အမေရိကန်နိုင်ငံရဲ့ ကောင်းကင်ယံမှာ ဝဲပျံနေတဲ့ ထူးခြားတဲ့ မိုးပျံပူဖောင်းတခု

အမေရိကန်နိုင်ငံ မွန်တာနာမြို့ရဲ့ ကောင်းကင်ယံမှာ ရက်အတန်ကြာ ဝဲနေတဲ့ သံသယဖြစ်ဖွယ် ထူးဆန်းတဲ့ မိုးပျံပူဖောင်းကို အမေရိကန်အာဏာပိုင်တွေက မျက်ခြေမပြတ် စောင့်ကြည့်နေပါတယ်။

တရုတ်နိုင်ငံရဲ့ စုံစမ်းထောက်လှမ်းရေး ယာဉ်လို့ သံသယဖြစ်ဖွယ်ရှိတယ်ဆိုတဲ့ အဲဒီမိုးပျံပူဖောင်းကို မြေပြင်ကပြည်သူတွေ ထိခိုက်နိုင်မယ့်အရေးကြောင့် ပစ်မချဖို့ ပင်တဂွန်က ဆုံးဖြတ်ထားတယ်လို့ ပင်တဂွန်တာဝန်ရှိသူတစ်ယောက်က ကြာသပတေးနေ့မှာ ပြောပါတယ်။

ဒီမိုးပျံပူဖောင်းဟာ အမေရိကန်နဲ့တရုတ်နိုင်ငံတို့ ဆက်ဆံရေး မပြေလည်မှုတွေ တိုးလာချိန်မှာ ပေါ်ပေါက် လာတာလည်းဖြစ်ပါတယ်။ သံသယဖြစ်ဖွယ် အဲဒီမိုးပျံပူဖောင်းနဲ့ ပတ်သက်ပြီး ပင်တဂွန်က အကြီးတန်းအရာရှိက သတင်းထောက်တွေကို ပြောကြားရာမှာ အဲဒီအရာ၀တ္ထုဟာ အကဲဆတ်တဲ့ နယ်မြေဒေသတွေပေါ်မှာ ပျံဝဲရင်း သတင်းအချက်အလက်တွေ စုဆောင်းနေတဲ့ တရုတ်ထောက်လှမ်းရေး မိုးပျံပူဖောင်းဖြစ်တယ်လို့ အမေရိကန် အနေနဲ့ ယုံကြည်ယူဆထားကြောင်း ပြောပါတယ်။

ဒီမိုးပျံပူဖောင်းကို တွေ့ရှိရတဲ့နေရာတွေထဲက တစ်နေရာ ကတော့ အမေရိကန်ရဲ့ နျူကလီးယား ဒုံးပျံအခြေစိုက်စခန်း ၃ ခုရှိရာ မွန်တားနားမြို့ဖြစ်တယ်လို့လည်း အဲဒီအကြီးတန်းအရာရှိက ပြောပါတယ်။

အကဲဆတ်တဲ့ အခုကိစ္စရပ်နဲ့ ပတ်သက်ပြီး တရုတ်အာဏာပိုင် တွေကို ဆက်သွယ်ရေးလမ်းကြောင်းများစွာကနေ ထိတွေ့ဆက်သွယ်နေတယ်လို့လည်း ပင်တဂွန်ဘက်က ပြောပါတယ်။

တကယ်လို့ အိမ်ဖြူတော်ကနေ အမိန့်ပေးလာရင်တော့ အဲဒီမိုးပျံပူဖောင်းကို ပစ်ချဖို့ အက်ဖ်(၂၂) ဂျက်တိုက်လေယာဉ် တွေကို အသင့်ပြင်ထားကြောင်းလည်း ပင်တဂွန်စစ်ဌာနချုပ်က အကြီးတန်းကာကွယ်ရေး အရာရှိကပြောပါတယ်။

မွန်တားနားမြို့ခံတွေကတော့ ဗုဒ္ဓဟူးနေ့က မွန်တားနား နိုင်ငံတကာလေဆိပ်ကို ပိတ်လိုက်တဲ့အချိန် ကောင်းကင်ယံမှာ ထူးခြားတဲ့ အရာ၀တ္ထုတစ်ခုကို တွေ့မြင်ခဲ့ရကြောင်း သတင်းပို့ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ကောင်းကင်ယံမှာ ထူးခြားတဲ့ မိုးပျံပူဖောင်းကို မျက်ခြေမပြတ် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page