တရုတ်နှစ်သစ်ကူးမှာ ဟုန်ပေါင်း (အန်ပေါင်း) ပေးရတဲ့ အကြောင်းရင်း (ဘယ်သူက ဘယ်သူ့ကို ပေးရမလဲ)

ဘယ်သူက ဘယ်သူ့ကိုပေးရမလဲ၊ အချို့ကအိမ်ထောင်ကျမှ ဟုန်ပေါင်း (ဖူကျင့်လို အန်ပေါင်း) ပေးရမယ်လို့ထင်ကြတယ်။ ကိုယ်က အလုပ်ရှိတယ် ဝင်ငွေရှိတယ်ဆိုရင် ကိုယ့်ထက်ငယ်တဲ့ ညီတွေညီမတွေ တူတွေ တူမတွေကိုပေးလို့ရပါတယ်။

ကိုယ့်လက်အောက်ငယ်သားတွေ ဝန်ထမ်းတွေကို နှစ်ကူးဟုန်ပေါင်းပေးကြတာလည်း ဓလေ့တစ်ခုဖြစ်နေပါပြီ။ ကိုယ်က ပိုက်ဆံရှိတယ် ပေးချင်တယ်ဆိုရင် ဘယ်သူ့ကိုမဆို အသက်အရွယ်မရွေးပေးလို့ရပါတယ်။ ကိုယ်နဲ့ရွယ်တူတန်းတူတွေကိုတော့ သိပ်ပေးလေ့မရှိပါ။ အဓိကတော့ ဝင်ငွေမရှိသေးတဲ့ ကလေးတွေနဲ့ ဝင်ငွေမရှိတော့တဲ့ လူကြီးတွေကို ဟုန်ပေါင်းပေးကြတာ များပါတယ်။

အန်ပေါင်းအိတ်ထဲတွင် တရုတ်အယူအရ ပိုက်ဆံကိုစုံဂဏန်းများဖြင့်ပေးလေ့ရှိသည်။ မဂဏန်းများကိုတော့ တရုတ်နာရေးများတွင်ပေးလေ့ရှိသည်။ မဂဏန်းများထဲတွင် ၉ဂဏန်းကိုတော့ နာရေးများတွင် သုံးလေ့မရှိပါ။ ၉ဂဏန်းသည် အက္ခရာထဲတွင် အကြီးဆုံးဖြစ်သောကြောင့်ဖြစ်သည်။

စုံဂဏန်းထဲတွင် ၄ဂဏန်းကိုတော့ ဟုန်ပေါင်းများတွင် ထည့်မပေးချေ။ ဥပမာ ၄၀၊ ၄၀၀၊ ၄၄၄။ ၄ဆိုသည် တရုတ်အသံထွက် သေသည်ဆိုသော အသံထွက်နှင့်တူသောကြောင့်ဖြစ်သည်။

တရုတ်နှစ်သစ်ကူးများတွင် ဟုန်ပေါင်းကို အိမ်ထောင်ရှိသူများမှ အိမ်ထောင်မရှိသူများအား ပေးကြသည်။ အများအားဖြင့် ကလေးသူငယ်များအား ပေးခြင်းဖြစ်သည်။ တရုတ်ပြည်မြောက်ပိုင်းဒေသများတွင် အန်ပေါင်းကို အသက်ကြီးသူများက အသက်ငယ်သူ(၂၅နှစ်အောက်) များကိုသာပေးကြသည်။

ကျန်ဒေသများတွင် အသက်ငယ်သူ(အလုပ်မလုပ်သေးသောသူ)များကိုပေးကြသည်။ တရုတ်နှစ်သစ်ကူး ခြင်္သေ့အကနှင့် နဂါးအကများကိုလည်း အန်ပေါင်းများပေးလေ့ရှိသည်။

ဟုန်ပေါင်း(အန်ပေါင်း) ပေးတဲ့ဓလေ့ပုံပြင်၊ ရှေးခေတ်အခါတုန်းက suì ဆိုတဲ့ ကိုယ်လုံးမည်းမည်း လက်ကဖြူဖြူဆိုတဲ့ မကောင်းဆိုးဝါးတစ်ကောင် ရှိတယ်။ နှစ်ကုန်ခါနီး ညမှာ အိပ်ပျော်နေတဲ့ကလေးရဲ့ ခေါင်းကို ကိုင်တွယ်ပွတ်သပ်လေ့ရှိတယ်။ သူ့အကိုင်ခံရပြီးတဲ့ ကလေးဟာ ကိုယ်တွေ တအားပူပြီး ကယောင်ကတန်းတွေဖြစ်မယ် ပြီးရင် အူတူတူ -ူးကြောင်ကြောင်ဖြစ်သွားသတဲ့။

လူကြီးတွေက အဲ့ဒီအကောင်ရဲ့ ရန်ကိုကာကွယ်ဖို့ အဲ့နေ့ရောက်လာပြီဆိုရင် တစ်အိမ်လုံးမီးအလင်းထွန်းပြီး ကလေးအနားမှာမိုးလင်းပေါက် ထိုင်စောင့်ကြတယ်။ အဲ့ရွာမှာ အသက်ကြီးမှကလေးရတဲ့ စုံတွဲတစ်တွဲ လည်းရှိသတဲ့ သူတို့လည်း suì ထွက်လာမယ့်ညမှာ သူများလိုပဲကလေးကိုမိုးလင်းပေါက်စောင့်ဖို့ပြင်ဆင်ကြ တယ်။

ကလေးလေးမအိပ်ခင်မှာ ကလေးနဲ့အတူ ငွေဒင်္ဂါး ၈ ပြား ယူပြီးဆော့ကစားကြတယ်။ ခဏနေတော့ ကလေးလေးကမောမောနဲ့ အိပ်ပျော်သွားတဲ့အခါမှာ အမေဖြစ်သူက ကလေးဆော့ထားတဲ့ ငွေဒင်္ဂါးကို စက္ကူအနီနဲ့ပတ်ပြီး ကလေးအိပ်တဲ့နားမှာ အမှုမဲ့အမှတ်မဲ့ထားလိုက်တယ်။

သူတို့လင်မယားလည်း အသက်ကကြီးပြီဆိုတော့ မှေးခနဲအိပ်ပျော်လိုက် နိုးလိုက်နဲ့ စောင့်နေကြတယ် မိုးလင်းခါနီးရောက်တော့ ဒီ suì ဆိုတဲ့ မကောင်းဆိုးဝါးက သူ့လက်ဖြူဖြူကြီးနဲ့ ကလေးခေါင်းကိုကိုင်ဖို့လှမ်းလိုက်တဲ့အခါမှာ ကလေးဘေးမှာ ချထားတဲ့ ငွေထည့်ထားတဲ့ စက္ကူအနီက အရောင်တွေ တလက်လက် တထိန်ထိန်ထွက်လာပြီး မကောင်းဆိုးဝါးအကောင်လည်း လန့်ပြီးထွက်ပြေးသွားတယ်။

ဒီသတင်းလည်း ရွာထဲမှာပျံ့သွားပြီး ရွာသူရွာသားတွေလည်း လိုက်လုပ်ကြတယ်။ တဖြည်းဖြည်းနဲ့ လူတွေက ပိုက်ဆံကို စာအိတ်အနီထဲထည့်ပြီး ကလေးနားမှာထားရင် မကောင်းဆိုးဝါးတွေ အနားမကပ်နိုင်တော့ဘူး ဆိုတဲ့အယူကို စတင်ယုံကြည် လာကြတယ်။ ဒါကြောင့် အဲ့ဒီအချိန်ရောက်တိုင်း လူကြီးတွေက ကလေးတွေဘေးကင်းအောင် တစ်နှစ်တာလုံး ကျန်းကျန်းမာမာနဲ့ အနှောင့်အယှက်ကင်းအောင် ဆိုပြီး ဟုန်ပေါင်း(အန်ပေါင်း) ပေးကြတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page