လျှပ်စစ်အင်ဂျင်နီယာတဦး ကိုယ်တိုင်ရောင်းနေတဲ့ ပလက်ဖောင်းပေါ်က တအုပ် ၁၀၀၀ စာအုပ်ဆိုင်
နည်းပညာတက္ကသိုလ်ဘွဲ့ရ လူငယ်တစ်ဦးရဲ့ ပလက်ဖောင်းစာအုပ်ဆိုင်၊ ဆူးလေအနီးတဝိုက်က ပလက်ဖောင်းတစ်ခုပေါ်မှာ မိုးကာစကို ဖြန့်ခင်းပြီး စာအုပ်အသစ်တွေကို ရောင်းချနေတဲ့ ဆိုင်ကလေးက ထူးခြားလို့နေပါတယ်။
အနီးအပါးက ခရီးသွားလာသူတွေကို စာအုပ်တစ်အုပ်ကိုမှ ၁၀၀၀ ပဲနော်။ ကြိုက်တာယူ ၁၀၀၀ ရယ်လို့ ခပ်ကျယ်ကျယ်အော်ခေါ်ပြီး ဆွဲဆောင်နေတဲ့ ပလက်ဖောင်း စာအုပ်ဆိုင်ပိုင်ရှင်ဟာ ရွှေဘိုနည်းပညာတက္ကသိုလ်က ဘွဲ့ရလူငယ်လေး ဖြစ်နေလို့ပါပဲ။ မအိအိဖြိုးလို့ အမည်ရတဲ့ သူမဟာ အသက်၂၄နှစ်သာရှိပါသေးတယ်။
မအိအိဖြိုးဟာ ရွှေဘိုနည်းပညာတက္ကသိုလ်က အီလက်ထရောနစ် အင်ဂျင်နီယာဘာသာရပ်နဲ့ ကျောင်းပြီးထားပါတယ်။ တက္ကသိုလ်တက်နေတုန်း အဆောင်ဘေးက ထမင်းဆိုင်လေးမှာ တစ်ပိုင်တစ်နိုင် ကူရောင်းပေးရင်း ကိုယ်ပိုင်ဝင်ငွေနဲ့ ဘွဲ့ယူခဲ့သူပါ။
ကျောင်းပြီးတဲ့အချိန်မှာတော့ ထမင်းဆိုင်ရှင်အန်တီကြီးရဲ့ ဆက်သွယ်ပေးမှုကြောင့် မန္တလေးက အလှကုန်ဖြန့်ချိရေး ကုမ္ပဏီတစ်ခုမှာ အလုပ်ရခဲ့ပါတယ်။ သူမဟာ ကိုယ်ပိုင်လုပ်ငန်းတစ်ခု ထူထောင်ဖို့ စိတ်အားထက်သန်တာကြောင့် မန္တလေးမှာ အလုပ်လုပ်ရင်း ငွေစုကာ ကွမ်းယာပစ္စည်းဆိုင်ဖွင့်ဖို့ ရန်ကုန်ကို အစ်မဖြစ်သူနဲ့အတူ စွန့်စားလာခဲ့ကြတာဖြစ်ပါတယ်။
စာဖတ်ဝါသနာပါတဲ့အလျောက် ကွမ်းယာဆိုင်မဖွင့်ခင်စပ်ကြား သူမနှစ်သက်တဲ့ စိတ်ခွန်အားဖြည့်စာအုပ်တွေကို လမ်းဘေးမှာ ရောင်းချနေတာလည်း ဖြစ်ပါတယ်။ ကျွန်မတို့ညီအစ်မနှစ်ယောက်လုံးက စာဖတ်တာဝါသနာပါတယ်။ ဈေးနည်းနည်းနဲ့ လူငယ်တွေအတွက်လည်း အကျိုးရှိမယ့် စာအုပ်အသစ်လေးတွေ ရောင်းကြမလားဆိုပြီး တိုင်ပင်ရင်းနဲ့ ဆူးလေ (မဟာဗန္ဓုလလမ်း) အနောက်ဘက်က လမ်းဘေးမှာ ချရောင်းဖြစ်တာပါ လို့ မအိအိဖြိုးက ကောင်းသောကို ပြောပါတယ်။
မအိအိဖြိုးဟာ စိတ်နဲ့ပတ်သက်တဲ့စာအုပ်တွေနဲ့ ဖတ်ကြည့်ရင်လူကိုပြုံးသွားစေမယ့် ဟာသစာအုပ်တွေကို နှစ်သက်ပါတယ်။ ပလက်ဖောင်းပေါ်မှာ ရောင်းချပေးနေတဲ့ စာအုပ်တွေက အသစ်တွေချည်းပဲဖြစ်ပြီး သူမနှစ်သက်တဲ့ စိတ်ခွန်အားဖြည့်နဲ့ ဟာသစာပေအမျိုးအစားတွေပဲ ဖြစ်ပါတယ်။ စာအုပ်တွေကို ညီအစ်မနှစ်ယောက် ပင်ရင်းစာအုပ်ဆိုင်တွေကိုသွားပြီး စိတ်ကြိုက်ရွေးချယ်ဝယ်ယူခဲ့ကြတာ ဖြစ်ပါတယ်။
ကိုယ်တိုင်လည်းလူငယ်ဆိုတော့ လူငယ်တွေခံစားနေရတာတွေကို နားလည်တယ်။ တစ်ချို့ကလည်း ဝမ်းနည်းတာတို့ ၊ တစ်ခုခုကြေကွဲတာတွေကြုံရရင် ထင်ယောင်ထင်မှားတွေ လျောက်လုပ်တတ်ကြတယ်။ တစ်ခုခုဖြစ်သွားပြီဆို ငါဘာမှလုပ်လို့မရတော့ဘူးဆိုပြီး စိတ်အားငယ်တတ်ကြတယ်။ စိတ်ခွန်အားဖြည့် စာအုပ်လေးတွေဖတ်ရင်း ဒီစာရေးဆရာတောင်မှ ဒီလိုမျိုးအတွေ့အကြုံတွေရှိခဲ့တာတောင် သူ့စိတ်ကိုသူ ပြန်အားတင်ပြီးတော့ ရှေ့ဆက်လျောက်တယ်။ လောကကြီးမှာ စိတ်ဆင်းရဲနေတာ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာကို သိစေချင်လို့ပါ။ လို့ မအိအိဖြိုးက ပြောပါတယ်။
ဘယ်စာအုပ်ပဲယူယူ ၁၀၀၀ ကျပ်သာ တန်ဖိုးသတ်မှတ်ထားတာက လမ်းသွားလမ်းလာတွေ စိတ်ဝင်စားစရာ စာအုပ်ခေါင်းစဉ်ကိုမြင်ရင် အလွယ်တကူ ဝယ်ယူဖတ်ရှုနိုင်ဖို့ပဲ ဖြစ်ပါတယ်။ စာအုပ်ဈေးကြီးရင် တစ်ချို့က အာရုံမရကြတော့ဘူး။ ဖြတ်သန်းဖြတ်လာသွားရင်း စာအုပ်မျက်နှာဖုံးမှာ စိတ်နဲ့ပတ်သက်ပြီး ရင်ထဲကိုရောက်စေမယ့် ခေါင်းစဉ်လေးတွေတွေ့ရင်း ဈေးလေးလည်း ကြိုက်တယ်ဆိုပြီး အားပေးသွားကြတယ် လို့ သူကပြောပါတယ်။
လမ်းဘေးပလက်ဖောင်းမှာ လူငယ်လေးတစ်ယောက် စာအုပ်ရောင်းချနေတာကိုမြင်ပြီး အားပေးတယ်နော် ဆိုပြီး ပြောသွားကြသူတွေရှိကြသလို ဘာကူညီပေးရမလဲဆိုပြီး မေးတဲ့သူတွေလည်းရှိပါတယ်။ တစ်ချို့ကတော့ လူငယ်တန်မဲ့နဲ့ လမ်းဘေးမှာ စာအုပ်ရောင်းနေတာကို နှာခေါင်းရှုံ့ပြီး ကြည့်သွားတာ၊ ဒီလိုမျိုးစာအုပ်တွေရောင်းလို့ ဘာဖြစ်မှာလဲဆိုပြီး မထီမဲ့မြင်ပြောသွားတာတွေလည်း ကြုံတွေ့ရပါတယ်။
ပထမဆုံးစရောင်းတော့ နည်းနည်းလေးတော့ ကြောက်တယ်။ တစ်ချို့ကျတော့လည်း စာအုပ်ဝယ်သွားရင်း ဖိုက်တင်းလို့ ပြောသွားကြတယ်။ တစ်ချို့ကျတော့လည်း ဒီစာအုပ်လေးကြိုက်တယ်လို့ ပြောသွားတော့ ပျော်တယ် လို့သူကပြောပါတယ်။
မအိအိဖြိုးတို့ညီအစ်မနှစ်ဦးဟာ ဖေဖော်ဝါရီလဆန်းပိုင်းမှာတော့ ရွှေပေါက်ကံမှာ ကွမ်းယာဆိုင်နဲ့ ကွမ်းယာပစ္စည်းဆိုင်ဖွင့်မှာ ဖြစ်ပြီး တန်ဖိုးသင့်တဲ့ စိတ်ခွန်အားဖြည့် စာအုပ်တွေကိုပါ တွဲဖက်ရောင်းချသွားမှာဖြစ်ပါတယ်။
ပညာရေးနဲ့ အလုပ်လုပ်ဖို့ကလည်း သိပ်အဆင်မပြေ။ ဝန်ထမ်းဆိုရင်လည်း ဝန်ထမ်းဘဝ၊ ဝန်ထမ်းလစာလေးနဲ့ပဲ ရမှာပါ။ ခုလိုအပြင်မှာ ကိုယ်ပိုင်အလုပ်လုပ်မယ်ဆိုတော့ ဗဟုသုတတွေလည်းရမယ်၊ မိတ်ဆွေတွေလည်း တိုးလာမယ်။ ကိုယ်တိုင်ကလည်း ချမ်းသာချင်တယ်။ မိဘတွေကိုလည်း ကျွေးချင်မွေးချင်တယ်။ ပြည့်စုံအောင်ထားချင်တယ်။ ဒီမှာအရမ်းအဆင်ပြေလာရင် အဖေနဲ့အမေကို ခေါ်ထားမယ်။ ဒါကြောင့် ကိုယ်ပိုင်လုပ်ငန်းပဲ လုပ်မယ်လို့ စဉ်းစားထားတယ် လို့ မအိအိဖြိုးက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ဇာတိဖြစ်တဲ့ မအိအိဖြိုးဟာ ရွှေပေါက်ကံမှာ ကွမ်းယာပစ္စည်းရောင်းရင်းနဲ့ စာအုပ်တွေကိုလည်း ကိုယ်ပိုင်တံဆိပ်လေးရိုက်ပြီး ရောင်းချမှာပါ။ ရောင်းလို့ရတဲ့ ပိုက်ဆံတွေကိုစုထားပြီး စာကြည့်တိုက်မရှိတဲ့ သူ့ရွာမှာစာကြည့်တိုက်ဆောက်ပြီး စာအုပ်တွေလှုဖို့ ဆုံးဖြတ်ထားပါတယ်။
ရွာမှာစာကြည့်တိုက်မရှိတော့ ခက်ခဲခဲ့တယ်။ ဖတ်စရာစာအုပ်ဆိုလို့ ကျောင်းစာအုပ်ပဲရှိခဲ့တယ်။ ကျောင်းကလဲ အစိုးရကျောင်းမဟုတ်တော့ ဆရာမကိုငှားသင်ခဲ့ရတယ်။ မူလတန်းကနေလေးတန်းအထိ ကျောင်းသူကျောင်းသား ၄၀၊ ၅၀ယောက်ကို ဆရာမတစ်ယောက်တည်းနဲ့ သင်ခဲ့ရတယ်။ ကျောင်းကလည်း သားသားနားနားမဟုတ်ဘူး။ အမိုးမလုံတဲ့ ကျောင်းကလေး။ လို့ သူကပြောပါတယ်။
ရွာမှာစာကြည့်တိုက်ဆောက်ပြီး စာအုပ်တွေလှုဖို့ ကြိုးစားရုန်းကန်နေတဲ့ စစ်ကိုင်းသူလေး မအိအိဖြိုးရဲ့ အိမ်မက်လေး အမှန်တကယ်ဖြစ်လာတော့မှာပါ။ (Kaung Thaw) (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)