အဆိုတော်၊ မင်းသား၊ စာရေးဆရာ စွယ်စုံရ အနုပညာရှင် တွံတေးသိန်းတန်ရဲ့ ဘဝဇာတ်ကြောင်း

(တစ်ခုတည်းသော အလင်္ကာကျော်စွာဘွဲ့ကို ၂၀၂၂ခုနှစ် နှောင်းပိုင်းကမှ ပူပူနွေးနွေး ရရှိထားသော ကွယ်လွန်သွားတာ ဒီနေ့ဆို၁၁-၁-၂၀၂၃ (၂၄)နှစ် ရှိပြီဖြစ်တဲ့ တွံတေးသိန်းတန်)

စွယ်စုံရ မင်းသားကြီး တွံတေးသိန်းတန် ၏ ဘ၀ဇာတ်ကြောင်း။ မည်သည့် ဆုတံဆိပ်၊ မည်သည့် ဘွဲ့ထူး ဂုဏ်ထူး၊ မည်သည့် အကယ်ဒမီ မှ မရခဲ့ ရှာသောပြည်သူချစ်သော အနုပညာရှင် စွယ်စုံရ မင်းသားကြီး တွံတေးသိန်းတန် ၏ ဘ၀ဇာတ်ကြောင်း။

တွံတေးသိန်းတန် သည် မြန်မာနိုင်ငံသား အဆိုတော်၊ စာရေးဆရာ၊ တေးရေးဆရာ၊ ရုပ်ရှင် သရုပ်ဆောင်၊ ရုပ်ရှင် ဒါရိုက်တာ၊ ဇာတ်ဆရာ တစ်ဦး ဖြစ်သည်။ သူသည် ပြည်သူ့အကျိုးကို သယ်ပိုးခဲ့သူဖြစ်သောကြောင့် ပြည်သူချစ်သော အနုပညာသမား တစ်ဦး ဖြစ်ခဲ့သည်။

သူခေတ် သူ့အခါက သူ့လောက်အောင်မြင်ခဲ့သူ မရှိခဲ့သလို ၊ ယခုခေတ်တိုင်အောင် သူ့လောက် လူတန်းစားမရွေး ၏ ရင်ကို သိမ်းပိုက်နိုင်သူ နောက်တစ်ယောက် ရှိအံ့မထင်။ သူ့ခေတ်က မြို့ရောတောပါ မက လွန်စွာခြောက်ကပ်လှသည့် လေးအိမ်တန်းလို နေရာများတွင် ပင် သူ့သီချင်းသံများ ပျံ့လွှင့်ခဲ့ဖူးသည်။ သူ ကွယ်လွန်ခဲ့သည်မှာ ယနေ့ဆိုလျှင် နှစ်ပေါင်း ၂၄ တိတိပြည့်ခဲ့ပြီဖြစ်သော်လည်း သူ့ကို လူကြီး လူငယ်မရွေးသိကြသေးသည်။ သူ့သီချင်းသံများကို နေရာအနှံ့၌ ကြားနေရသေးသည်။ ဒါပင် သူ့ရဲ့အနုပညာစွမ်းအား ဖြစ်သည်။

တွံတေးသိန်းတန် ကို ရှမ်းနွယ်ဖွား မြန်မာ သမားတော်ကြီး ဦးဖိုးဦးနှင့် ဒေါ်ညိုတို့မှ မြန်မာ သက္ကရာဇ် ၁၃၀၃-ခုနှစ်၊ သီတင်းကျွတ်လဆန်း (၇)ရက်၊ ခရစ်နှစ် ၁၉၄၁-ခု၊ စက်တင်ဘာလ (၂၆) ရက်၊ သောကြာနေ့တွင် ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ရှမ်းစုကြီးကျေးရွာ၌ မွေးဖွားခဲ့ သည်။ မွေးချင်း ခြောက်ယောက် အနက် ပဉ္စမမြောက် ဖြစ်သည်။ မွေးချင်းများမှာ ကိုထွန်းရီ၊ မအုန်းကျင်၊ ကိုထွန်းအေး၊ မဝင်း၊ သိန်းတန်၊ မောင်ကြည်ငွေတို့ ဖြစ်သည်။ သောကြာသားဖြစ်သောကြောင့် နေ့သင့်နံသင့် မောင်သိန်းတန် ဟု အမည်ပေးခဲ့ သည်။

အရွယ်ရောက်လာသောအခါ ရှမ်းစုကြီးကျေးရွာ မူလတန်းကျောင်း( ဆရာကြီး ဦးချန်ထွန်း ကျောင်း) တွင် တတိယတန်း အထိ ပညာသင်ယူခဲ့သည်။ စတုတ္ထတန်းမှ သတ္တမတန်း အထိ ရန်ကုန်မြို့၊ စမ်းချောင်း၊ ဟုမ်းလမ်း (ယခု ပန်းလှိုင်လမ်း) ရှိ အစ်ကိုကြီး ဆေးဆရာ ဦးထွန်းရီ ၏ နေအိမ်တွင် နေထိုင်ပြီး ကျောင်းတက် ပညာသင်ယူခဲ့သည်။ ရန်ကုန်တွင် ခုနှစ်တန်းအထိနေပြီး ဟယ်ရီတန် အရေးအခင်းဖြစ်၍ ခုနှစ်တန်း စာမေးပွဲ အောင်ကာ ဇာတိမြေ ရှမ်းစုရွာသို့ ပြန်လာ ခဲ့သည်။

ထိုမှ တစ်ဖန် တွံတေး အခြေခံပညာ အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာ သင်ယူခဲ့ရာ ၁၉၅၉−ခုနှစ်တွင် နဝမတန်း စာမေးပွဲအောင်မြင်သည်။ တွံတေးသိန်းတန်သည် ငယ်စဉ်ကပင် ကဗျာရေးစပ် သီကုံးခြင်းနှင့် သီချင်းဆိုခြင်း၊ ဂီတကို ဝါသနာအထုံ ပါလာခဲ့၍ တွံတေး မယ်ဒလင် ဦးသန်းကြွယ် ထံတွင် တေးဂီတပညာကို သင်ယူသည်။

နဝမတန်း အောင်မြင်ပြီးနောက် ရန်ကုန်မြို့၊ အစိုးရပုံနှိပ်နှင့် စာရေးကိရိယာ ဌာနတွင် ဝင်ရောက် လုပ်ကိုင်ပြီး ၁၉၆၁−ခုနှစ်တွင် မြန်မာ့အသံသို့ အငယ်တန်း စာရေးအဖြစ် ပြောင်းရွှေ့ တာဝန် ထမ်းဆောင်သည်။ ထိုမှ မြန်မာ့အသံ ဓာတ်ပြား၊ ပိဋကတ်တိုက်တွင် လက်ထောက် ပိဋကတ် တိုက်မှူး အဆင့်ထိ တိုးမြှင့်တာဝန်ထမ်းဆောင်ခဲ့သည်။

တနေ့တွင် စန္ဒယား အောင်ခင် မှ မောင်သိန်းတန် အား မြန်မာ့အသံတွင် အသံလွှင့်ရန် ငါးမိနစ် စာ သီချင်းတစ်ပုဒ်ရေးခိုင်းသည်။ မောင်သိန်းတန် သည် မယ်ဒလင်ကောက်ကိုင်ပြီး သီချင်း တစ်ပုဒ် ရေး၍ Note ထည့်လိုက်သည်။ ထိုသီချင်းကား ယနေ့တိုင် မကြာခဏကြားနေရဆဲဖြစ်သည့် ”ပန်းစံပယ် သြော် နန်းလယ် မပေါ်ခိုက်ဟာမို့ အလိုက်တော်တန်သင့်ရုံပ ခံပွင့်ကို ကုံးရတယ်” အစချီသော “ထွေးညို” သီချင်းဖြစ်လေသည်။

တွံတေးသိန်းတန်သည် သီချင်းရေးသား သီဆိုခြင်း ဝါသနာ အရ ဆရာဦးသန်းကြွယ်၊ တပ်မတော် (ရေ) မှ PO ဦးသန်းမြင့်၊ ဂီတာသိန်းစိုး၊ စန္ဒရားမောင်မောင်အေး၊ မောင်မောင်လေး တို့ထံမှ ဂီတပညာကို ဆည်းပူးခဲ့ပြီး ၁၉၅၆-ခုနှစ်တွင် မြန်မာ့အသံ ရေဒီယိုမှ တေးသီချင်း တစ်ပုဒ်စ၊ နှစ်ပုဒ်စ စတင်ထုတ်လွှင့်ခဲ့ရာ ၁၉၆၀-၆၁-ခုနှစ်က ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆို ခဲ့သော မျက်ရည်စမ်းဖြင့် ခမ်းလေပြီ သီချင်းဖြင့် ဂီတနယ်သို့ စတင်ဝင်ရောက်ခဲ့သည်။

၁၉၆၂ ခုနှစ်တွင် ကိုယ်တိုင်ရေးစပ် သီကုံးကာ မြန်မာ့အသံမှ ထုတ်လွှင့်သော ထွေးညို သီချင်းဖြင့် မြန်မာနိုင်ငံ အနှံ့ ပျံ့နှံ့ကျော်ကြား လူသိများလာသည်။ သို့နှင့် ဓာတ်ပြားလောကတွင် ပန်းနွယ်ကစိမ်း၊ နှမလက်လျှော့နေလေတော့၊ မြသီတာ အကြိုတော်ထောက်ပေမယ့်၊ အသီး တစ်ရာ အညှာတစ်ခု၊ မေတ္တာမီးအိမ်၊ ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ်၊ ဖိုးလမင်းကို အောင်သွယ်ခိုင်းမယ်၊ မှုန်နံ့သာ ခြယ်ကာသပါလို့ စသည့် သီချင်းများနှင့် တေးသံရှင် အဖြစ် ထင်ရှားကျော်ကြားခဲ့သည်။ သူ၏ သီချင်းများသည် ကျေးလက်၏ သဘာဝ အလှအပများနှင့် တောသူတောင်သားတို့၏ ခံစားမှုကို ကိုယ်စားပြုသည်က များသည်။

ထွေးညို သီချင်းက တွံတေးသိန်းတန်ကို နိုင်ငံကျော် ရုပ်ရှင်မင်းသား ဘဝသို့ ပို့ဆောင်ပေးခဲ့သည်။ ၁၉၆၄-ခုနှစ်တွင် မြတ်ကဝိန် ရုပ်ရှင်မှ ဒါရိုက်တာ ဦးလှအောင် ရိုက်ကူးသော ထွေးညို ဇာတ်ကား၌ မင်းသမီး ခင်သန်းနု၊ သရုပ်ဆောင် ဌေးဝင်း တို့နှင့် အတူ ပါဝင်သရုပ်ဆောင်ခွင့် ရရှိခဲ့ရာ တေးသံရှင် သရုပ်ဆောင်အဖြစ် ထင်ရှားကျော်ကြားလာသည်။ ထို့နောက် ရုပ်ရှင်ဇာတ်ကားများ ဆက်လက်ရိုက်ကူးရန် မြန်မာ့အသံမှ အလုပ်ထွက်ခဲ့ပြီး ချစ်သူပေးသော တေးတစ်ပုဒ် ဇာတ်ကားကို ဆက်လက်ရိုက်ကူးသည်။

တွံတေးသိန်းတန်သည် ရုပ်ရှင် ကုမ္ပဏီပေါင်း များစွာက ကမ်းလှမ်းရိုက်ကူးသော ဇာတ်ကားများ တွင် အဓိကဇာတ်ကောင် အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရာ မြတ်လေး၊ ဝါဝါဝင်းရွှေနှင့် ချစ်သူပေး သော တေးတစ်ပုဒ်၊ ခင်သန်းနုနှင့် မေတ္တာဇာတ်လမ်း ဆုံရာဝယ်၊ ရှုမဝ စမ်းစမ်းအေးနှင့် ပန်းနွယ်က စိမ်း၊ ဇော်လွင်၊ ဝါဝါဝင်းရွှေ တို့နှင့် အရွှေတို့ရွာ၊ တင်တင်ညိုနှင့် အညာသားလေး၊ ဒေစီကျော်ဝင်းနှင့် ပန်းကလေးများ မနွမ်းစေချင်၊ မြင့်မြင့်ခိုင်နှင့် မုန်းစရာကြီး၊ မဉ္စူသင်းနှင့် ချမ်းမြေ့သီတဂူ၊ စံရှားတင်နှင့် ချစ်ရက်ကယ်နှောင်း၊ ခင်သန်းနုနှင့် အသက်ကိုနှင်း၍၊ ကြည်ကြည်ဌေး၊ မေယုတို့နှင့် သတ္တိသွေးနှင့် တေးလုလင်၊ နှင်းဆီနှင့် နန်းကြာရိပ်မြိုင်၊ အပါအဝင် ရုပ်ရှင် ဇာတ်ကားပေါင်း (၆၇) ကား ရိုက်ကူးခဲ့သည်။

တွံတေးသိန်းတန် သည် ဝတ္တု၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ အဖြစ်လည်း ရိုက်ကူး ထုတ်လုပ်ခဲ့ရာ မင်းသမီး စန္ဒာနှင့် တွဲဖက် သရုပ်ဆောင်သည့် ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ်နှင့် ချစ်မိတော့လည်း အရူးအမူး ဇာတ်ကားတို့မှာ ပရိသတ်၏ နှစ်ခြိုက်အားပေးခြင်း ခံရသည်။

ဓာတ်ပြားတေးသီချင်းများ အနေနှင့် ထွေးညို ထွက်ရှိပြီး နောက်ပိုင်း အဆက်မပြတ် သီဆို ထုတ် လွှင့်ခဲ့ရာ အဆိုတော် တွံတေးသိန်းတန် ကိုယ်တိုင် အရေအတွက် မှတ်မိခြင်း မရှိတော့ဟု ဆို သည်။ တိတ်ခွေ (၂၉)ခွေ ထွက်ရှိခဲ့ပြီး သီချင်းပုဒ်ရေ ၃၂၀−ခန့်၊ ပြဇာတ်တေးများ ပါဝင်လျှင် ၃၅၀ ခန့် ရှိမည်ဟု ခန့်မှန်းကြသည်။

၁၉၇၄ ခုနှစ်တွင် တွံတေးသိန်းတန် ဂီတ ရုပ်ရှင် ပြဇာတ် သဘင် ဇာတ်သဘင် အဖွဲ့ကို ဖွဲ့စည်း ကာ ဇာတ်မင်းသား အဖြစ်နှင့်လည်း အနယ်နယ် အရပ်ရပ်သို့ လှည့်လည်ကပြခဲ့ရာ ရုံပြည့်ရုံလျှံ ပရိသတ်အားပေးခြင်းကို ခံခဲ့ရသည်။ မြန်မာ့ယဉ်ကျေးမှု တေးသီချင်းများကို သီဆိုလေ့ရှိသော တွံတေးသိန်းတန်သည် ဂီတ ပရိသတ် အားပေးမှု အများဆုံး ရရှိသော တေးပြု အဆိုတော် အဖြစ် မြန်မာ့ဂီတ သမိုင်းမှတ်တမ်းများတွင် ဖော်ပြသည်။

ကိုယ်တိုင်ရေး၊ ကိုယ်တိုင်သီဆို အသံလွှင့်ခဲ့သော တေးသီချင်းများစွာ အနက် ဖိုးလမင်းကို အောင်သွယ်ခိုင်းမယ်၊ နှမလက်လျှော့ နေလေတော့၊ ဝဏ္ဏပဘာ၊ အသီးတစ်ရာ အညှာတစ်ခု၊ အမေ့ပါးက သနပ်ခါး တို့မှာ ခေတ်အဆက်ဆက် မရိုးနိုင်သော တေးများအဖြစ် ဂန္ထဝင်တွင် ကျန်ရစ်သည်။

ထို့ပြင် တွံတေးသိန်းတန်သည် ဂီတ ရုပ်ရှင် သာမက သီးသန့် လုံးချင်းဝတ္တုရှည် များကိုလည်း ရေးသားခဲ့ရာ စာအုပ် (၂၀) ခန့်ထိ ရှိခဲ့သည်။ မခေါ်သာ တော်ရာကပြုံးပါမယ်၊ အချစ်ကစနေ ကိုယ်က စနေ စသော ဝတ္တုစာအုပ်များက ထင်ရှားသည်။

အဆိုတော် တွံတေးသိန်းတန် သည် ဒေါ်စန်းမြင့်နှင့် လက်ထပ်ခဲ့ပြီး သားသမီး (၄) ဦး ထွန်းကား ခဲ့သည်။ အိမ်ထောင်ရေး အဆင်မပြေဖြစ်ခဲ့သည်ကို အကြောင်းပြုကာ အရက်အလွန်အကျွံ သောက် ရာမှ ဘာအလုပ်မှ မလုပ်နိုင်တော့အောင် ဖြစ်ခဲ့ရသည်။ နောက်ဆုံး အနုပညာ အလုပ်များကိုပါ ရပ်တန့်ခဲ့ရသည် အထိ အခြေအနေ ဆိုးဝါးခဲ့ရသည်။ ဘဝလည်းပျက်၊ အိမ်ထောင်လည်းကွဲပြီး ဇာတိရွာသို့ပြန်လာသောအခါ ဖိနပ်တောင်မပါဘူးဟု ဆိုကြလေသည်။

ကံတရားအရ ကယ်တင်ရှင် နှစ်ဦးပေါ်လာခဲ့သည် ။ ကိုတင်ဌေးနှင့် မသန်းချစ် (ခေါ်) ချစ်စပယ် တို့ ရွာထိ လိုက်လာပြီးပြုစု ပျိုး ထောင်ပေးကြသည်။ ချစ်စပယ်နှင့်မြန်မာ့အသံတွင် လုပ်ဖော်ကိုင်ဖက်ဖြစ်ပြီး ရင်းနှီးခဲ့ကြသည် ။ ယခုပြန်တွေ့သော အခါ သံယောဇဉ်ဖြစ်ပြီး လက်ထပ်လိုက်ကြသည် ။

ရန်ကုန်သို့ပြန်လာပြီး သူများအိမ်တွင် ခိုကပ်နေကြသည်။ ဂီတစာဆို ကိုကျော့မှုး သည် တွံတေး သိန်းတန်နှင့် ချစ်စပယ် တို့အား စုံတွဲသီချင်း တစ်ပုဒ် ရေးပေးလိုက်ရာ တစ်ရှိန်ထိုး အောင်မြင် ကျော်ကြားသွားလေသည် ။ ထိုသီချင်းကား ” မောင်ရွှေရိုး နဲ့ ချစ်စပယ် “ဖြစ်လေသည်။

တစ်သက်တာ ကာလပတ်လုံး အနုပညာနှင့် နေထိုင်ခဲ့သော တွံတေးသိန်းတန် သည် ၁၉၉၉ခု၊ ဇန်နဝါရီလ (၁၁) ရက်နေ့ အသက် ၅၈ နှစ် အရွယ်တွင် ရန်ကုန်မြို့၌ အသည်း ကင်ဆာဖြင့် ကွယ်လွန်ခဲ့သည်။ တွံတေးသိန်းတန် ၏ စျာပနနှင့် ပတ်သက်၍ စာရေးဆရာ သုမောင် က “စိတ်လှုပ်ရှားနေ သောကြောင့် တိုတိုပဲ ရေးပါရစေ” ခေါင်းစဉ် ဖြင့် စာတစ်ပုဒ် ရေးဖူးသည်။ ထိုစာမှာ အောက်ပါ အတိုင်းဖြစ်သည်။

ငွေကြယ်တစ်ပွင့် ကြွေသောပွဲ ၊ တွံတေးသိန်းတန်ကြွေသောပွဲ။ သူ့ အသုဘကို ကျွန်တော်လိုက် ပို့ဖြစ်သည်။ ကျွန်တော်သည် ငွေကြယ်ပွင့်တို့ ကြွေသော အသုဘများသို့ သွားလေ့သွားထ မရှိ။ အကြောင်းမှာ ကြွေသောကြယ်ပွင့်ကို ဂါရဝပြုခြင်းထက် ကြွရောက်လာကြမည့် အခြားနာမည် ကျော်များကို ကြိတ်ကြိတ်တိုး လာရောက်ကြည့်ရှု့အားပေးကြသော ပရိသတ်၏ ဒါဏ်ကို မခံနိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်သည် ငွေကြယ်တစ်ပွင့်ကြွေလေတိုင်း (မကြွေမီကပင်) တတ်အားသရွေ့ တတ်နိုင်သောနည်းဖြင့် ကူညီသည်။

ယခု တွံတေးသိန်းတန် ကိစ္စတွင်လည်း လိုက်ပို့ရန် စိတ်ကူးမရှိခဲ့။ သို့သော် ကျွန်တော် ပိုင်ဆိုင် သော ပစ်ကပ်နောက်ဖွင့် ကားကလေး ရှိသောကြောင့် ထိုကားဖြင့် အကူအညီပေးရန် လိုက်ချင် တဲ့သူ လိုက်ကြပါစေ ဆိုသည့် သဘော ၊ ကုသိုလ်ဖြစ်သဘော။

ဆိုကြပါစို့ ။ ရေဝေး သုသာန်သို့ ရောက်ပါပြီ။ မြောက်ဥက္ကလာ လမ်းမကြီးမှ ရေဝေးသုသာန် အ၀င် လမ်းထောင့်ချိုး တွင် ဆိုက်ကားဂိတ် တစ်ခုရှိသည်။ ထိုနေရာအရောက် ကျွန်တော်အသံ တွေကြားရသည်။ ဆိုက်ကားသမားများ၏ သံပြိုင်အသံများဖြစ်သည်။

“ကိုသိန်းတန်ဆီ အရောက် တစ်ယောက်ငါးဆယ်” အစတွင် သူတို့ဘာကြောင့်အော်နေမှန်း ကျွန်တော်နားမလည်။ နောက်မှ သြော် ထိုနေရာမှ ရေခဲတိုက်အထိ ခရီးကို တစ်ယောက်ငါးဆယ်နှုန်း ဟု ဆိုလိုကြောင်း သဘောပေါက်တော့ သည်။ ကျွန်တော် စဉ်းစားကြည့်သည်။ ဟုတ်ပ ၊ ကိုသိန်းတန် အား လာရောက်ပို့သကြသော အသုဘရှု့ ပရိသတ်သည် မော်တော်ကားစီးနိုင်သော အတန်းအစား မျိုးများမှ မဟုတ်ကြပါ ဘဲလေ။

ရေဝေးသုသာန် လယ်ကွင်းပြင်ကြီးသည် ဖုန်တစ်ထောင်းထောင်း ထနေသည်။ ကျဲကျဲတောက် ပူနေသော နေရောင်အောက်တွင် ကိုသိန်းတန် အား လာရောက်ဂါရဝပြုကြသော ပရိသတ်ကြီး သည် ပုရွက်ဆိတ်အုံ တုတ်နှင့်ထိုးသကဲ့သို့ ရုန်းရင်းဆံခတ် ဟိုပြေးဒီပြေး လှုပ်လှုပ်ရွရွ။

ကျွန်တော် သတိထားမိသလောက် (ယခင့်ယခင် ငွေကြယ်ပွင့်တို့ ကြွေလေရာ လာရောက်ကြ သော ပရိသတ်မျိုးမဟုတ်) လူအုပ်ကြီးသည် ဘယ်နာမည်ကြီးတွေ လာကြမည်ကို စောင့်မျှော်နေ ကြသော ပရိသတ်မျိုး မဟုတ် ။ ကိုသိန်းတန် ၏ ရုပ်အလောင်းကို ကြည့်ရှု့ရန် လာကြသော ပရိသတ်များသာ ဖြစ်ပါသည်။ ပါးကွက်ကြားတွေလည်း ပါသည်။ အပေါစား နှုတ်ခမ်းနီ ရဲရဲတွေလည်းပါသည်။ ခုံဖိနပ်တွေ လည်း ပါသည်။ အင်္ကျီအစုတ်အပြဲတွေလည်း ပါသည်။ တောင်သူလယ်သမား ၊ အလုပ် သမားနှင့် အခြေခံ လူတန်းစား။ ကိုသိန်းတန် ၏ ရုပ်အလောင်းကို ကြည့်ရှု့ရန် လာကြသော ပရိသတ်များသာ ဖြစ်ပါသည်။

တခြား ကျွန်တော် သတိထားမိသည်မှာ စက်ဘီးဖြင့် ထီရောင်းကြသူများ။ သူတို့သည် ထီလာ ရောင်းဟန် မတူ ။ တွံတေးသိန်းတန်ကို လာရောက် ဂါရဝပြုကြပုံရသည်။ သို့သော် သူတို့ တစ်အုပ်စု လုံးသည် စက်ဘီး ကတ်ဆက်များကို အကျယ်လောင်ဆုံး ဖွင့်ထားကြသည်။ တွံတေးသိန်းတန် သီချင်းတွေချည်းပါပဲ။ အရက်သမား တစ်ချို့ကိုလည်း တွေ့ရသည် ။ မူးမူးနှင့် ကိုသိန်းတန် သီချင်းတွေကို အော်ဟစ် သီဆိုနေကြသည်။ မှတ်မှတ် ရရ မျက်မမြင်တစ်ယောက်ကိုလည်း ကျွန်တော်တွေ့သည်။ လူအတွဲဖြင့် လာသည်။

“အသံပဲ ကြားဖူးပါတယ်ဗျာ။ လူမမြင်ဖူးပါဘူး။ ဒါကြောင့် နောက်ဆုံးအနေနဲ့ သူ့မျက်နှာလေးကို ကိုင်ကြည့်ချင်လို့ပါ။ သူအလောင်းဘယ်မှာလဲဗျို့” ဟု ငိုသံပါကြီးဖြင့် အော်ဟစ်နေသံကို ကျွန်တော်ကောင်းကောင်းကြားလိုက်ရသည်။ လှိုက်ခနဲ ဖြစ်သွားသည်။

ကိုသိန်းတန်၏ အလောင်းကို ဝှက်ထားရသည်ဟု တာ၀န်ရှိသူများကပြောသဖြင့် ကျွန်တော်ပင် ကြည့်ခွင့်မရခဲ့ပါ။ အပြန်တွင်လည်း စောစောက ပြောခဲ့သော ဆိုက်ကားဂိတ် အရောက် ဆိုက်ကား သမားများ၏ သံပြိုင်အော်ဟစ်နေသံကို ကြားရပြန်ပါသည်။ ဒီတစ်ချီ ကြားရသော အသံတွေကား ကျွန်တော့်ရင်ကိုသာမက တစ်ကိုယ်လုံးကိုပါ ဆတ်ဆတ်တုန်ခါသွားစေပါသည်။ “ကိုသိန်းတန်ရေ သေတဲ့အထိ ကျွန်တော်တို့ကို လုပ်ကျွေးသွားသလားဗျ”

ကျွန်တော်တို့ ငွေကြယ်ပွင့်များသည် ကောင်းကင်၌ တစ်လက်လက်တောက်ပကြကုန်၏။ ကြွေချိန်တန်တော့လည်း ကြွေရမည်သာပင်။ သို့သော် ဘယ်နေရာဆီသို့ ကြွေမည်နည်း။ ကျောက်ဆောင် ၊ ချောက်ကမ်းပါးများပေါ်သို့ ကြွေမည်လော။ ပင်လယ်သမုဒ္ဒရာ အတွင်းသို့ ကြွေမည်လော။ (သုမောင်)

ကိုးကား၊ ရဲသွေးထက် ရေးသည့် ပြည်သူချစ်သော တွံတေးသိန်းတန်၊ ၂၀၁၅ အောက်တိုဘာလ၊ မြတ်ပန်းရဂုံ စာပေ၊ စာ -၃၊ မြန်မာ့စွယ်စုံကျမ်းအနှစ်ချုပ် (၂၀၁၆)၊ ကာတွန်းဝင်းအောင် – အောင်မြင်သော မြန်မာအနုပညာရှင်များ၊ သုမောင် – ခလုတ်တိုက်မိသော စရိုက်များ၊ ကိုစိုးအောင်လံ – ယစ်ထုတ်ဘဝမှ ပြန်လည်နိုးထလာသော တွံတေးသိန်းတန်၊ Nan Aye Kyi

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page