သန်းခေါင်ထက် ညဉ့်မနက်တော့တဲ့ မြန်မာပြည်နဲ့ ဝဋ်ကြွေးကြီးလွန်းတဲ့ ပြည်သူများ

တော်ရုံတန်ရုံ အကုသိုလ်နဲ့တော့ မြန်မာပြည်မှာ လူလာမဖြစ်လောက်ဘူး။ ခုဖြစ်နေတဲ့ အကြောင်းအရာတွေကိုသာကြည့် ငွေစျေး ရွှေစျေးကို လိုသလို ကစားလို့ရတယ်။ ကုန်စျေးနှုန်းကို ကိုယ့်စိတ်ကြိုက် တင်ချင်သလို ဆွဲတင် ရောင်းချင်သလို ရောင်းလို့ရတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ပြည်သူတွေ အသုံးများတဲ့ အခြေခံစားကုန်မှန်သမျှကို ထိုက်သင့်တဲ့ စျေးနှုန်းဖြစ်အောင် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ထိန်းချုပ်တယ်။ ကျွန်တော်ထိုင်းမှာနေတုန်းက ဝက်သား တစ်ကီလိုကို ဘတ် ၈၀ အသားချည်း ၉၅ ဘတ်၊ အမဲသား ၁၁၀ မိုးခိုသား ၁၂၀ ဆိုရင် တစ်နိုင်ငံလုံး ဒီစျေးသာရောင်းရတယ်။

မားမားခေါက်ဆွဲတစ်ထုပ်ကို ၅ ဘတ်ဆိုရင် ဘယ်မှာ ဝယ်ဝယ် ၅ ဘတ်ပဲ၊ တလောက ထိုင်းမှာ ခေါက်ဆွဲခြောက်ထုပ်တွေ စျေးတက်တော့မယ်ဆိုတော့ အစိုးရက ၆ ဘတ်ခွဲနဲ့ ရောင်းတော့မှာဖြစ်ကြောင်း ကြေငြာပေးရတယ်။

ဒီနိုင်ငံမှာတော့ အစားအသောက်တွေထဲကို ဖော်မလင်တွေထည့်၊ မသုံးသင့်တဲ့ ဓာတုဆေးဝါးတွေ သုံးနေလည်း FDA က အရေးမယူဘူး။ ပစ္စည်းသိမ်းတာ၊ သတိပေးတာလောက်နဲ့ ပြီးသွားတာ၊ မသုံးသင့်သော အစားအစာများဆိုပြီး ပုံလေးတွေနဲ့ တင်ပေးတယ်။ အဲ့ပုံတွေ Print တွေထုတ်ထားပြီး စျေးဝယ်တိုင်း ထုတ်ကြည့်ရမလိုလို။

ထိုင်းမှာ လွန်ခဲ့သောဆယ်စုနှစ် တစ်ခုကျော်လောက်က ကျောင်းသားတွေကို တိုက်တဲ့ နွားနို့သွင်းတဲ့ကုမ္ပဏီက နွားနို့ထဲရေရောတာ ကျောင်းတွေမှာ ပို့ပြီးသား နွားနို့ကို ဓာတ်ခွဲခန်းယူပြီး ဓာတ်ခွဲစစ်တယ်။ ရေရောထားတာ မိတယ်။

ထိုင်းမှာ အချမ်းသာဆုံး စားရင်ဝင် သူဌေးတစ်ယောက်ဟာ ထောင် ၃ နှစ်ကျသွားတယ်. အဲ့အမှုကို နတ်ရွာစံသွားတဲ့ ထိုင်းဘုရင်ကြီးရဲ့ ကိုယ်ရေးအရာရှိ ကိုယ်တိုင် ကိုင်တွယ်တယ်။ ထိုင်းနိုင်ငံရဲ့ အနာဂါတ်ဖြစ်တဲ့ ကလေးတွေကို ဒီလိုမျိုး လုပ်ရမလားဆိုပြီး ထောင် ၅ နှစ်ချပစ်တာ။ မိသားစုက ငိုယိုပြီး အယူခံဝင်လို့ ၃ နှစ်ဆိုပြီး လျော့ပေးတာ။

မြန်မာပြည်မှာ စက်သုံးဆီတွေ အရည်အသွေး မပြည့်လည်း အရေးယူခံရတယ်လို့ တစ်ခါမှ မကြားမိဘူး။ စက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်းက အတွင်းရေးမှူးဖြစ်သူ ဦးဝင်းမြင့်ဟာ ရန်ကုန်တစ်မြို့လုံးကို တစ်လအတွင်း၊ မန္တလေးအထိ သုံးလအတွင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခြောက်လအတွင်း စက်သုံးဆီအရည်အသွေး ပြည့်မှီ ကောင်းမွန်စေရမယ်လို့ မီဒီယာအများရှေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆို ကတိပေးခဲ့သော်လည်း စက်သုံးဆီအရည်အသွေးတွေဟာ ပြောဆိုကတိပေးခဲ့သော ၂၀၁၇ ခုနှစ်ကအတိုင်း ထူးမခြားနားပါဘဲ။

ကားလောက အကြောင်းပြောရင် ကား Showroom တွေရဲ့ သိက္ခာမဲ့တဲ့ လုပ်ရပ်တွေဟာ ပြောစရာဖြစ်နေပြန်ပါတယ်။ ကားတစ်စီး ပရီအော်ဒါတင်ရင် ၁၀ သိန်းကနေ ၁၈ သိန်းအထိ စရံငွေပေးရတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကားလာမယူခဲ့ရင် စရံငွေအဆုံး ဆိုပြီးလုပ်ခဲ့ပေမယ့် ကားစျေးတက်ချိန် စရံငွေ ပြန်အမ်းပြီး နောက်ဖေးပေါက်ကနေ ထုတ်ပစ်တဲ့ အခါကျတော့ စရံ နှစ်ဆပြန်ပေးရမှာကို မျက်နှာပြောင်တိုက်ပြီး ပေးထားတဲ့အတိုင်းသာ ပြန်အမ်းပေးခဲ့တယ်။

ကိုဗစ်ကာလမှာ စီးပွားရေးအဆင်မပြေလို့ ကားမယူနိုင်တော့လို့ စရံငွေ ဆုံးသွားရသူတွေ အများကြီးက မချိပြုံး မဲ့ပြုံးလေး ပြုံးနေကြလေရဲ့။ တကယ်လို့သာ ကားစျေးကျ ဒေါ်လာစျေးကျခဲ့ရင် ပရီအော်ဒါ တင်ထားသူတွေကို ကားရှိုးရွမ်းတွေက အရင်စျေးအတိုင်း တစ်ကျပ်မှ မလျော့ပဲ ရောင်းပေးမှာ ကျိန်းသေတယ်။ ဒါတွေကိုလည်း တာဝန်ရှိသူတွေက မျှမျှတတဖြစ်အောင် မကြပ်မတ်ပေးခဲ့ပါ။

မြန်မာပြည်အရောက် တစ်ပိသာလျှင် ၃၈၀၀ ၄၀၀၀ ကျပ်လောက်သာ ကျသင့်တဲ့ စားဆီများအား ပြည်သူတွေကို တစ်ပိသာ ၁၂၀၀၀ ကျပ်နဲ့ ရောင်းနေတုန်းကလည်း တားဆီးပေးမယ့်သူ မရှိခဲ့ဘူး။ ငွေစျေးတက်တုန်းက တက်ချင်တိုင်း တရှိန်ထိုးတက်ခဲ့တဲ့ အခြေခံစားသောက်ကုန်တွေ၊ လူသုံးကုန် ပစ္စည်းတွေ၊ မော်တော်ယာဉ် အပိုပစ္စည်းနဲ့ ဆက်စပ်ပစ္စည်းတွေဟာ စျေး ကျသင့်သလောက် မကျသေးပါဘူး။

ထိုင်းနိုင်ငံမှာ တစ်စီးကို သိန်း ၉၆၀ လောက်ကျတဲ့ မော်ဒယ်တူ ဂရိတ်တူ ကားအမျိုးအစားတူ ကားတစီးကို သိန်း ၁၇၀၀ လောက်နဲ့ရောင်းလည်း ရောင်းခွင့်ပြုထားတယ်။ အခြေခံ ဥပဒေမှာပါတဲ့ လွတ်လပ်သော စျေးကွက်စီးပွားရေးစနစ်အား ဖော်ဆောင်ကျင့်သုံးရာတွင် တာဝန်ရှိသူများအနေဖြင့် ဝိသမစီးပွားရေးသမားများ၏ မလျော်မကန်ပြုမူခြင်းများမှ ပြည်သူလူထုအား အကာအကွယ်ပေးရမည် ဆိုတဲ့အချက်ကို အစိုးရတာဝန်ရှိသူ အဆက်ဆက်က ယခုအချိန်ထိ ပြည်သူ လူထုအပေါ် ထိရောက်စွာ ကာကွယ်ပေးနိုင်ခြင်း မရှိဘူးလို့ ပြည်သူတွေက ခံစားရပါတယ်ဗျာ။

ပြောရမယ်ဆိုရင်တော့ အများကြီး ကျန်ပါသေးတယ်။ သယံဇာတပေါကြွယ်ဝတဲ့ မြန်မာပြည်ဟာ အရှေ့တောင် အာရှမှာ နောက်ဆုံးက ကျန်နေခဲ့ပါပြီ။ ဗုဒ္ဓဘာသာအများစုနေထိုင်တဲ့ မြန်မာနိုင်ငံမှာ တိရိစ္ဆာန် လောကရဲ့ အမူအကျင့်တွေဖြစ်တဲ့ အားကြီးတဲ့အကောင်က အားနည်းတဲ့အကောင်ကို အနိုင်ကျင့်၊ ငါးကြီးက ငါးသေးကို မြိုတဲ့ အကျင့်စရိုက်တွေကို အမြန်ဆုံး မပြုပြင်နိုင်ဘူးဆိုရင်တော့ ပြည်သူတွေအနေနဲ့ ဒီဝဋ်ကြွေး မကုန်ဆုံးသမျှပေါ့ဗျာ။ ချစ်ခြင်းအားဖြင့် ကိုတိုး(အွန်လိုင်းကားဝပ်ရှော့)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page