စပါးဈေးကွက် (၂) ခု ကွဲထွက်၊ ပြင်ပတွင် တင်း ၁၀၀ ၂၅ သိန်းဖြင့် စံချိန်တင် (ဆန်ရှားတော့မည်လား)

စိုက်ဧက နည်းပါးခြင်းနှင့် စပါးအထွက်နှုန်း လျော့ကျလာခြင်းတို့ကြောင့် ယခုနှစ် စပါးတင်း ၁၀၀ဈေးမှာ ကျပ် ၂၅ သိန်းအထိ ပေါက်ဈေးရှိနေပြီး ယင်းမှာ ဆန်စပါးသမိုင်းတစ်လျှောက် စံချိန်တင်အမြင့်ဆုံးဈေးဖြစ်တယ်လို့ ဆန်စပါးကုန်သည်များထံမှ သိရပါတယ်။

ပြည်တွင်းမှာ ရွှေဘိုပေါ်ဆန်း စပါးတင်း ၁၀၀ လျှင် ကျပ် ၂၅ သိန်းအထိရှိနေပြီး ဧရာ၀တီတောင်ပျံပေါ်ဆန်းစပါး တင်း ၁၀၀ လျှင် ကျပ်သိန်း ၂၀ အထိ အရောင်းအဝယ်ဖြစ်နေကာ Export (ဆန်ကြမ်း) စပါးတင်း ၁၀၀ လျှင် ကျပ် ၁၃ သိန်းအထိ စံချိန်တင်ဈေးနှုန်းဖြင့် အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။

စပါးတင်း ၁၀၀ ဈေး စံချိန်တင်မြင့်တက်နေသော်လည်း သွင်းအားစုများဖြစ်သည့် ဓာတ်မြေဩဇာနှင့် စက်သုံးဆီဈေးနှုန်း မြင့်တက်နေမှုများကြောင့် တောင်သူများအနေဖြင့် အကျိုးအမြတ်မရရှိကြောင်း သိရပါတယ်။ အသုံးများတဲ့ ပုလဲမြေဩဇာတအိတ်ကို ကျပ်တသိန်းခွဲအထိ ပေးဝယ်နေရပြီး မိုးတွင်းတုန်းက သွင်းအားစုတွေ အလုံအလောက် ဝယ်မထည့်နိုင်တာကြောင့် ဒီနှစ်စပါးအထွက်နှုန်းကျတာလို့လည်း တောင်သူလယ်သမားတွေကပြောပါတယ်။

ပြင်ပတွင် ထိုသို့ စပါးဈေး မြင့်တက်နေချိန်တွင် စကစ လက်အောက်ခံ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က စပါးတင်း ၁၀၀ ရဲ့ အခြေခံရည်ညွှန်းစျေးနှုန်းကို ၆၃၀၀၀၀ ကျပ်အဖြစ် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ စပါးဈေးကို ရည်ညွှန်းဈေး သတ်မှတ်လိုက်တာကြောင့် ရွှေဈေးကွက်ကဲ့သို့ ကမောက်ကမ ဖြစ်မှာကို တောင်သူများက စိုးရိမ်နေကြပါတယ်။

လက်ရှိ နိုင်ငံရေးအခြေအနေအရ တောင်သူတွေအနေနဲ့ လက်ထဲမှာ စပါးလက်ကျန်မထားရဲတော့ဘဲ စပါးပေါ်ချိန်ကတည်းက ထုတ်ရောင်းခဲ့ကြတာကြောင့် စပါးရှားလာပြီး ဈေးတက်လာခြင်းဖြစ်တယ်လို့ ရွှေဘိုမြို့က စပါးကုန်သည်တဦးက ပြောပါတယ်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က Export (ဆန်ကြမ်း) စပါးတင်း ၁၀၀ လျှင် ကျပ် ၁၀ သိန်းဝန်းကျင်သာရှိခဲ့ပြီး ရွှေဘိုပေါ်ဆန်း စပါးတင်း ၁၀၀ လျှင် ကျပ်သိန်း ၂၀ ဝန်းကျင်အထိသာရှိခဲ့ကာ ဧရာ၀တီတောင်ပျံစပါး တင်းတစ်ရာလျှင် ကျပ် ၁၅ သိန်းအထိသာရှိခဲ့ကြောင်း သိရပါတယ်။

စပါးဈေး စံချိန်တင် မြင့်တက်လာခြင်းဟာ ဈေးကွက်အတွင်း ဆန်ရှားပါးမှုတွေ ဖြစ်ပေါ်လာနိုင်ပြီး ဆန်ဈေး မြင့်တက်လာမှုတွေနဲ့ ကြုံတွေ့ရနိုင်ကြောင်း ဈေးကွက် ကျွမ်းကျင်သူများက သုံးသပ်နေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page