နှစ် ၂၀ အတွင်း အညံ့ဆုံးဖွင့်ပွဲ အဖြစ် မှတ်တမ်းဝင်သွားတဲ့ ကာတာကမ္ဘာ့ဖလား ဖွင့်ပွဲ

ယနေ့ည ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ဖွင့်ပွဲ စီစဉ်မှုနဲ့ ပတ်သက်ပြီး ပရိသတ် အတော်များများက ဝေဖန်နေကြတာ ဖြစ်ပါတယ်။ စတင်ကတည်းက ဝေဖန်မှုတွေ များပြားခဲ့တဲ့ ကာတာကမ္ဘာ့ဖလားဟာ ဖွင့်ပွဲမှာလည်း ပရိသတ် မျှော်လင့်သလို မဖြစ်ခဲ့တာကို တွေ့ရပါတယ်။

ကမ္ဘာကျော် နာမည်ကြီး အဆိုတော် အများအပြားက သပိတ်မှောက်ထားတဲ့ ကာတာကမ္ဘာ့ဖလား ဖွင့်ပွဲမှာ တင်ဆက်မှုတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေက ကျေနပ်အားရမှု မရှိတာကို တွေ့ရပါတယ်။ ယခင် ကမ္ဘာ့ဖလားတွေတုန်းကဆို ပြိုင်ပွဲမစတင်ခင် တနှစ်နီးပါးလောက်ကတည်းက ပြိုင်ပွဲသီချင်းတွေ လူထုကြား ပျံ့နှံ့နေပြီ ဖြစ်ပေမယ့် အခုပြိုင်ပွဲမှာတော့ ဖွင့်ပွဲရောက်မှသာ ကြားဖူးကြရတဲ့ အခြေအနေ ဖြစ်ပါတယ်။ တောင်ကိုရီးယား အဆိုရှင်တဦး အနေနဲ့ ယခုလို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်သီဆိုခွင့် ရတာကတော့ အာရှသားတွေအတွက် ဂုဏ်ယူစရာ ဖြစ်ပေမယ့် ဝေဖန်မှု တချို့နဲ့လည်း ရင်ဆိုင်နေရပါတယ်။

အားကစားပြိုင်ပွဲတွေမှာ အမှတ်အသားသရုပ်ဖြစ်တဲ့ လာဘ်ကောင် ရုပ်လေးတွေနဲ့ လှုံဆော်လေ့ ရှိကြပေမယ့် ယခု ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ လာဘ်ကောင်ရုပ်ကိုတော့ ဖွင့်ပွဲနေ့မှ လူတွေ မြင်ခဲ့ရတာ ဖြစ်ပါတယ်။ ထူးဆန်းတာက ပြိုင်ပွဲရဲ့ အဖြူရောင် လာဘ်ကောင်ရုပ်ဟာ တစ္ဆေပုံစံ ဖြစ်နေတယ်လို့ ဝေဖန်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဖွင့်ပွဲမှာလည်း ယခင်ပြိုင်ပွဲတွေက သီချင်းဟောင်း အများအပြားကို ပြန်ဖွင့်ပြီး ကပြခြင်း၊ သရုပ်ဖော်သူများရဲ့ အဝတ်အစားများ ခေတ်မမီခြင်း စတဲ့ အခြေအနေတွေကြောင့် မှောင်မဲနေတဲ့ သာမန်စတိတ်ရှိုးတခုကို ကြည့်နေရသလိုဖြစ်နေတယ်ဆိုတဲ့ ဝေဖန်မှုများ ရှိနေပါတယ်။

ကာတာ အစိုးရရဲ့ အစိုးရိမ်လွန်တဲ့ တားမြစ်ချက်တွေကြောင့် တကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့ ပြိုင်ပွဲသဘောမျိုး မသက်ရောက်တော့ဘဲ ကန့်သတ်မှုတွေနဲ့ ပြုလုပ်ရတဲ့ အခြေအနေမျိုး ဖြစ်ပေါ်နေတယ်လို့ ဝေဖန်နေကြပါတယ်။ လက်ရှိမှာတော့ ကာတာကမ္ဘာ့ဖလားဖွင့်ပွဲဟာ နှစ် ၂၀ အတွင်း အညံ့ဆုံး ကမ္ဘာ့ဖလားပွဲ အဖြစ် မှတ်တမ်း ဝင်သွားခဲ့ပြီး ပြိုင်ပွဲတလျှောက်နဲ့ ပိတ်ပွဲတွေမှာ ဘယ်လို အလွဲမျိုးတွေ ဖြစ်လာဦးမလဲဆိုတာ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page