ရှုံးဖျာလိပ်သွားတဲ့ အာရှနွားကြီးအသင်းနဲ့ ပြိုင်သမျှ ဘယ်သူ့ကိုမှ မနိုင်တဲ့ ကျိန်စာအကြောင်း
ယနေ့ ညနေက ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆီယံဘောလုံးအဖွဲ့ချုပ်ဖလား အုပ်စု (ခ) ပွဲစဉ်မှာ အိမ်ရှင် စင်ကာပူအသင်းက ရွှေမြန်မာအသင်းကို ၃-၂ ဂိုးနဲ့ အနိုင် ရရှိသွားခဲ့ပါတယ်။
ပထမပိုင်း တဖက် ၁ ဂိုး စီ သရေကျခဲ့ပေမယ့် ဒုတိယပိုင်းမှာ စင်ကာပူက ဦးဆောင်ဂိုး ထပ်သွင်းပြီး မကြာခင်ပဲ မြန်မာအသင်းတိုက်စစ်မှူး မောင်မောင်လွင် ဒုတိယ ချေပဂိုး ပြန်သွင်းခဲ့ပါသေးတယ်။ အဲဒီနောက်ပိုင်း ဂိုး သမား မျိုးမင်းလတ်နဲ့ နောက်တန်းအမှားတွေကြောင့်ဦးဆောင်ဂိုး ပြန်ပေးလိုက်ပါတယ်။
ပွဲကစားချိန် မိနစ် ၈၀ မှာ မြန်မာကစား နန္ဒာကျော်က တစ်ပွဲလုံး ခြေစွမ်းလောက်လောက်လားလား မပြနိုင်သော်လည်း စင်ကာပူ ကစားသမားကို ကိုယ်ထိ လက်ရောက် ကျူးလွန်ခဲ့လို့ တိုက်ရိုက် အနီကတ်ပြခံခဲ့ရပါတယ်။
အဲဒီနောက်ပိုင်း မြန်မာအသင်းက ပွဲကိုဖိကစားခဲ့ပေမယ့် တိုက်စစ်မှူး ဝင်းနိုင်ထွန်းရဲ့ အံ့အားအသင့်စရာ အဆုံးသတ် လွဲချော်မှုကြောင့် မြန်မာအသင်း နစ်နာခဲ့ရသလို ပေးလိုက်ရဲ့ ဂိုးတွေကလည်း မြန်မာအသင်း ဂိုးသမား မျိုးမင်းလတ်ရဲ့ အမှားတွေကြောင့် ပေးလိုက်ရတာတွေ ဖြစ်ပါတယ်။
အုပ်စုတွင်း (၂) ပွဲ ကစားပြီးချိန်မှာ ၂ ပွဲလုံး ရှုံးနိမ့်ခဲ့တာကြောင့် မြန်မာအသင်းရဲ့ အုပ်စုတက်ရေး မျှော်မှန်းချက်ဟာ ပျောက်ကွယ်သွားပြီး အုပ်စု စတုတ္ထနေရာ ရရင်တောင် အတော် ကံကောင်းမယ်လို့ ဆိုရမှာပါ။ ပရိသတ် အားပေးမှုကို မရရှိခဲ့တဲ့ မြန်မာအသင်းဟာ ၂၀၂၂ ခုနှစ်အတွင်း တပွဲမှ အနိုင်မရတဲ့ စံချိန်ကို ဆက်လက် တင်ထားဆဲပဲ ရှိနေပါသေးတယ်။ မြန်မာအသင်းရဲ့ ပြိုင်တိုင်းရှုံး ကျိန်စာဟာ ဘယ်တော့မှ ပြေပျောက်မလဲဆိုတာ ဆက်လက် စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။