ဆီးဂိမ်း မြန်မာအသင်း နည်းပြ မရှိသေး (အာရှဖွတ်ကြီးကို ကိုင်ဖို့ နည်းပြတွေ ကြောက်ရွံ့နေကြပြီလား)

ဆီးဂိမ်းပြိုင်ပွဲဝင်မယ့် မြန်မာယူ-၂၃ ဘောလုံးအသင်းကို လက်ရွေးစင်အသင်းနည်းပြချုပ်အန်တွမ်နီဟေး ကိုင်တွယ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် လတ်တလောမဖြစ်နိုင်သေးကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်တာဝန်ရှိသူတစ်ဦးက အတည်ပြုလိုက်ပါတယ်။

မြန်မာယူ-၂၃ အသင်းနည်းပြချုပ်ခန့်အပ်ဖို့ အမြန်ဆုံးစီစဉ်နေပြီး လက်ရှိအချိန်အထိ နိုင်ငံပေါင်းစုံက လျှောက်ထားတဲ့ နည်းပြ ၃၀ ခန့်ရှိကြောင်း ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူက ဇန်နဝါရီ ၂၀ ရက်က ပြောပါတယ်။

“လတ်တလောမှာတော့ အန်တွမ်နီဟေးက (မြန်မာယူ-၂၃ အသင်းနည်းပြချုပ်) မဖြစ်နိုင်သေးဘူး။ ယူ-၂၃ နည်းပြခန့်ဖို့ ရှာနေတုန်းပဲ ရှိပါသေးတယ်။အမြန်ဆုံးခန့်အပ်ဖို့ စီစဉ်နေပါတယ်” ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးဦးကိုကိုသိန်းက ဆိုပါတယ်။

၂၀၂၃ ဆီးဂိမ်းပြိုင်ပွဲကို လာမယ့် မေလအတွင်း ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပမှာ ဖြစ်ပါတယ်။ အသင်းနည်းပြချုပ်ဟောင်း ဘူဂေးရီးယားနိုင်ငံသားပိုပေါ့နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာအတွင်းက လမ်းခွဲခဲ့လို့ မြန်မာယူ-၂၃ အသင်းအနေနဲ့ လက်ရှိမှာ နည်းပြလက်မဲ့ဖြစ်နေတာ ဖြစ်ပါတယ်။

လက်ရှိ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကို ဂျာမနီနိုင်ငံသား အန်တွမ်နီဟေးက ကိုင်တွယ်နေတာဖြစ်ပြီး နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ၂၀၂၂ အာဆီယံအဖွဲ့ချုပ်ဖလားပြိုင်ပွဲမှာ နိုင်ပွဲမရရှိခဲ့ဘဲ ပြိုင်ပွဲကထွက်ခဲ့ရပါတယ်။ ဒါ့အပြင် အန်တွမ်နီဟေးကိုင်တွယ်ခဲ့တဲ့ ၂ နှစ်ခန့်အတွင်း မြန်မာ့လက်ရွေးစင်အသင်းဟာ ၁၉ ပွဲ ယှဉ်ပြိုင်ခဲ့ရာမှာ နိုင်ပွဲတစ်ပွဲသာ ရရှိထားပါတယ်။

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းဟာ ၂၀၂၂ ခုနှစ် တနှစ်လုံးမှာလည်း နိုင်ပွဲ တပွဲမှ မရရှိခဲ့တဲ့ စံချိန်ကို ရရှိထားပါတယ်။ ၂၀၂၃ ခုနှစ်စမှာလည်း ဗီယက်နမ်အသင်းကို ၃-၀ ဂိုးမရှိနဲ့ ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မြန်မာ့လက်ရွေးစင် အသင်းအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြိုင်ပွဲ မရှိသေးဘဲ အသင်းကိုလည်း ဖျက်သိမ်းထားသလို ဖြစ်နေပါတယ်။ ဆီးဂိမ်းပြိုင်ပွဲမှာလည်း လက်ရွေးစင်အသင်းက ကစားသမားတွေကို အသက်လျှော့ပြီး ဝင်ပြိုင်ခိုင်းမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page