နတ်မပေမယ့် လူမစွမ်းတဲ့ အင်္ဂလန်နဲ့ ဗိုလ်လုပွဲ လက်တကမ်းကို ရောက်လာတဲ့ လက်ရှိချန်ပီယံ ပြင်သစ်
ယခု ယှဉ်ပြိုင်ကစားသွားတဲ့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ် နောက်ဆုံးပွဲမှာတော့ လက်ရှိချန်ပီယံ ပြင်သစ် အသင်းဟာ နာမည်ကြီး အင်္ဂလန် အသင်းကို ၂-၁ ဂိုးနဲ့ ထိုက်ထိုက်တန်တန် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်ကို တက်ရောက် သွားခဲ့ပြီ ဖြစ်ပါတယ်။
ခြေရည်တူတဲ့ အသင်း (၂) သင်း ဖြစ်တာကြောင့် ပွဲက အကြိတ်အနယ် ဖြစ်ခဲ့ပြီး ပြင်သစ်က ဦးဆောင်ဂိုး သွင်းယူခဲ့ကာ အင်္ဂလန်က ပင်နယ်တီနဲ့ ချေပဂိုးသွင်းယူခဲ့ခြင်း ဖြစ်ပါတယ်။ ပွဲကစားချိန် ၇၈ မိနစ်မှာတော့ ပြင်သစ်အသင်းက အနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။
ပွဲချိန် ၈၄ မိနစ်မှာ ရရှိတဲ့ ပင်နယ်တီကို အင်္ဂလန် တိုက်စစ်မှူး ဟယ်ရီကိန်း လွဲချော်ခဲ့တာကြောင့် အင်္ဂလန် အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ပြ နှုတ်ဆက်သွားခဲ့ရပြီပဲ ဖြစ်ပါတယ်။ ဟယ်ရီကိန်းဟာ ပွဲချိန် ၅၄ မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကို ကန်သွင်းယူခဲ့ပြီးနောက် အင်္ဂလန်အသင်းအတွက် ၅၃ ဂိုး သွင်းယူပေးခဲ့ပြီး ဝိန်းရူနီရဲ့ သွင်းဂိုးတွေနဲ့ အရေအတွက် တူညီကာ ဂိုးအများဆုံး သွင်းသူအဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။
ဟယ်ရီကိန်းအနေနဲ့ ဒုတိယ ပင်နယ်တီသာ ဝင်အောင် ကန်သွင်းနိုင်ခဲ့မယ်ဆိုရင် အင်္ဂလန်အသင်းအတွက် ဂိုးအများဆုံး သွင်းသူအဖြစ် မှတ်တမ်းဝင်သွာခဲ့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယခုအချိန်မှာတော့ စံချိန်သစ် မတင်နိုင်ခဲ့သလို အင်္ဂလန်အသင်းကလည်း ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။
ပြင်သစ်အသင်းဟာ ဆီမီးဖိုင်နယ်အဆင့်မှာ ပေါ်တူဂီကို အနိုင်ရခဲ့တဲ့ မော်ရိုကို အသင်းနဲ့ ရင်ဆိုင်တွေ့ရမှာ ဖြစ်ပါတယ်။ လက်ရှိချန်ပီယံ ပြင်သစ်အသင်းအနေနဲ့ ဗိုလ်ပွဲအထိ ရောက်ရှိပြီး ကမ္ဘာ့ဖလားဆုကို နှစ်ကြိမ် ဆက်တိုက် ဆွတ်ခူးနိုင်မလားဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။