ပတ်စ်ပို့ ထုတ်ပေးမှု ရက်အကန့်အသတ်မရှိ ပိတ်သိမ်းလိုက်တဲ့ နောက်ကွယ်က အကြောင်းရင်း
ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းရှိ နိုင်ငံကူးလက်မှတ် လျှောက်ထား ထုတ်ပေး သည့်ရုံးများအားလုံးကို စကစက ရက်အကန့်အသတ်မရှိ ပိတ်သိမ်း လိုက ပြီး နိုင်ငံကူး လက်မှတ် ထုတ်ပေးမှု ရပ်ဆိုင်းထားကြောင်း ယနေ့ နိုင်ငံကူး လက်မှတ် သွားရောက် လုပ်ခဲ့သူများထံကနေ သိရပါတယ်။
ရန်ကုန်မြို့၊ ရန်ကင်းရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ ဒီဇင်ဘာ တတိယ အပတ် မှစတင်၍ နိုင်ငံကူးလက်မှတ် ထုတ်ပေးမှုများကို ရက်အကန့် အသတ်မရှိ ရပ်ဆိုင်းကြောင်း ရုံးတွင်း ကြေညာချက် ထုတ်ပြန်ထားခဲ့ရာ ယနေ့ တွင် ပြန်လည်လုပ်ငန်းစတင်မည်ဟု သတင်းရရှိ၍ ပြည်သူအများအပြားသွား ရောက် တန်းစီခဲ့ကြသော်လည်း ရက်အကန့်အသတ်မရှိ ရုံးပိတ်ထားသည်ဟု သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များက ပြောဆိုကြောင်း၊ နိုင်ငံကူးလက်မှတ် လာလုပ် သူများကို အိမ်ပြန်ကြရန် ပြောဆိုပြီး ရုံးတံခါးပိတ်သွားခဲ့ကြောင်း သိရှိရပါတယ်။
နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ လျှောက်ထားရန် အွန်လိုင်းမှ ကျူအာကုတ် ရယူမှုကို ဒီဇင်ဘာ ၅ ရက်မှ စတင်ရပ်ဆိုင်းကြောင်း၊ ထိုသို့ ရပ်ဆိုင်းရခြင်းမှာလည်း အွန်လိုင်းဘွတ်ကင် စနစ်ဖြင့် ကျူအာကုတ် ရယူ၍ ရက်ချိန်းရယူလျှောက် ထားခြင်း ကို ရက်ချိန်းရယူလိုသူ မည်သူမဆို ကာယကံရှင်ကိုယ်တိုင် ၂၄ နာရီ ပတ်လုံး ပိတ်ရက်မရှိ လွယ်ကူစွာလျှောက်ထားနိုင်ရန်အတွက် အွန်လိုင်းဘွတ်ကင်စနစ်ကို ပြင်ဆင်ရေးဆွဲနေခြင်းကြောင့် ရပ်ဆိုင်းခြင်း ဖြစ်ကြောင်း စကစက သတင်းထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ လုံခြုံရေး စက္ကူ လုံး၀ မရှိတော့၍ မှာယူထားသည့်အတွက် ယင်းလုံခြုံရေး စက္ကူများ တင်သွင်းထားမှု ပြန်လည်ဝင်ရောက်လာမှသာ နိုင်ငံကူးလက်မှတ် ထုတ်ပေးနိုင်မယ်လို့ သတင်းတချို့ ထွက်ပေါ်နေပါတယ်။
မြန်မာပြည်တွင်းက လူတွေ နိုင်ငံခြား အများအပြား ထွက်ခွာနေမှုကို ထိန်းချုပ်ရန် စကစ အနေနဲ့ ကြံစည်နေတယ်လို့လည်း သိရပါတယ်။ လတ်တလောမှာတော့ ငွေယူထားတဲ့ ပတ်စ်ပို့ ပွဲစားတွေနဲ့ အရေးကြီးလိုအပ်တဲ့ ပြည်သူတွေ အများအပြား ဒုက္ခရောက်နေကြတယ်လို့ သိရပါတယ်။