ရန်ကုန် မြို့နယ် (၁၆) ခုကို အလှည့်ကျ မီးပေးမယ့် အချိန်ဇယား ထွက်လာပါပြီ

ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ် ၁၆ မြို့နယ်မှာ မီးအလှည့်ကျပေးမယ့် အချိန်ဇယားကို ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်လိုက်ပါတယ်။

လျှပ်စစ်မီးအလှည့်ကျပေးမယ့် မြို့နယ်တွေကတော့ ရန်ကင်း၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ တာမွေ၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဒဂုံ၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ ဗဟန်းမြို့နယ်တွေ ဖြစ်ပြီး အဲဒီမြို့နယ်တွေကို ဦးစားပေးအဆင့် (က)အဖြစ် သတ်မှတ်ထားတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီ ဦးစားပေးမြို့နယ်တွေမှာတော့ အုပ်စု အေ၊ ဘီ ခွဲထားပြီး မနက် ၉ နာရီကနေ ညနေ ၄ နာရီထိ အလှည့်ကျ လျှပ်စစ်မီးပေးသွားမှာဖြစ်ပြီး ညနေ ၄ နာရီကနေ နောက်တစ်နေ့ မနက် ၉ နာရီအထိကတော့ လျှပ်စစ်မီး အပြည့် အဝ ပေးသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တောင်ဥက္ကလာမြို့နယ်ရှိ စက်မှုဇုန်ကိုလည်း မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိသာ ဓာတ်အား ပေးသွားမှာဖြစ်ပြီး ဦးစားပေး (က) အဆင့်မှာ ပါတဲ့ မြို့နယ် (၁၆) မြို့နယ်အတွင်းက ဆေးရုံတွေနဲ့ အရေးကြီး ဌာနဆိုင်ရာတွေမှာတော့ ၂၄ နာရီအပြည့် လျှပ်စစ်မီးပေးသွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ယခုလို အချိန်ဇယား သတ်မှတ်ထားပေမယ့် ပြတ်ချင်တဲ့ အချိန် ပြတ်နေကြောင်း၊ အချိန်မရွေး မီးပြတ်နိုင်တဲ့ အခြေအနေနဲ့ ကြုံတွေ့နေရကြောင်း၊ လျှပ်စစ်မီးကို မူတည်ပြီး လုပ်ရတဲ့ အလုပ်တွေ အကုန် ရပ်ထားရကြောင်း၊ မီတာခတွေ ဈေးတက်ပြီး လျှပ်စစ်မီး အပြည့်အဝ မရတာဟာ ပြည်သူ့အခွင့်အရေး ဆုံးရှုံးတာ ဖြစ်ကြောင်း ရန်ကုန်မြို့နေ ပြည်သူတဦးက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page