လောကနိဗ္ဗာန်မဟုတ်တဲ့ အမေရိကနဲ့ အခြေခံလူတန်းစားတွေ မြန်မာပြည်မှာပဲ နေသင့်တဲ့အကြောင်းရင်း

အမေရိကသည် နိဗ္ဗာန်မဟုတ်။ U.S ကိုလာပြီးအလုပ်လုပ်ချင်လို့ ဆိုပြီး ကျွန်တော့်ကို CB မှာလာမေးတဲ့သူတွေ မနည်းဘူး ။ တစ်နှစ်ကျော်နေလာပြီးသိလာတဲ့အသိက အမေရိကန်ပြည်ထောင်စုဟာ သူဌေးတွေ လူလတ်တန်းစားတွေအတွက်အဆင်ပြေသလောက် အောက်ခြေလူတန်းစားတွေအတွက်အတော်ကိုအဆင်မပြေစရာတွေပေါတဲ့နိုင်ငံဗျ။ မြန်မာပြည်ဟာဆင်းရဲသားတွေအတွက်အဆင်ပြေတဲ့နိုင်ငံဖြစ်ပြီး အမေရိကန်ပြည်ထောင်စုဟာ ချမ်းသာသူများအတွက် အဆင်ပြေစေမယ့် နိုင်ငံပါပဲ ။

ဥပမာနည်းနည်း ပြောပြမယ်။ မြန်မာပြည်မှာဗျာ ဆင်းရဲသားတစ်ယောက်စက်ဘီးလေထိုးချင်ရင် လမ်းထိပ်ကွမ်းယာဆိုင်မှာ ဖြစ်ဖြစ် စက်ဘီးပြင်ဆိုင်မှာဖြစ်ဖြစ် ချိတ်ထားတဲ့လေထိုးတံလေးယူ ကိုယ့်ဘာသာလေထိုး ပြီး ငွေတစ်ရာလောက် ပေးလိုက်ရင်ပြီးတယ်ဗျ။ ဒီမှာကျ ဘယ်မှာမှ အဲ့ဒီလိုလေထိုးတံ အငှားစနစ်မရှိဘူး ။ ကိုယ့်လေထိုးတံကိုယ့်ဘာသာဝယ်ပေတော့။ဝယ်ရတာလည်း လွယ်တာမဟုတ်ဘူး ကားရှိမှသွားဝယ်ရတာအဆင်ပြေမှာ။

အမေဇုန်တို့ဘာတို့ကနေ လိုင်းပေါ်ကမှာလို့ရပေမယ့် အဲဒီလိုမှာနိုင်ဖို့ ဖုန်းရှိရမယ် အိမ်လိပ်စာအတိအကျ တစ်ခုရှိရမယ် Credit Card /Debit Card ရှိရမယ် ဖုန်းနဲ့/အီးမေးလ် ရှိရမယ် အဲ့ဒါတွေမရှိရင် ဘာမှလိုင်းပေါ်ကဝယ်မရ ၊ မြန်မာပြည်မှာလို မြို့ပတ် ၁၂ လမ်းထိပ်ရောက်ရင် ဖုန်းဆက်လိုက်ပါဆိုပြီး မှာမရ။ စက်ဘီးလေထိုးဖို့တောင်မလွယ်တဲ့တိုင်းပြည်။

‌ေ-းလိပ်သောက်တတ်တယ်ဆိုရင်လည်း မြန်မာပြည်မှာကြိုက်တဲ့လက်ဖက်ရည်ဆိုင်၊ ကွမ်းယာဆိုင်မှာ ‌ေ-းလိပ်တစ်လိပ် ချင်းဝယ်လို့ရတယ်။ ဒီမှာတော့ တစ်လိပ်ချင်း ဘယ်မှာမှဝယ်မရ။ ဘူးလိုက်ပဲ ရောင်း ကြတာ ။ အခွန်က ကောက်သေး။ နေမကောင်းရင်လည်း ကျန်းမာရေးအာမခံ ဝယ်မထား ရှိမထားရင်ဘယ်ဆေးခန်းကမှ ကုမပေးဘူးဗျ။ အာမခံရှိထားရင်တောင် အရေးပေါ် Emergency မဟုတ်လို့ကတော့ ရက်ချိန်း Appointment ယူရတာနဲ့ ‌ေ-သမယ့်လူက ‌ေ-သပြီးသားပဲ။

ဒီနေ့ဆေးခန်းကိုဖုန်းဆက်ရင်အနည်းဆုံး ရက်သတ္တသုံးပတ် ၊တစ်လ လောက်ကြာမှ ရက်ချိန်းကရတာ။ မြန်မာပြည်မှာက နှာစီးချောင်းဆိုး ခေါင်းကိုက် သွေးတက်တာနဲ့ ငွေလေးထောင် ၊ ငါးထောင် လောက်ကုန်ရုံနဲ့ လမ်းထိပ်က ဆေးခန်းမှာ ခုသွား၊ ခုပြလို့ရတယ်။ ဆေးခန်းမသွားချင်လည်း လမ်းထိပ်ဆေးဆိုင်မှာ ပါရာစီတမော့တစ်လုံး၊ ဒီကိုဂျင် တကဒ် ဝယ်သောက်လို့ရတယ်ဗျ ။ ဒီမှာကဘာဝယ်ဝယ် တစ်ဗူး ၊တစ်ပုလင်း အဲ့ဒိလို ဝယ်မှရတယ်။

မြန်မာပြည်ကတော့ ကောင်းတယ်။ မရိုသေ့စကား မိန်းကလေးတွေ အသုံးပြုတဲ့ ပစ္စည်းတောင် တစ်ခုချင်း ကုန်စုံဆိုင်က ရောင်းသေးတယ်။ သွားဆေးခန်းလက်ခတွေကလည်း စျေးကြီးလွန်းတော့ သွားစိုက်ခမတတ်နိုင်လို့ သွားကျိုးနဲ့ နေနေရသူတွေလည်း မနည်းဘူး။ တက္ကစီငှားစီးရင်လည်းမလွယ်ဘူးဗျို့ ၊ တစ်ခါလေးတက္ကစီငှားဖို့ အူဘာတို့ လစ်ဖ် တို့ အက်ပလီကေးရှင်းတွေ ဒေါင်းလုတ် ဆွဲ ဖုန်းတွေ၊ အီးမေးလ်တွေ၊ အိမ်လိပ်စာတွေဖြည့် ခရက်ဒစ်ကတ် ၊ ဒက်ဘစ်ကဒ်နံပတ်တွေဖြည့်၊ သူပြန်ပို့တဲ့ အိုတီပီတွေ ပြန်ထည့် နဲ့ရှုပ်နေတာပဲ။

မြန်မာပြည်လို တွေ့ရာတက္ကစီ လမ်းထိပ်ကတားပြီး သမိုင်းလမ်းဆုံသွားချင်လို့ ၃၀၀၀ တော့ပေးပါ နီးနီးလေးနှစ်ထောင်ထားဗျာ ဆီစျေးတွေတက်လေလို့ ၂၅၀၀ တော့ပေး ဆိုပြီး ခနအတွင်းအဆင်မပြေဘူးဗျာ (နယူးယောက်လိုတက္ကစီပေါတဲ့ မြို့မှာတော့ အဆင်ပြေချင်ပြေမယ် အများစုကတော့ အဆင်မပြေဘူး) လမ်းသွားရင်းအပေါ့အလေး သွားချင်တယ်ဆိုပါတော့ဗျာ။ မြန်မာပြည်မှာလူရှင်းတဲ့နေရာ ကောက်ပန်းလိုက်လို့ရတယ်။ စျေးအိမ်သာတွေဆိုလည်း ၁၀၀ လောက်ပေးလိုက်ရင် ပြီးတယ်။

U.S မှာတော့တကယ်မလွယ်တာဗျို့ ။ စင်္ကါပူတို့ U.K တို့မှာ အများသုံးအိမ်သာပေါသလောက် U.S ကအတော်မကောင်းတဲ့နိုင်ငံဗျာ။ စျေးဝယ် စင်တာကြီးအချို့ကလွဲလို့ Public Toilet ဆိုတာ မရှိသလောက်ပဲဗျာ။ တချို့ စားသောက်ဆိုင်တွေဆိုအိမ်သာဝင်တက်မှာစိုးလို့ No Public Toilet လို့ကိုစာရေးထားတယ်ဗျာ ။

ပိုက်ဆံတတ်နိုင်တဲ့သူတွေကအဆင်ပြေတာပေါ့ဗျာ။ စားသောက်ဆိုင်ထဲဝင် ၊တခုခု မှာစားပြီး ဆိုင်ကအိမ်သာတက်လိုက်ရုံပဲ။ စျေးမဝယ်ပဲ အိမ်သာတက်လို့ကတော့လက်ကိုမခံတာ။ ဆဲဗင်းအလဲဗင်း စတိုးဆိုင်ကအစ အိမ်သာကို ကုတ်နံပါတ်နဲ့ထားတာ ၊တခုခုဝယ်မှ အိမ်သာသော့ဖွင့်တဲ့ ကုဒ်နံပတ်ကိုပြောပြတာ ။

လူတယောက် ကုန်းကောက်စရာ မရှိအောင် ဆင်းရဲနေတယ် ဆိုကြပါစို့ဗျာ။ မြန်မာပြည်မှာ အဲ့ဒီလူ အလုပ်ရဖို့ ပြန်ပြီးကြီးပွားဖို့ ဖြစ်နိုင်သေးတယ်ဗျ။ ပလပ်စတစ်ကောက်မလား ၊သူငယ်ချင်းဆိုက္ကားခန ဝင် နင်းမလား ၊ စားပွဲထိုးဝင်လုပ်မလား၊ ပန်းရန် လက်သမား လူကြမ်း အလုပ်နေ့စားလိုက်မလား ၊ ယုတ်စွအဆုံး လမ်းဘေးကပလပ်စတစ် တို့ ဘာတို့လိုက်ကောက်ဦးမလား ဖြစ်နိုင်သေးတယ်။ ဒီမှာမရဘူးဗျ။ လူဟာအခြေအနေမဲ့သွားပြီဆိုရင်အပေါ်ကိုဘယ်လိုမှာ ပြန်တက်မလာနိုင်တော့ဘူး ။လမ်းဘေးမှာတောင်းစားနေတဲ့ လူဖြူတွေအများကြီးပဲ။

US မှာ ဘာအလုပ်ပဲလျှောက်လျှောက် အလုပ်လျှောက်ရင်အိမ်လိပ်စာ ထည့်ရတယ်။ လိမ်ညာပြီးထည့်လို့လည်းမရဘူး ။ အလုပ်ရှင်က အလွတ်စုံထောက်အဖွဲ့ကို အလုပ်အပ်ပြီး နောက်ကြောင်းရာဇဝင်ကိုထောက်လှမ်းသေးတာ ။ Background Check လို့ခေါ်တယ်။ အိမ်မရှိယာမရှိရငိအလုပ်ကိုမရတော့ဘူး။ အလုပ်ပြုတ်လို့အိမ်လခမပေးနိုင် ၊ အိမ်ပေါ်ကဆင်းရ အိမ်မရှိတော့အလုပ်မရ သံသရာလည်ပြီး လမ်းဘေးနေ လမ်းဘေး စား လမ်းဘေး‌ေ-သ တွေဖြစ်ကုန်ကြတာ ။

ကျွန်တော်က သနားတတ်တော့ တစ်ဒေါ်လာတန် လေးတွေဆောင်ထားပြီး မီးပွိုင့်မှာ တွေ့သမျှ အိမ်ခြေမဲ့တွေကို သုံးကျပ်တန်သည် ငါးကျပ် ($5)တန်သည် စွန့်ကျဲခဲ့တာပဲ။ Thank you. I appreciated it.God bless you ဆိုတဲ့စကားကို ပြန်ပြောတဲ့အိမ်ခြေမဲ့ရဲ့ စကားသံဟာ အမေရိကန်အသံ ပီသလွန်းလို့ အင်္ဂလိပ် လို ပြောတတ် ရင်ကြီးပွားပြီလို့ ငယ်ငယ်ကသင်ပေးခဲ့တဲ့ ကျွန်တော့ဆရာဦးကျော်တင့်ကိုတောင်သတိရမိတယ်။ ဆရာရေ လာကြည့်ဦး သူတောင်းစားက ကိုယ့်ထက် အင်္ဂလိပ်လို ပြောတတ်တယ် ဆရာရေ။

အိမ်လခကလည်း ခေါင်ခိုက်နေတာပဲ ။ ရတဲ့လခက ဒေါ်လာ သုံးထောင်ဆို အိမ်လခက အနည်းဆုံး ဒေါ်လာ ၁၅၀၀ ပဲ ။ဒါ့ကြောင့်ရှိသမျှလူကုန်ထွက်အလုပ်လုပ်ကြရတာ ။ ဒါ့ကြောင့်မြန်မာပြည်မှာ တိုးဂိုက် လုပ်တုန်းက မင်းအမျိုးသမီးအလုပ်လုပ်လား လို့ မေးတိုင်း မိသားစုလေးယောက်မှာကျွန်တော်တစ်ယောက်ပဲဝင်ငွေရှိတယ် ။ အဆင်ပြေပါတယ် အိမ်မှာ ကလေးထိန်းဖို့ အိမ်အကူတစ်ယောက်တောင်ခေါ်ထားတယ်လို့ ကိုယ်ကဖြေလိုက်တိုင်း အမေရိကန်တိုးရစ်တွေ တအံ့တသြဖြစ်သွားကြတာ ခုမှနားလည်တယ်။

အမေရိကန်ရောက်တဲ့သူတွေက လုပ်ခဝင်ငွေတွေ မဆန့်ရင်ကာရတယ်လို့သာ ကြွားကြတာ ၊ အိမ်လခအတွက် ဘယ်လောက်ပြန်သုံးရတယ်လို့ ဘယ်သူကမှ မပြောကြဘူး ။ Kလားခပ်တဲ့ရေ Kလား -င်ဆေးတာနဲ့ ကုန်ဆိုသလိုပါပဲ ။ လခကတော့ တကယ်ကောင်းကောင်းရပါတယ်။ သာမန် အောက်ခြေအလုပ်လုပ်သူတွေတောင် တစ်ရက် ၈နာရီလုပ်ခ ဒေါ်လာ ၁၃၀ လောက် အနည်းဆုံးရကြတယ်။ အမေရိကန်တစ်ရက်ဝင်ငွေဟာ မြန်မာတစ်လဝင်ငွေထက်များနေတာပေါ့။

ရပေမယ့်ကုန်ပေါက်ကတန်းစီနေတာပါ။ အိမ်လခ ဖုန်းပြောခ ဝိုင်ဖိုင်ခ ကားအာမခံကြေး ကျန်းမာရေးအာမခံကြေး ကားလပေးနဲ့ဝယ်ထားရင် ဘဏ် အကြွေးဆပ် အိမ်လပေးနဲ့ဝယ်ရင်လစဉ်ဆပ် စားသောက်စားရိတ် ဓာတ်ဆီဖိုး ကားပြင်ခ အဲ့ဒါတွေနဲ့လုံးလည်လိုက်နေတာပါပဲ။ ကိုယ်ပိုင်လုပ်ငန်း ကိုယ်ပိုင်ဝင်ငွေ ရှိကြသူများကတော့တမျိုးပေါ့။ ဆင်းရဲလို့ကိုယ်ပိုင်လုပ်ငန်းလုပ်မယ်ဆိုလည်း လွတ်တဲ့နေရာ မှာကွမ်းယာဆိုင်ထွက်၊ စက်ဘီးပြင်ဆိုင်ထွက် ၊ ပဲပြုတ်ထိုင်ရောင်း၊ကန်စွန်းရွက်ထိုင်ရောင်း ရောင်းလို့မြန်မာပြည်မှာ အဆင်ပြေသော်လည်း ဒီမှာတော့ လိုင်စင်တွေလိုအပ်၊ ဆိုင်ခန်းခကစျေးကြီး ၊ တွေ့ကရာနေရာစျေးရောင်းရင်ရဲကဖမ်းဆိုတာတွေကြောင့် ဆင်းရဲသားများ ကိုယ်ပိုင်အလုပ်စဖို့ကမလွယ်ပါ။

လိုရင်းကိုပြောချင်တာက US မှာကောင်းကွက်တွေလည်းများစွာရှိပါတယ်။ ဒါပေမယ့်မြန်မာဗီဒီယိုတွေထဲကလို ရောက်လာပြီး အလိုလိုချမ်းသာသွားတာမဟုတ်ပါဘူး ။ ဆင်းရဲသားဘဝ ရောက်သွားပြီဆိုရင် မြန်မာဆင်းရဲသားဘဝက ပိုပြီး ခုသာခံသာရှိပါတယ် ။ အမေရိကန်ပြည်ထောင်စုဟာ အဆင်ပြေပြီးသားသူတွေအတွက်ပိုအဆင်ပြေနိုင်ပြီး လူမွဲတွေဘယ်လိုမှနာလန်မထူနိုင်စရာတိုင်းပြည်ပါ။ မြန်မာပြည်ကတော့ စစ်အာဏာရှင်တွေအဆက်ဆက် သောက်သုံးမကျတာကလွဲလို့ တိုင်းပြည်ဟာ လူဆင်းရဲတွေရှင်သန်ရပ်တည်တိုးတက်ဖို့ အင်မတန်ရေခံမြေခံကောင်း မွန်ပါကြောင်း ။ အစိုးရကောင်းတစ်ရပ်သာရှိခဲ့ရင် မြန်မာပြည်ထက်ကောင်းတဲ့နိုင်ငံကမ္ဘာမှာရှာမတွေ့နိုင်ပါကြောင်း ။ သရဝဏ် (ပြည်)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page