လကို ဖောက်မယ့် နဂါးဦးခေါင်းကြယ်နဲ့ နှစ်ငါးသောင်းမှ တကြိမ်တွေ့ရမယ့် ကြယ်တံခွန်အကြောင်း
လကို ကြယ်ဖောက်မည်၊ ကြယ်တံခွန်ပေါ်မည်၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၈ ရက် နံနက်ခင်း (၁၇ ည) မှာတော့ ဗြိစ္ဆာ ရာသီ (Scorpius) အတွင်းက Delta Scorpii (Dschubba) ကြယ်ကို ပြာသိုလဆုတ်လခြမ်းက ဖုံးကွယ်သွားပြီး လကို ကြယ်ဖောက်ခြင်းဖြစ်စဉ် ပေါ်ပေါက်မှာဖြစ်သလို မြန်မာနိုင်ငံပေါ်မှာလည်း အရိပ်ကျရောက်မှာ ဖြစ်ပါတယ်။
မြန်မာ့နက္ခတ်မှာတော့ အဆိုပါကြယ်ကို နဂါးဦးခေါင်း (အနုရာဓ နက္ခတ်) လို့ ခေါ်ဆိုကြပါတယ်။ အနုရာဓ က နဂါးဦးခေါင်းနေရာဖြစ်ပြီး၊ ဇေဌ နက္ခတ်က နဂါးအသည်းနှလုံး၊ မှုလ (မူလ) နက္ခတ်က နဂါးအမြီး စသည်ဖြင့် စုပေါင်းပြီး ကြယ်နဂါးလို့ သတ်မှတ်ထားပါတယ်။ အနောက်တိုင်းနက္ခတ်မှာတော့ ကင်းမြီးကောက်ပုံစံ Scorpio ကြယ်စု (တနည်း) ဗြိစ္ဆာရာသီ အတွင်းက ကြယ်စုများဖြစ်ပါတယ်။
အနုရာဓ နက္ခတ် လကိုစဖြတ်ချိန် (တနည်း) ပျောက်ကွယ်ချိန် (Disapperance) ဟာ ၁၈ ရက်နေ့ နံနက် ၂ နာရီ ၅၁ မိနစ်ဖြစ်ပြီး အရှေ့တောင်အရပ် မိုးကုတ်စက်ဝိုင်းအထက် ၁ ဒီဂရီ အမြင့်လောက်မှာပဲ လရဲ့ လင်းနေတဲ့ အခြမ်းဘက်ကနေ ကပ်ဝင်သွားမှာ ဖြစ်လို့ မြင်နိုင်ဖို့ အင်မတန်ခက်ခဲနိုင်ပါတယ်။
အဆိုပါ နက္ခတ် (ကြယ်) ဟာ နံနက် ၃ နာရီ ၄၉ မိနစ်မှာ အရှေ့တောင်အရပ် မိုးကုတ်စက်ဝိုင်းရဲ့ ၁၃.၅ ဒီဂရီ အမြင့်ကနေ လအရဲ့ မှောင်နေသောအခြမ်းဘက်မှ (Reappearance) ပြန်လည်ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ ထိုကဲ့သို့ လအား ကြယ်ဖောက်ခြင်းဖြစ်စဉ်ကို မြင်တွေ့နိုင်ရမှာ မြန်မာအပါအဝင် အရှေ့တောင်အာရှ နိုင်ငံအချို့သာ ရှိပါတယ်။
နောက်ထပ် ထူးခြားဖြစ်စဉ် တစ်ခုကတော့ C/2022 E3 (ZTF) လို့ အမှတ်စဉ်ပေးထားတဲ့ ကြယ်တံခွန်တစ်ခုဟာ နေနှင့် အနီးဆုံးလမ်းကြောင်းမှ ကပ်ပြီး ဖြတ်သန်းမှာ ဖြစ်တဲ့အတွက် အမှောင်အားကောင်းတဲ့ နေရာမှကြည့်လျှင် သာမန်မျက်စိနဲ့ မြင်တွေ့ရနိုင်လောက်ပါတယ်။ တယ်လီစကုတ်၊ ကင်မရာတို့နှင့် ကြည့်နိုင်လျှင်တော့ ဖုန်မှုန့်အမြီးတန်းကိုပါ မြင်တွေ့ရနိုင်ပါတယ်။
၂၀၂၃ ဖေဖော်ဝါရီလ ၁ ရက်နေ့ဟာ အကောင်းဆုံးမြင်တွေ့ရနိုင်မည့်ရက်ဖြစ်ပြီး ယခုရက်ပိုင်းကစလို့ အရှေ့မြောက်ဘက် မိုးကောင်းကင်မှာ ည ၁နာရီခွဲလောက်မှစပြီး နံနက်ခင်း နေမထွက်မီ အချိန်ထိ တရိပ်ရိပ် မြင့်တက်လာတာကို လေ့လာကြည့်ရှုနိုင်ပါတယ်။
ကြယ်တံခွန်ဟာ လက်ရှိအချိန်ထိ Corona Borealis လို့ခေါ်တဲ့ ဝိသာခါ နက္ခတ်အတွင်းမှာ တည်ရှိနေပြီး၊ နောက်ရက်များကစလို့ Bootes လို့ခေါ်တဲ့ သွာတိ နက္ခတ်သို့ ကူးပြောင်းရောက်ရှိတော့မှာ ဖြစ်ပါတယ်။
၄င်းနောက်မှာတော့ တင်းတာရာ (Draco)၊ ကြေးမှုံတာရာ (Ursa Minor) နဲ့ မြောက်ဓူဝံကြယ်အနီးသို့ တဖြည်းဖြည်းချင်း တက်ရောက်သွားမှာဖြစ်သလို မြင်တွေ့ရမည့် အချိန်တွေကလည်း ရှေ့သို့ တဖြည်းဖြည်း တိုးသွားမှာ ဖြစ်ပါတယ်။
ဒီကြယ်တံခွန်ကို ၂၀၂၂ ခု မတ်လ ၂ ရက်နေ့ကမှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး နေကိုဗဟိုပြုပြီးလှည့်ပါတ်နေတဲ့ သူ့လမ်းကြောင်းဟာ နှစ် ၅၀၀၀၀ ခန့် ကြာမြင့်မယ်လို့ ခန့်မှန်းရပါတယ်။ အနာဂတ်ပညာရေးအတွက် သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)