ဂွတ်ဒီဆင်ပန်းခြံမှာ အပြာရောင်တပ်သားတွေကြောင့် အကျနာခဲ့ရတဲ့ လေပေါ်က ဆင်ပျံကြီး

ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ ဆင်ပျံကြီး အာဆင်နယ်ဟာ ဇယားအောက်ဆုံးက အဲဗာတန်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အရှုံးပေးလိုက်ရပြီ ဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ငါးပွဲမှာ ရှုံးပွဲ မရှိခဲ့သလို အဲဗာတန် အသင်းဟာလည်း နိုင်ပွဲ လုံးဝ မရှိခဲ့ပါဘူး။ ဒါပေမယ့် ပရီးမီးယားလိဂ်ရဲ့ ရင်ခုန် စိတ်လှုပ်ရှားဖွယ် ထုံးစံအတိုင်း ဇယားအောက်ဆုံးအသင်းက ဇယား ထိပ်ဆုံး အသင်းကို အနိုင်ရရှိ သွားခဲ့ပါပြီ။

အဲဗာတန်အသင်းရဲ့ အနိုင်ဂိုးကိုတော့ မိနစ် ၆၀ မှာ တာကိုးစကီးက သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု အများအပြားရရှိခဲ့ပြီး ဂိုးကန်သွင်းခွင့်တွေ ရရှိခဲ့ပေမယ့် အဲဗာတန် အသင်းကို အရှုံးပေးခဲ့ရပါတယ်။

မှတ်တမ်းများအရ အာဆင်နယ်အသင်းဟာ အဲဗာတန်ရဲ့ အိမ်ကွင်းဖြစ်တဲ့ ဂွတ်ဒီဆင်ပတ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲလုံး အဲဗာတန်ကို အရှုံးပေးခဲ့ရကြောင်း မှတ်တမ်းဝင်သွားပြီ ဖြစ်ပါတယ်။

ယခုပွဲအရှုံးကြောင့် အာဆင်နယ်အသင်းဟာ ဒုတိယ နေရာက မန်စီးတီးအသင်းကို ၅ မှတ်သာ ဖြတ်ထားနိုင်တော့တာ ဖြစ်ပါတယ်။ အကြိတ်အနယ် ဖြစ်လာနိုင်တဲ့ ပရီးမီးယားလိဂ်ဖလားလမ်းကြောင်းကတော့ ဘယ်လို အချိုးအကွေ့တွေနဲ့ ဖြစ်လာဦးမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page