မာတာမိခင်ဆီက ရရန် အကြွေးကို တောင်းမိလိုက်တဲ့ ၆ နှစ်သားလေးရဲ့ အဖြစ်

အမေ့ဆီကရရန်အကြွေး၊ တညနေခင်းမှာ ၆ နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ သူ့အမေ ညစာချက်ပြုတ်နေတဲ့ မီးဖိုခန်းထဲ ရောက်လာတယ်။ သူ့အမေကို စာရွက်တစ်ရွက် ပေးလိုက်တယ်။ အမေလည်း ရေစိုနေတဲ့ သူ့လက်တွေကို လက်သုတ်ပဝါနဲ့ သုတ်ပြီး စာရွက်ကို ယူဖတ်ကြည့်တယ်။ စာရွက်ပေါ်မှာ ကောင်လေး စာရေးထားတယ်။ ရေးထားတဲ့ စာက ဒီလိုပါ။

မြက်ဖြတ်ပေးခ – ၅.၀၀ ဒေါ်လာ၊ ဒီတစ်ပတ်အတွက် ကျွန်တော့်အခန်းရှင်းပေးခ – ၁.၀၀ ဒေါ်လာ၊ အမေ ဈေးသွားတုန်း ညီလေးကို ထိန်းပေးခ – ၀.၂၅ ဒေါ်လာ၊ အမေဈေးသွားတော့ လိုက်သွားပြီး ခြင်းတောင်းသယ်ပေးခ – ၀.၅၀ ဒေါ်လာ၊ အမှိုက်ပုံးသွန်ပေးခ – ၀.၇၅ ဒေါ်လာ၊

စာမေးပွဲမှာ အဆင့်၅ ရလို့ ဆုပေးရန် – ၅.၀၀ ဒေါ်လာ၊ ခြံထဲက သစ်ရွက်ခြောက်တွေကို တံမြက်စည်းလှည်းပေးခ – ၂.၀၀ ဒေါ်လာ၊ ဒါကြောင့် အမေ့ဆီက ရရန်ရှိတဲ့ အကြွေး (စုစုပေါင်း) = ၁၄.၇၅ ဒေါ်လာ

အမေလည်း စာဖတ်ပြီးသွားတော့ ပိုက်ဆံရဖို့ မျှော်လင့်တကြီး စောင့်စားနေတဲ့ သူ့သားမျက်နှာကို တစ်ချက်ကြည့်လိုက်တယ်။ ပြီးတော့ စကားတစ်ခွန်းမှ မပြောဘဲ အနားက ဘောပင်ကို ကောက်ယူပြီး အဲဒီစာရွက်ရဲ့ နောက်ကျောမှာ ခုလို စာရေးလိုက်တယ်။

ငါ့ရဲ့ဝမ်းဗိုက်ထဲမှာ ၉ လကြာ လွယ်ပေးထားခ – အခမဲ့၊ မင်း နေမကောင်းလို့ တစ်ညလုံး ပြုစုစောင့်ရှောက်ပေးခ – အခမဲ့၊ ငါ့ကို စိတ်ဆင်းရဲအောင်လုပ်လို့ အကြိမ်ကြိမ် ငိုခဲ့ရတဲ့အတွက် – အခမဲ့၊ မင်းကို မွေးကတည်းက အခု ၆ နှစ်သားအရွယ်ရောက်တဲ့အထိ ဝယ်ပေးခဲ့တဲ့ အရုပ်တွေ၊ အဝတ်အစားတွေ၊ စားစရာတွေ၊ ဆေးဖိုးနဲ့ ကျောင်းစရိတ်အတွက် ကုန်ကျစရိတ် – အခမဲ့၊ ညစဉ်ညတိုင်း မင်းအတွက် သောကရောက်ခဲ့ရတာအတွက် – အခမဲ့

အဲဒါတွေအတွက် ငါ တစ်ပြားတစ်ချပ်မှ မတောင်းဆိုတဲ့အပြင် ငါ့ရဲ့ချစ်ခြင်းမေတ္တာကို အပြည့်အဝပေးခဲ့ပါတယ်။ အမေက ကောင်လေးကို ရေးပြီးတဲ့ စာရွက်ပြန်ပေးလိုက်တယ်။ ကောင်လေးလည်း စာရွက်ပေါ်က သူ့အမေရေးထားတာကို ဖတ်ကြည့်တယ်။

ပြီးတော့ မျက်ရည်တွေ ပြည့်လျှမ်းနေတဲ့ မျက်လုံးတွေနဲ့ သူ့အမေကို မော့ကြည့်ပြီး “ကျွန်တော်လည်း အမေ့ကို ချစ်ပါတယ်” လို့ ပြောလိုက်တယ်။ စကားအဆုံးမှာတော့ သူ့အမေရဲ့လက်ထဲက ဘောပင်ကို ဆွဲယူပြီး စာရွက်ပေါ်မှာ စာလုံးကြီးကြီးနဲ့ ခုလို စာရေးလိုက်တယ်။ “ကျွန်တော် အမေ့ဆီက ရရန်ရှိတဲ့ အကြွေးအားလုံးရပြီးသွားပါပြီ”။ ဗန်းမော်သိန်းဖေ ၀၇-၁၁-၂၀၂၂

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page