မြန်မာပြည်က အချမ်းသာဆုံး သူဌေးကြီး မိုးကုတ်မြမောင်ပြခဲ့တဲ့ ဘဝရဲ့ တရားများ

“ကျောက်သူဌေးကြီးမိုးကုတ်မြမောင် (သို့) ဝမ်းတွင်းပါ သူဋ္ဌေး”၊ စာရေးဆရာသော်တာဆွေက သူငယ်ချင်းဖြစ်သူ မိုးကုတ်မြို့သား ကိုမြမောင်အား ငွေကိုလေလိုသုံးသူ ဟူ၍ တင်စားခေါ်ဝေါ်ခဲ့သည်။ မိုးကုတ်မြို့နေ ဦးကြာညွန့်ဒေါ်သန်းတို့ ဇနီးမောင်နှံသည် မောင်မြမောင်လေး မွေးဖွားပြီး နောက်ပိုင်း သိသာစွာ စီးပွားတက်လေတော့သည်။ကျောက်ကြီးကျောက်ကောင်းများ အောင်ခဲ့ကြ၏။

ကိုမြမောင်က တစ်သိန်းသုံးလျှင် သူ၏ မိဘများ ကျေက်တွင်းတွင် နှစ်သိန်းတန်ကျောက် အောင်လေ၏။ကိုမြမောင် တစ်နေ့တစ်သောင်းသာ သုံးစွဲပါက နှစ်သောင်းတန်ကျောက်သာ အောင်၏။ ကိုမြမောင်က ရန်ကုန်တွင်နေထိုင်ပြီး ငွေကိုလေလို သုံးစွဲလေ၏ ။စာရေးဆရာသော်တာဆွေ စသော သူငယ်ချင်းများနှင့် အရက်သောက်၏ ကြက်တိုက်၏ ဟော်တယ် တက်ကြ၏။ သုံးကြ၏ ဖြုန်းကြ၏။ ရန်ကုန်မြို့တွင် ခြံဧကပေါင်းများစွာ ဝယ်ထား၏။

ဖက်လိပ်စိန်(ရွှေကို ဖက်ကဲ့သို့ ကတော့ထိုး၍ ထိပ်တွင် တစ်ပွင့်စိန် တပ်ကာ နားဋောင်းအဖြစ် ဝတ်ဆင်ခဲ့ခြင်းl နဂါးဒေါ်ဥ ကဲ့သို့ ရှေးက သူဋ္ဌေးမကြီးများသာ ဝတ်ဆင်ခဲ့ကြသည်) များ များစွာရှိလေ၏။ အရည်အသွေးကောင်းသော ပတ္တမြားများ ဆိုလျှင်ကား ပြောဘွယ် မရှိတော့ပါ ။ စာရေးဆရာသော်တာဆွေက ကိုမြမောင် ခင်ဗျား ဘယ်လောက်ချမ်းသာလဲဟု မေးရာမသိဘူးဗျဟူ၍ အဖြေပေးခဲ့၏။ မိုးကုတ်ကနေ မန္တလေးအထိ တစ်ရာတန် ကားလမ်းအပြည့် ခင်းနိုင်တယ် ဟူ၍ ပြောပြ၏။

ဦးမြမောင် မိုးကုတ်မှမန္တလေးသို့ ကားဖြင့်ဆင်းလာရာ လမ်းတွင် ဂျစ်ကားတစ်စီးက သူ၏ကားကို ကျော်တက်သွား၏။ ထိုအခါ ကိုမြမောင်က ဒရိုင်ဘာအား အဆိုပါဂျစ်ကားကို အမီလိုက်ခိုင်း၏။မီလာသောအခါ နောက်ကနေ ဝင်တိုက်ခိုင်းလိုက်၏။ ဂျစ်ကားပေါ်က လူများ မျက်ကလူးဆန်ပျာဖြင့် ဆင်းလာသောအခါ ခင်ဗျားတို့ကား ဝယ်စဉ်က ဘယ်လောက်ပေးရသလဲ ၅၀၀၀ ကျပ် ပေးရတယ်ရော့ ၅၀၀၀ ဟူ၍ အလျော်ပေးလိုက်၏။ မိုးကုတ်မြို့ ချမ်းသာကြီးဘုရားတွင် ဦးမြမောင်မိသားစု လှူဒါန်းထားသော ရွှေစင်တစ်ပိသာ၊ ငွေစင်တစ်ပိသာဖြင့် ပြုလုပ်ထားသော ရွှေစေတီ၊ ငွေစေတီတို့၏ ပုံဖြစ်သည်။

ငွေကို လေလိုသုံးသူ ( သို့မဟုတ် ) ဘဝ၏ အလုပ်လက်မဲ့၊ ရှမ်းစော်ဘွားများ တန်ခိုးအာဏာ ကြီးထွားစဉ်ကာလ တချိန်သောအခါ၌ မိုးမိတ်မြို့နယ် သစ်တောကြိုးဝင်းထဲတွင် မိုးမိတ်စော်ဘွား၏ ဆင်တစ်ကောင်ကို လူတစ်ယောက်က ‌ေ-နတ်နှင့် ပစ်-တ်လိုက်လေ၏။ မကြာမီ ခေါင်းပေါင်းနီနှင့် ရှမ်းပုလိပ်များ ရောက်လာကာ ဆင်သတ်သူကို ဖမ်းဆီးမည်ပြုသော် ထိုလူက ဟေ့ ဒါ တောဆင် မဟုတ်လား ၊ ဘယ်သူ့ဆင် မို့လဲကွ၊ တောဆင် မဟုတ်ပါဘူး ၊စော်ဘွားရဲ့ စီးတော်ဆင်ပါ ခင်ဗျ

မင်းတို့စော်ဘွားနာမည်က ဘယ်သူလဲ။ စောခွန်ချို။ ဟေ့ ငါ့နာမည်က မိုးကုတ်မြမောင် စောခွန်ချို ကို ပြောလိုက် ၊ ငါက သူကိုယ်တိုင် ဝေါနဲ့လာခေါ်မှ လိုက်မယ်။ ကျွန်တော်တို့ မြန်မာစကားတွင် `ဆင်-တ်အရပ်ဝေတယ် ဟု ဆိုကြသည် ။ သူတို့ကား ဆင်-တ်၍ ညီအစ်ကိုချင်း ကျီစယ်ကြခြင်း ဖြစ်သည်။

အကြောင်းမှာ ကျွန်တော့်မိတ်ဆွေ ကိုမြမောင်နှင့် စောခွန်ချို သည် မအေညီအစ်မအရင်း ညီအစ်ကိုတစ်ဝမ်းကွဲ ဖြစ်သည် ။ စောခွန်ချိုက တကယ်ပဲ ကိုမြမောင်အား ဝေါနှင့်လာကြို ရသည်တဲ့။ ဆရာ့သူငယ်ချင်းက အတော်ဆိုးတဲ့လူဗျာ ဟု စောခွန်ချို က ကျွန်တော့်ကို ပြောပါသည်။ ဟုတ်ကဲ့ ။ ကိုမြမောင်ကား တော်တော်ဆိုးတဲ့ လူပါ ။ ဖဆပလ အစိုးရလက်ထက်ကလည်း ဝန်ကြီးတွေ မာစီဒီးကား စီးရသည်၌ ဝန်ကြီး သခင်သာခင်သည် မိုးကုတ်သားဖြစ်၍ ထိုမာစီဒီးကားနှင့် မိုးကုတ်သို့ ရောက်သွားသည် ရှိသော် ယင်းအချိန်၌ ကိုမြမောင် ကားလည်း မာစီဒီး ဖြစ်နေသောကြောင့် ဟာ သခင်သာခင်တောင် ဒီကားမျိုးစီးတယ်ဆိုရင် ငါမစီးတော့ဘူး ဟု ဆို၍ သူ့ကားသူ ချောက်ထဲ မောင်းချပစ်လိုက်သည် ဟူသတည်း ။

ကဲ မယုံလျှင် ပုံပြင်သာ မှတ်ကြပေရော ။အမှန်တော့ ကိုမြမောင်သည် တကယ်ပင် ရှိခဲ့ပါ၏ ။ ၁၉၆၈ ခုနှစ် ဇန်နဝါရီ ၁၈ ရက်နေ့ကမှ အသက် ၄၁ နှစ်နှင့် ဦးနှောက်အာရုံကြော ပြတ်၍ သေဆုံးသွားပါသည်။ သူ့အကြောင်းကို ကျွန်တော်သည် ငွေကို လေလိုသုံးသူ ဟူသော ဝတ္ထုတို ရေးခဲ့ပါ၏။

ဝမ်းတွင်းပါ သူဋ္ဌေး၊ စင်စစ် ကိုမြမောင်ကို ဝမ်းတွင်းပါသူဋ္ဌေးဟု ခေါ်ရမည် ဖြစ်၏။ သူ့မိဘများသည် မိုးကုတ်မြို့တွင် ကံအကောင်းဆုံး ၊ ကျောက် အအောင်ဆုံး ဖြစ်၏။ဒုတိယကမ္ဘာစစ်ကြီးမဖြစ်မီက သူ့အဖေသည် ပြင်သစ်ပြည်ပဲရစ်မြို့တွင် ပတ္တမြားဆိုင် သွားဖွင့်ထား၍ မြန်မာပြည်မှ ကျောက်မျက် ရတနာများကို ကမ္ဘာ့ဈေး ထိပ်တန်းမှ ရောင်းခဲ့သူ ဖြစ်သည်။ ကိုမြမောင်သည် ပဲရစ်မြို့မှာ သွားနေ၍ ပဲရစ်နှင့်လန်ဒန်ကို အိမ်ဦးကြမ်းပြင် ကူးကာ အမေရိကန် ၊ အင်္ဂလန် မီလျှံနာများ ကဲ့သို့ သုံးဖြုန်းခဲ့သူ ဖြစ်သည်။

နောက် သူ့ဖခင်ကွယ်လွန်၍ ပဲရစ်မှာ ပတ္တမြားဆိုင် မရှိတော့သော်လည်း ကိုမြမောင်အဖို့ မြန်မာပြည်မှာ သူ့တသက် ဘယ်လောက်သုံးသုံး၊ ဖြုန်းဖြုန်း မကုန်နှိုင်။ သူ့မိခင်ကလည်း တစ်ဦးတည်းသော သားကြီးအား သုံးပါစေ၊ဖြုန်းပါစေ။ မသုံးမှာ၊မဖြုန်းမှာကိုသာ ပူရသည်။ မြမောင် တစ်သောင်းဖြု န်းလျှင်၊ တစ်သိန်းဝင်ငွေရသည်ဟု ပြောစမှတ် ပြုသတဲ့။ ကဲသည်လူမျိုး ကမ္ဘာတွင် မရှားပါလော။

သို့သော် ငွေချမ်းသာရုံနှင့် ဘဝမှာ ပြည့်စုံပါ သလော။ တနေ့သ၌ ကိုမြမောင်သည် အရက်အမူးလွန်၍ ကျွန်တော့အိမ်တွင် လဲပြီး တရေးအနိုးမှာ ထပ်သောက်ရင်း ဘာတွေများ တွေးမိ၍ ဝမ်းနည်းလေသည် မသိ၊ မျက်ရည်တွေစို့လျှက် ကျွန်တော့အား ပြောဖူးပါသည်။ ကိုဆွေ ကျွန်တော့်မှာ ငွေတွေသိပ်ချမ်းသာတော့ သဘောရှိ သုံးဖြုန်းပြီး စိတ်ထင်သလိုနေရ၊ စားရတာ ပျော်တယ်၊ကိုယ့်ဘဝကိုယ် ကျေနပ်နေတယ်များ ထင်သလား။ မထင်နဲ့ ကိုဆွေ၊ ကျွန်တော့်ဘဝနဲ့ ခင်ဗျားဘဝ လဲရရင် လဲလိုက်ချင်တယ် သိရဲ့လား

ထန်းရည်မူး၍ ကျွဲခိုးပေါ်သည်။ သူ့အသည်းနှလုံးထဲက ပြောသောစကား ဖြစ်သည်။ ယင်းကို ကျွန်တော် အလေးအနက် စဉ်းစားသည်။ ရန်ကုန်မြို့ကြီးသည် လောကနိဗ္ဗာန်ဖြစ်သည် ဆိုသောခေတ်၊ ငွေရှိ လိုတရသော ခေတ်ကပင် သူနှင့်ကျွန်တော် ရင်းနှီးစွာ ပေါင်းသင်းခဲ့ပါသည် ။

ကိုမြမောင်သည် သူ၏ဇာတိ မိုးကုတ်မြို့နှင့် သူ့မိခင်နေသော မန္တလေးမြို့မှာထက် မြန်မာပြည်တွင် အကြီးဆုံး၊ သုံးလို့ဖြုန်းလို့ အကောင်းဆုံးသော ရန်ကုန်မြို့ကြီးမှာ အနေများပါသည်။ စထရင်းဟိုတယ်မှာ လပေးနှင့် တည်းပါသည်။ ဟိုတယ်အောက်မှာ သူ့ကားကြီးတစ်စီး ထားပါသည်။ သူလိုသမျှ ခိုင်းရန် လက်စွဲတော် တစ်ယောက်နှစ်ယောက်၊ လခပေး၍ ထားပါသည်။ နံနက်မိုးသောက်လျှင် သူတို့သည် သူ့ဆီသို့ ရောက်လာရသည်။

ကိုမြမောင်သည် နံက် ၈ နာရီလောက်မှာ အိပ်ယာက ထတတ်ပါသည်။ ဟိုတယ်က ပေးသော ဘရိတ်ဖတ်စ်ခေါ် ကော်ဖီတစ်အိုး ၊ပေါင်မုန့်ထောပတ်သုပ် နှစ်ချပ်၊ဝက်မလွတ်ငှက်ပျောသီး ၂ လုံးကို စားလိုက စားပါသည်။ ရေချိုးအဝတ်လဲပါသည်။ ရောက်လာမည့် မိတ်ဆွေများကို မျှော်ပါသည် ။

ဘာလုပ်ရအောင်နည်း။ ဟိုတယ်ကြီးတစ်ခုခုမှာ နံက်စာ စားရအောင်ပါ ။ဟိုတယ်မှာစားတာ လူများပါမှ ဟင်းလျှာများများနှင့် စားလို့ မြိုင်သည် ၊မြိန်သည် မဟုတ်ပါလား ။ ၁၁ နာရီလောက်ထိအောင် စောင့်သည် ရောက်သင့်သလောက် ရောက်မလာပါက ဖုန်းရှိသောအိမ်ကို ဖုန်းဆက်၍ ခေါ်သည်။ ကားမရှိသော ဖုန်းမရှိသောသူကို သူ့လက်စွဲတော်နှင့် ကားလွှတ်၍ ခေါ်သည်။ အဲ သူ့စိတ်ကြိုက်လူ ပြည့်စုံပါက သူကိုယ်တိုင်ကားမောင်း၍ ထွက်ခဲ့ပြီး ခုမနက်စာ ရွေးချယ်သော ဟိုတယ်သို့ လာခဲ့ကြသည် ။

ကိုမြမောင်၏ ထမင်းစားပွဲတိုင်းမှာ အကောင်းဆုံးသော ဝီစကီကို အရင်မှာသည်။ အစားကို ကိုယ်ကြိုက်ရာ မှာနှိုင်သည် ။ ဤသို့ အသီးသီး မမှာလိုပါက ဟေ့ တို့ လူ ၆ ယောက်စာ ၊ ဟင်း ၁၀ မျိုး စသည်ဖြင့် အော်ဒါ မှာသည် ။ ထမင်းတစ်နပ် ၅၀၀ နှင့် ၁၀၀၀ ကြားမှာ ရှိသည်။ (1989 ငွေတန်ဖိုး )

ယင်းသို့ နံက်စာကို ၁၁ နာရီလောက်က စတင်သောက်ကြ ၊ စားကြပြီး နာရီပြန် ၁ ချက် လောက်မှာ ပြီးသည် ။ လူစုခွဲကြသည် ။ ကိုမြမောင်က လိုက်ပို့သင့်တဲ့လူ ပို့စေပြီး ကျွန်တော်တော့ ဟိုတယ်ပြန် မှိန်းဦးမယ်ဗျာ ဟု စထရင်းသို့ ပြန်၏။ သူ ယင်းသို့ မှိန်းပြီး နေ့လည် ၃ နာရီလောက် အိပ်ယာက ထ၏။ ရေချိုး၏။အဝတ်လဲ၏။ ကဲ လူတစ်ယောက်(ကျွန်တော်တို့ မြန်မာလူမျိုးထုံးစံ ) တစ်နေ့ ထမင်းနှစ်ခါ စားရသည်မှာ တစ်ခါ ကျန်သေး၏။ သူ့စားဖေါ်များကို မျှော်ပြန် ၊ ခေါ်ပြန်၏။

ရောက်လာကြ၏။ ညနေ ၅ နာရီ ၊ ၆ နာရီ လောက်မှာ ကားနှင့်လျှောက်၍ လေညင်းခံကြပြီး နာမည်ကြီးစားသောက်ဆိုင် တစ်ခုသို့ ရောက်ကြပြန်၏။ ကောင်းတာတွေ သောက်ကြစားကြ ပြန်၏။ ည ၁၁ နာရီလောက် လူစုခွဲပြီး စထရင်းဟိုတယ်သို့ ကိုမြမောင် ပြန်အိပ်၏။

နံက် ၈ နာရီလောက် အိပ်ယာက နိုးပြန်၏။ရေချိုးအဝတ်လဲပြန်၏။ မိတ်ဆွေတွေ ဆုံကြပြန်၏ ။ ဘဲအဲယား သို့မဟုတ် မာစီဒီးဘင့်ဇ်ကားကြီးနှင့် စိတ်ကြိုက်ဟိုတယ်ရွေးပြီး သွားကြ ၊ သောက်ကြ ၊စားကြပြန်၏။ နာရီပြန် ၁ ချက်လောက် လူစုခွဲကြ ပြန်၏။

စထရင်းဟိုတယ်၌ နေ့လယ် ၃ နာရီလောက် ကိုမြမောင် မှိန်းရာက ထပြန်၏။ ရေမိုးချိုး၏။ အဝတ်အစားလဲ၏။ သောက်ဖေါ် စားဖေါ် မိတ်ဆွေတွေမျှော် ပြန်ခေါ်ပြန်၏။ စုမိကြပြန်၏။ သွားပြီး သောက်ကြ၊စားကြပြန်၏။ သန်းခေါင်ကျော် ကိုမြမောင် ဟိုတယ်ပြန်ရောက်ပြီး အိပ်ပြန်၏။ နောက်တစ်နေ့ တစ်မိုးသောက်ပြန်၏။ ကိုမြမောင်သည် သူ၏ နိစ္စဓူဝအတိုင်း တစ်နေ့တာ ပဋိစ္စသမုပ္ပာဒ်ကို လည်ရပြန်၏။

အို စာဖတ်သူ ၊ သင့်စိတ်ကူးဖြင့် သီတင်းတစ်ပတ်လောက် ၊ သို့မဟုတ် ၁ လလောက်၊ သို့မဟုတ် သင့် စိတ်ကြိုက်သလောက် ကိုမြမောင် နေရာမှာ ဝင်ပြီး နေကြည့်စမ်းပါ။ဘဝ၏အဓိပ္ပာယ် ဘာရှိတော့ သနည်း။ (၁) လောကကြီးတွင် ကောင်းကောင်းစား ၊ကောင်းကောင်းအိပ် ၊ ကောင်းကောင်းနေရုံနှင့် မပြီးသေး တကား (၂) သို့သော် ကျွန်တော်တို့သည် ကောင်းကောင်းစား ၊ ကောင်းကောင်းအိပ်၊ ကောင်းကောင်းနေကြရန် ကြိုးစားနေကြရသည် မဟုတ်ပါလား ။

ဤ အကြောင်း ၂ ရပ် ပေါင်းစပ်ပြီး စဉ်းစားလိုက်သောအခါ ဘဝ၏အဓိပ္ပာယ် ပေါ်လာပေလိမ့်မည်။ စင်စစ် ဘဝကို လန်းဆန်းစိုပြေစေရန်၊ ဘဝကို မငြီးငွေ့ရန်မှာ အလုပ်လုပ်ရန်ပင် ဖြစ်ချေသည်။ ကိုယ်လုပ်သောအလုပ်၌ အောင်မြင်သည်လည်း ရှိမည် ၊ မအောင်မြင်သည်လည်း ရှိ၏။ ကျေနပ်မှုလည်း ရှိမည်။ မကျေနပ်မှုလည်း ရှိမည်။ ဝမ်းသာမှုလည်း ရှိမည်၊ ဝမ်းနည်းမှုလည်း ရှိမည်။ ယင်းသည်ပင် ဘဝ၏အဓိပ္ပာယ်နှင့် အနှစ်သာရ ဖြစ်တော့သည်။

သို့သော် ကိုမြမောင်၌ မွေးကတည်းက အစစအရာရာ ပြည့်စုံနေသဖြင့် ဘာမျှလုပ်စရာ မလို၊ဘာမျှကြိုးစားစရာ အကြောင်းမရှိ ။ သူသည် ဘဝ၏ အလုပ်လက်မဲ့ ဖြစ်နေသည်။ သူ့အခြေအနေက လောကီစည်းစိမ်ဥစ္စာကို လိုတရနေသည်။ ယင်းသည်ပင် ဘဝ၏မပြည့်စုံခြင်း ဖြစ်သည်ကို အလေးအနက် စဉ်းစားတတ်သူတို့ နားလည်ပေမည်။

စင်စစ်ကား ဘဝဟူသည်မှာ ဆင်းရဲချမ်းသာမရွေး ၊ တက်ကျ နိမ့်မြင့် မခြား၊ ဘယ်တော့မှပြည့်စုံသည် မရှိချေ။ ယင်းမပြည့်စုံသည်ကို ပြည့်စုံလိမ့်နိုး ကြိုးစားနေရခြင်း သည်ပင် ဘဝမည်ပါ၏။ ကိုမြမောင်၌ကား ယင်းသို့ ကြိုးစားစရာ အကြောင်း မရှိလေ၍ ဘဝ၏ အလုပ်လက်မဲ့ဟု ကျွန်တော် ဆိုပါ၏။ သော်တာဆွေ (သောင်းပြောင်းထွေလာ ၊ ၁၉၈၉ ဇွန်)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page