စတီးဇလုံ ဘုရားကြီး၊ တီဗီစေတီနဲ့ ပေါ်ပင်သာသနာပြုများရဲ့ လုပ်စားခွင်များအကြောင်း

ယနေ့ အွန်လိုင်းမှာ လူပြောများနေတဲ့ အကြောင်းအရာတခုကတော့ စတီးဇလုံတွေနဲ့ တည်ထားမယ့် ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ ရုပ်ပွားတော်ကြီး အကြောင်းပဲ ဖြစ်ပါတယ်။ မကွေးတိုင်း၊ နတ်မောက်မြို့မှာ တည်ထားနေဆဲ ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ ရုပ်ပွားတော်ကြီးမှာ စတီးဇလုံတွေ တပ်ဆင်ထားတဲ့အပေါ် တွေ့မြင်ရသူတွေက ဝေဖန်နေကြတာ ဖြစ်ပါတယ်။

ဘုရားတည်တဲ့သူတွေက ဓာတ်တွေ၊ နတ်တွေအပေါ် အခြေခံတာကြောင့် ဘုရားတည်ခြင်းရဲ့ အနှစ်သာရ ပျောက်ကွယ်ကာ ပေါ်ပင် စတန့်ထွင်သလို ဖြစ်နေကြောင်း ဝေဖန်သူ အများအပြား ရှိခဲ့ပါတယ်။

နောက်ထပ် အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာတဲ့ ဓာတ်ပုံတပုံကတော့ တီဗီတွေနဲ့ တည်ထားမယ့် တီဗီစေတီ အကြောင်းပဲ ဖြစ်ပါတယ်။ အဆိုပါ တီဗီစေတီကို မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်မှာ တည်ထားမယ်လို့ သိရပါတယ်။ လှူဒါန်းလိုသူတွေအနေနဲ့ မိမိအိမ်မှာ အသုံးမပြုတော့တဲ့ တီဗီအဟောင်းတွေကို လှူဒါန်းဖို့ နှိုးဆော်ထားတာကိုပါ တွေ့ရပါတယ်။

ကိုးကွယ်ယုံကြည်မှုတွေဟာ လာဘ်လာဘကို မျှော်ကိုးလွန်းလာတဲ့အခါ ယခုလို လူရယ်စရာ မဖြစ်သင့်တဲ့ အခြေအနေတွေ ဖြစ်လာပါတယ်။ စတီးဇလုံနဲ့ တီဗီဆိုတာ နေ့စဉ်လူသုံးပစ္စည်းတွေ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့အတွက် လှုပ်ရှားမှု ပြုလုပ်တယ်ဆိုရင်တောင် လက်ခံနိုင်ပေမယ့် ဘာသာရေးနဲ့ ရောထွေးနေတာကတော့ အမြင်မတင့်စရာ ဖြစ်နေပါတယ်။

လွန်ခဲ့တဲ့ နှစ်များကလည်း အရက်ပုလင်းတွေနဲ့ တည်ထားတဲ့ ပုလင်းစေတီဆိုတဲ့ပုံတွေ တက်လာပြီး အွန်လိုင်းမှာ လူပြောများခဲ့ပါသေးတယ်။ မြေပြင်ပေါ်မှာ ဘုရားစေတီတွေ အဆူပေါင်း သန်းနဲ့ချီတည်ထားပေမယ့် ဗုဒ္ဓအဆုံးအမကို လိုက်နာခြင်း မရှိပါက သာသနာညှိုးနွမ်းတဲ့ သဘောပါပဲ။

ပေါ်ပင်စတန့်ထွင်တဲ့ ပုံစံမျိုးနဲ့ ကမ္ဘာ့အကြီးဆုံး ဘုရားစေတီတွေ၊ ဘာပစ္စည်း ညာပစ္စည်းနဲ့ ဘယ်လောက်ပင် တည်ထားပါစေ။ နှလုံးသားထဲမှာ ဗုဒ္ဓအဆုံးအမ မရှိခဲ့ဘူးဆိုရင် လူရယ်စရာ အဖြစ်ထက် ပိုလာမှာ မဟုတ်ပါဘူး။ ထိုကဲ့သို့ စေတီမျိုးတွေ တည်ထားနေမယ့်အစား အခြေခံလူတန်းစားတွေအတွက် လိုအပ်တဲ့ အထောက်အပံ့ကို လှူဒါန်းနိုင်ရင်တောင် ပိုမို အကျိုး ရှိစေမှာ ဖြစ်ပါတယ်။

သာသနာပြု အမည်ခံ ပုဂ္ဂိုလ်များ အနေနဲ့လည်း ဓာတ်လိုလို နတ်လိုလို အကြားအမြင်လိုလိုနဲ့ ပေါ်ပင် စတန့်ထွင်ပြီး လူရယ်စရာ ပုံစံအမျိုးမျိုးနဲ့ ဘုရားစေတီတွေ တည်မယ့်အစား လိုအပ်နေတဲ့ အခြေခံလူတန်းစားတွေကို စတုဒီသာကျွေး လှူဒါန်းတာကမှ လက်ရှိအချိန်နဲ့ ကိုက်ညီတဲ့ ကာလဒါနမျိုးဖြစ်ကြောင်း အကြံပြုလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page