ဘောလုံးဇာတ်ခုံမှာ နတ်ဘုရားတပါး ဖြစ်ကြောင်း ထပ်မံသက်သေပြလိုက်တဲ့ ရော်နယ်ဒို

ယနေ့ညမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲစဉ်တွေထဲက ပေါ်တူဂီနဲ့ ဂါနာ ပွဲစဉ်မှာတော့ ဘောလုံးဂန္ထဝင် ရော်နယ်ဒိုက လူသာမန်တွေ မပြုလုပ်နိုင်တဲ့ စံချိန်တခုကို ရရှိခဲ့ပါတယ်။

ပွဲချိန် ၆၅ မိနစ်မှာ ရရှိလာတဲ့ ပင်နယ်တီကို အမှားအယွင်းမရှိ ကန်သွင်းခဲ့ပြီး ကမ္ဘာ့ဖလား (၅) ကြိမ်ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ စံချိန်ကို ရော်နယ်ဒိုက ထိုက်ထိုက်တန်တန် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလားမှာ စတင် ဂိုးသွင်းယူခဲ့ပြီး ၂၀၁၀၊ ၂၀၁၄၊ ၂၀၁၈ နဲ့ ယခု ၂၀၂၂ ခုနှစ်မှာပါ ဂိုးသွင်းနိုင်ခဲ့တာကြောင့် ကမ္ဘာပေါ်မှာ တဦးတည်း တင်နိုင်တဲ့ စံချိန်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ယခုပွဲမှာ ရော်နယ်ဒိုက တခြားစံချိန်များကိုလည်း ရရှိခဲ့ပါတယ်။ အဲဒါတွေကတော့ မည်သည့်ကလပ်အသင်းနဲ့မှ စာချုပ် မချုပ်ထားဘဲ အသင်းခေါင်းဆောင်နေရာက ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဒုတိယမြောက် ကစားသမား ဖြစ်လာခြင်း၊ ဘောလုံးဂန္ထဝင် မာရာဒိုနာရဲ့ ကမ္ဘာ့ဖလား သွင်းဂိုး (၈) ဂိုးနဲ့ တူညီလာခြင်း၊ ကမ္ဘာ့ဖလားမှာ ဂိုးသွင်းယူနိုင်တဲ့ ဒုတိယမြောက် အသက်ကြီးဆုံး ကစားသမား ဖြစ်ခြင်း၊ လက်ရှိအချိန်မှာ ရော်နယ်ဒိုရဲ့ အသက်ဟာ ၃၇ နှစ်၊ ၂၉၂ ရက်ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားမှာ အသက်အကြီးဆုံး ဂိုးသွင်းသူကတော့ ရော်ဂျာမီလာ ဖြစ်ပြီး ဂိုးသွင်းယူချိန်မှာ အသက် ၄၂ နှစ် ၃၉ ရက် ရှိပြီ ဖြစ်ပါတယ်။

ယခုလို စံချိန်ကို ရရှိခဲ့တဲ့အတွက် ရော်နယ်ဒိုဟာ မဟာပြိုင်ဖက် အာဂျင်တီးနားလက်ရွေးစင် မက်ဆီထက် နှာတဖျားသာသွားပြီလို့ ဆိုနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page