“အိမ်ထောင်” ဇာတ်လမ်းတွဲကလို မဖြစ်စေဖို့ ထုတ်ပြန်ထားတဲ့ မြန်မာပြည် ဥပဒေများ အကြောင်း
ယခုတလော လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ “အိမ်ထောင်”ဇာတ်လမ်းတွဲကို ကိုယ်တိုင်လည်းအားပေးကြည့်ရှုဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ ဆရာဝန်မကြီး(အိမ်ရှင်မ)နှစ်ဦးမှ ခင်ပွန်းများ၏ ဖောက်ပြန်မှုကြောင့် နာကျင်စွာခံစားကြရခြင်း၊ တစ်ဦးမှာ မိမိအသက်သေဆုံးမှုထိဖြစ်ခြင်းတို့ တွေ့မြင်ရပါတယ်။
ဒါကြောင့် တရားဝင်ဇနီးများအနေနှင့် ဖောက်ပြန်သော ခင်ပွန်းများနဲ့ပတ်သက်ပြီး တစ်ဘက်သတ် အလျော့ပေးခြင်း၊ အရှုံးပေးခြင်း၊ တစ်ဘက်သတ် နာကျင်ခံစားရခြင်း၊ အသက်ဆုံးပါးသည်အထိ နာကျည်းမှု ဝေဒနာတစ်ဖက်သတ်ခံစားရခြင်း တို့ မဖြစ်ကြဖို့ရည်ရွယ်ပြီး မြန်မာနိုင်ငံတွင် တရားဝင်ဇနီးများအတွက် တည်ဆဲ ပြဌာန်းဥပဒေ၊ ဓလေ့ထုံးတမ်းဥပဒေများရဲ့ ဥပဒေပါအခွင့်အရေးများ၊ ဥပဒေရဲ့ အကာအကွယ်များရှိကြောင်း သိစေလို၍ဝေမျှခြင်းဖြစ်ပါတယ်။
လင်ဖြစ်သူက မိမိတွင် အိမ်ထောင်ရေးပြစ်ချက်မရှိပဲ ၎င်းဖောက်ပြန်ပြီးနောက်တစ်ယောက်ထပ်လိုချင်၍ အကြောင်းမဲ့ ကွာရှင်းခိုင်းလျှင် ဇနီးသည်၌ လင်မယားသံယောဇဉ် မပြတ်ပါက မကွာပေးပဲနေလို့ရပါတယ်။ နှစ်ဦးသဘောတူကွာရှင်းခြင်းကို အမှန်တကယ်သဘောတူမှ ဆောင်ရွက်သင့်ပါတယ်။
ခင်ပွန်းက ကွာရှင်းခွင့်ရချင်လို့ မည်သည့်တရားရုံးတွင်တရားစွဲပါစေ ဇနီး၌ အိမ်ထောင်ရေးပြစ်ချက်မရှိပါက ကွာရှင်းခွင့် ရနိုင်မည်လည်းမဟုတ်ပါ။ မကွာပေးလို့ ဖိအားပေးလိုတဲ့ သဘောနဲ့ ရိုက်နှက်ခြင်းပြုပါက ပြစ်မှုမြောက်သောလုပ်ရပ်သာဖြစ်၍ သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်နိုင်ပါတယ်။
ရရှိတဲ့ ဒဏ်ရာများရှိပါက ပြည်သူ့ဆေးရုံမှာပြသပါ။ ဆေးစာက ပြစ်မှုအတွက် သက်သေအထောက်အထားဖြစ်နိုင်လို့ပါ။ လင်ဖြစ်သူက အကြောင်းမဲ့ဇနီးမယားကို ထားခဲ့တာဆိုရင် ယင်းလင်ထံမှ မယားစရိတ်၊ ကလေးရှိလျှင် ကလေးစရိတ်တောင်းနိုင်ပါတယ်။ ထောက်ပံ့ရမယ်ဆိုတဲ့ ဥပဒေရှိပြီးဖြစ်ပါတယ်။
ခင်ပွန်းအနေဖြင့် ဖောက်ပြန်တဲ့အဆင့်ကကျော်လွန်ပြီး ထပ်မံလက်ထပ်ပေါင်းသင်းပါက ပြစ်မှုကျုးလွန်ပြီဖြစ်ပါတယ်။ တစ်လင်တစ်မယားကျင့်သုံးခြင်းဆိုင်ရာဥပဒေအရ တိုင်ကြားနိုင်ပါတယ်။ (အာမခံမရပါ၊ အမှုပေါ်ပေါက်လျင်လည်း ထောင်ချရမည့်ဥပဒေပုဒ်မဖြစ်ပါတယ်။)
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အိမ်ထောင်ကြီးမှာ ဖြစ်ထွန်းတဲ့ ပစ္စည်းများအား နောက်အိမ်ထောင်မှရပိုင်ခွင့်မရှိပါ။ တရားဝင်လင်မယားချင်း တရားဝင်မကွာရှင်းသရွေ့ တရားဝင်လင်မယားသာ ဖြစ်ပါတယ်။ တရားဝင်ကွာပြီးရင်တော့ ဇနီးရနိုင်တဲ့ဥပဒေက ပေးတဲ့အခွင့်အရေး၊ အကာအကွယ် မရှိတော့ပါဘူး။ ရေးသားသူ – ဒေါ်ခင်နှင်းသစ် တရားလွှတ်တော်ရှေ့နေ နေပြည်တော် (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)