ဂရန်မြေကို ခွဲခြမ်း ဝယ်ယူမယ်ဆိုရင် မိမိအမည်နဲ့ ဂရန်ပေါက်အောင် ပြုလုပ်နည်း

မြေကွက် ပေ ၄၀-၆၀ မှ ပေ ၂၀ မြေကို ဂရမ်ရအောင် ဘယ်လိုလျှောက်ရမလဲ။ ပေ ၂၀ မြေကို ဂရန်ပေါက်အောင် ဘယ်လိုလုပ်ရမလဲ။

ကျွန်မတို့က ရပ်ကွက်ထဲက ဂရန်ရထားတဲ့ ပေ (၄၀-၆၀) မြေကွက်မှာ ပေ ၂၀ ကို လွန်ခဲ့တဲ့(၂) နှစ်လောက်ကတည်းက ဝယ်ပြီး နေထိုင်တာပါ။ ဂရန်ကိုတော့ မူလ ပိုင်ရှင်ကယူထားပါတယ်။ ဝယ်ထားတဲ့ ကိုယ့်မြေကို ဂရန်အမည်ပေါက်အောင် ဘယ်လိုဆက်လုပ်ရမလဲဆိုတာကို သိလိုပါတယ်။

မြေဆိုတဲ့ မရွှေ့မပြောင်းနိုင်တဲ့ ပစွည်းကို အရောင်းအဝယ်ပြုလုပ်တဲ့အခါမှာစာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ပြီး ဝယ်ယူရပါတယ်။ မှတ်ပုံတင်ထားတဲ့ စာချုပ်ရှိထားရင်တော့ သက်ဆိုင်တဲ့ ဂရန်ထုတ်ပေးတဲ့ ဌာန မှာဆောင်ရွက်လို့ရပါတယ်။

အကယ်၍များ အရပ်စာချုပ်ဖြင့်ဝယ်ယူထားတယ်ဆိုရင်တော့ ဒီစာချုပ်ကို မှတ်ပုံတင်စာချုပ် ဖြစ်ဖို့ ပြန်လည်ချုပ်ဆိုရပါမယ်။ ဝယ်ထားတာကလည်း လွန်ခဲ့တဲ့ (၂ ) နှစ်လောက် ကတည်းကဖြစ်တဲ့အတွက် စာချုပ်စာတမ်း ဥပဒေမှာတော့ စာချုပ် ချုပ်ဆိုပြီး ရက်ပေါင်း (၁၂၀) အတွင်း မှတ်ပုံတင်ဖို့ လျှောက်ထားရပါတယ်။

အခုဟာက (၂) နှစ်လောက်ရှိနေပြီဆိုတော့ မှတ်ပုံတင်စာချုပ် ချုပ်ပေးဖို့ လျှောက်ထားတဲ့အခါမှာ စာချုပ်စာတမ်းရုံးက ငြင်းပယ်တာတို့၊ ဒဏ်ကြေးတို့ သတ်မှတ်မှာပါ။ အကယ်၍ ကိုယ့်ကို ရောင်းသူ သက်ရှိထင်ရှားရှိနေသေးတယ်ဆိုရင် ရောင်းသူကို ပြန်လည်ခေါ်ယူပြီး မှတ်ပုံတင်စာချုပ် ချုပ်ဆိုခိုင်းရပါမယ်။

မှတ်ပုံတင်စာချုပ် ရှိလာတဲ့အခါကျမှသာ စည်ပင်သာယာရေးကော်မတီကို မှတ်ပုံတင်စာချုပ်နဲ့ ပူးတွဲပြီး ဦးပိုင် ခွဲစိတ်ပေးဖို့နဲ့ ဂရန်ကို ခွဲစိတ်ထုတ်ပေးဖို့ လျှောက်ထားရပါမယ်။ ဌာနရဲ့ လုပ်ထုံးလုပ်နည်း များအရ လုပ်ပေးပိုင်ခွင့်ရှိသလို လျှောက်ထားသူအနေနဲ့လည်း ရပိုင်ခွင့်ရှိပါတယ်။

ဌာနရဲ့ လုပ်ထုံးလုပ်နည်းအရတော့ ပေ (၂၀)၊ စ​တုရန်းပေ ၁၂၀၀ ထက်လျော့နည်းရင်တော့ လုပ်ပေးပိုင်ခွင့်မရှိပါဘူး။ အခုဟာက ပေ ၂၀ ကွက်တိရှိနေတာ ဖြစ်တဲ့အတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမယ်ဆိုရင်တော့ ကိုယ့်အမည်ပေါက်ဖြစ်ဖို့ရာ လွယ်ကူပါလိမ့်မယ်။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page