ဗီယက်နမ်အသင်းရဲ့ အားနည်းချက်တွေကို သိထားပြီဟု ပြိုင်တိုင်းရှုံး မြန်မာအသင်း နည်းပြပြော

ဗီယက်နမ်က အသင်းကောင်း တစ်သင်းဆိုပေမယ့် သူ့မှာ အားနည်းချက်တွေရှိတယ်လို့ ဗီယက်နမ်နဲ့ ပွဲမတိုင်ခင် အုပ်စုပွဲ တစ်ပွဲမှ မနိုင်သေးတဲ့ မြန်မာအသင်းနည်းပြချုပ် အန်တွမ်နီဟေးက ပြောကြားလိုက်ပါတယ်။ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် ဇန်နဝါရီ ၃ ရက်နေ့ မှာ အာဆီယံအဖွဲ့ချုပ်ဖလား ပြိုင်ပွဲ အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် ဗီယက်နမ် အသင်းနဲ့ ယှဉ်ပြိုင် မကစားမီ ဒီနေ့လုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောတာပါ။

မြန်မာအသင်းနည်းပြချုပ် အန်တွမ်နီဟေးက “အုပ်စုတွင်း အသင်းတွေက သူ့အားသာချက် အားနည်းချက် ကိုယ်စီရှိကြပြီး ကွာခြားမှု ကြီးကြီးမားမား မရှိကြပါဘူး။ ဗီယက်နမ်အသင်းက အသင်းကောင်း တစ်သင်းဖြစ်ပြီး သူတို့အသင်းမှာ အားသာချက်ရှိ သလို အားနည်းချက်လည်းရှိပါတယ်” လို့ ပြောပါတယ်။

မြန်မာအသင်းဟာ အဆိုပါပြိုင်ပွဲတွင် အုပ်စုပွဲ ၃ ပွဲကစားပြီးတဲ့အချိန်အထိ တစ်ပွဲမှ အနိုင်မရသေးဘဲ အုပ်စုတွင်း အားအနည်းဆုံး လာအိုအသင်းကိုတောင် အိမ်ကွင်းမှာ ကန်ရပါလျက်နဲ့ နောက်က လိုက်ကစားခဲ့ရပြီး သရေကျကာ မလေးရှားအသင်းနဲ့ စင်ကာပူအသင်းတို့ကိုတော့ ရှုံးနိမ့်ထားပါတယ်။

အန်တွမ်နီဟေးက “ကျွန်တော်တို့အနေနဲ့လည်း ပြီးခဲ့တဲ့ ၃ ပွဲမှာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖန်တီးခွင့်တွေ အများကြိး လုပ်ခဲ့တာပဲ။ ကောင်းမွန်တဲ့ အချက်တွေ အများကြီးရှိပါတယ်။ အလားတူ နိုင်ပွဲအတွက် လိုအပ်တဲ့ ဂိုးမရယူနိုင်ခဲ့သလို ဂိုးပေးရတဲ့ အားနည်းချက်တွေလည်း ရှိပါတယ်။ အခုအခြေအနေမှာတော့ အုပ်စုတက်ခွင့်မရတဲ့ အတွက် ဝမ်းနည်းပါတယ်”လို့ ဆိုပါတယ်။

ပရိသတ် အားပေးမှု မရှိတော့တဲ့ မြန်မာဘောလုံးအသင်းဟာ ၂၀၂၂ ခုနှစ်အတွင်း တပွဲမှ အနိုင်မရခဲ့ဘဲ အရှက်တကွဲ ရှုံးနိမ့်မှုများသာ ရရှိခဲ့ပါတယ်။ ပြိုင်တိုင်းရှုံး အသင်းအဖြစ် ပရိသတ်က သတ်မှတ်နေကြပြီ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page