့ဒါအဆင်ပြေတယ် လုပ်လို့ရတယ်လို့သင်ပေးနေတာလား

ပုဂံသွားတဲ့လမ်း တောင်ကျချောင်းဖြတ်တဲ့နေရာမှာ လမ်းပြင်ချင်ယောင်ဆောင်ပြီး လက်ဖြန့်တဲ့သူတွေကိုတောင်သတိရမိတယ်။ ကျွန်မတို့နိုင်ငံကဘာလဲ၊ တောင်းစားရတာကို ဂုဏ်ယူတဲ့နိုင်ငံလား၊ တချို့ကအပျော်တဲ့၊ ဘာတွေပျော်စရာရှိနေတာပါလဲ။

အစစအရာရာ သုံးဆလောက် ဈေးတွေတက်၊ ဝင်ငွေက တန်ဖိုးမရှိ၊ အနာဂါတ်က မရေရာတာ ပျော်စရာကြီးလား၊ ပံ့သကူဆိုတာ တကယ်မရှိတဲ့သူတွေ အတွက်ပါ။ သူတို့ကို အခွင့်အရေးမပေးသင့်ဘူးလား။ ကိုယ့်အတွက်ကအပျော်လောက်နဲ့ တကယ်မရှိတဲ့ သူရမယ့်ဟာကို လုယူရက်ကြလေသလား။ ဂရုဏာတွေဆိတ်သုဉ်း ကုန်ရော့လား။

သူခိုးကြီးညတို့၊ ပံ့သကူ အပျော်လုတာတို့၊ ကွမ်းစားတာတို့ အများနဲ့ဆိုင်တဲ့နေရာတွေ လမ်းတွေမှာ တံတွေးထွေးတာတို့ဆိုတာ မြန်မာတွေ နိုင်ငံနဲ့ချီပြီး ပြင်ရမယ့် ကမ္ဘာ့အလယ်မှာ အင်မတန်ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်တွေပဲ။

မကောင်းမှန်းသိရင် ပြင်ကြရမယ်။ ပြင်နိုင်ရမယ်။ အိမ်နီးချင်းထိုင်းတွေ၊ ဒေသတွင်းကကိုရီးယား၊ ဂျပန်တွေကိုအတုယူပါ။ သူတို့မကောင်းတဲ့အကျင့်တွေသူတို့ပြုပြင်ယူခဲ့တယ်။ သူတို့ကမ္ဘာမှာ တနေရာစီရသွားကြပြီ။ ကျွန်မတို့နိုင်ငံကိုလည်း အင်မတန်ဖြစ်စေချင်တယ်။ အချင်းချင်းပြင်ယူကြရအောင်ပါနော်။ မေတ္တာဖြင့် စု (၂၀၂၂ တန်ဆောင်မုန်းလပြည့်နေ့စိတ်မကောင်းစွာနဲ့ရေးသည်) GraciousSu

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page