ကြက်သား၊ ဝက်သားတွေထက် ဈေးကြီးသွားတဲ့ ရွှေနံနံပင် (တပိဿာ သုံးသောင်း ဖြစ်သွားပါပြီ)

လက်တလောကာလမှာ အိမ်ရှင်မတွေ ခေါင်းအကိုက်ဆုံး ကိစ္စကတော့ နံနံပင် ဈေးနှုန်းပဲ ဖြစ်ပါတယ်။ နံနံပင်ကို မကြိုက်တဲ့သူ တချို့ကတော့ ဟင်းထဲ ပါလာရင်တောင် မစားနိုင်တဲ့ အခြေအနေ ဖြစ်ပေမယ့် ကြိုက်နှစ်သက်သူတွေကတော့ နံနံပင် မပါရင် စားလို့ မရတဲ့ အနေအထားတွေ ဖြစ်နေပါတယ်။

မြန်မာ့ဟင်းလျာတွေထဲမှာ အထူးသဖြင့် ငါးဟင်းနဲ့ အသုတ် ဟင်းလျာတွေမှာ နံနံပင်ဟာ မပါမဖြစ်ပါပဲ။ မြန်မာပြည်သူတွေ နံနက်တိုင်း နှစ်သက်စွာ စားသုံးကြတဲ့ မုန့်ဟင်းခါးထဲမှာလည်း နံနံပင်ဟာ အဓိက ဇာတ်ကောင် အနေနဲ့ ပါဝင်တာပဲ ဖြစ်ပါတယ်။

ယခုအချိန်မှာတော့ အဆိုပါ အဓိက ဇာတ်ဆောင် နံနံပင်ဟာ တပိဿာ သုံးသောင်း ဈေးနှုန်းသို့ ရောက်ရှိနေပြီး ကြက်သား၊ ဝက်သားတွေထက် ဈေးနှုန်းကြီးမြင့်သွားပြီလို့ သိရပါတယ်။ လက်ရှိအချိန်မှာ ကြက်သား တပိဿာ ၁၂၀၀၀၊ ဝက်သား တပိဿာ ၁၃၀၀၀ ဝန်းကျင်ခန့် ရှိနေပေမယ့် နံနံပင်ဈေးကတော့ မိုးထိအောင် တက်နေတာပဲ ဖြစ်ပါတယ်။

နံနံပင်ဟာ မြန်မာနိုင်ငံရဲ့ မိုးများတဲ့ ဒေသအချို့က လွဲလို့ နိုင်ငံအနှံ့အပြားမှာ ပေါက်ရောက်လေ့ ရှိပါတယ်။ ရှမ်းပြည်နယ်မှာတော့ စီးပွားဖြစ် အများအပြား စိုက်ပျိုးပြီး တနိုင်ငံလုံးကို တင်ပို့ ရောင်းချနေတာပဲ ဖြစ်ပါတယ်။ ယခုလို ဈေးနှုန်း ရုတ်တရက် မြင့်တက်သွားတာကတော့ စိုက်ပျိုးထုတ်လုပ်မှုတွေ ရပ်တန့်သွားတာကြောင့် ဖြစ်နိုင်တယ်လို့ ဈေးကွက် ကျွမ်းကျင်သူများက သုံးသပ်နေကြပါတယ်။

စက်သုံးဆီ ဈေးနှုန်း မြင့်တက်ခြင်း၊ လုပ်သားအင်အား ရှားပါးခြင်းနဲ့ နယ်မြေ တည်ငြိမ် အေးချမ်းမှု မရှိခြင်းတို့ကြောင့် စိုက်ပျိုးမှုတွေ ကြန့်ကြာနေတာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

အိမ်ရှင်မတွေ အနေနဲ့ ယခင်က ဈေးထဲမှာ နံနံပင်ကို နှစ်ရာဖိုးခန့် ဝယ်ယူလေ့ ရှိပေမယ့်လည်း လက်ရှိအချိန်မှာ ငါးရာဖိုးဝယ်ယူမှ ၂ ပင် ကနေ ၃ ပင် အထိသာ ရရှိနိုင်တော့တယ်လို့ လူမှုကွန်ရက်မှာ ရေးသားမှုတွေ ရှိနေပါတယ်။

ဈေးကြီးလွန်းတဲ့ နံနံပင်ကို ဝယ်မစားတော့ဘဲ ကိုယ်တိုင် စိုက်ပျိုးနိုင်တဲ့ နည်းလမ်းတွေကိုလည်း လူအများအပြားက ဝေမျှနေကြတာ ဖြစ်ပါတယ်။ မြန်မာကျပ်ငွေ တန်ဖိုး လျော့ကျခြင်း၊ အလုပ်အကိုင် ရှားပါးခြင်းနဲ့ ဝင်ငွေ လျော့နည်းလာမှုတို့ကြောင့် ပြည်သူများ အနေနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို အပြင်းအထန် ခံနေရတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page